သခင်ခေါ်ချိန်မှာ လှမ်းထွက်ခဲ့ပါ


ညီအစ်ကို၊ မောင်နှမအားလုံးမင်္ဂလာပါ။

ဒီကနေ့ဆင်ခြင်နှလုံးသွင်းကြမည့်တရားဒေသနာကိုတော့ သခင်ခေါ်ချိန်မှာ လှမ်းထွက်ခဲ့ပါ လို့
အမည်ပေးထားပါတယ်။ ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး (၁၁)ကိုလေ့လာကြည့်တဲ့အခါ
ဗေသနိရွာသား လာဇရုသေတဲ့အကြောင်းကိုတွေ့ရမှာဖြစ်ပါတယ်။
အဲဒီမှာ လာဇရုမကျန်းမမာဖြစ်နေတဲ့အကြောင်းကို မာသက
သခင်ယေရှုဆီလူလွှတ်ပြီး အကြောင်းကြားတဲ့အခါ
သခင်ယေရှုက ဒီအရာဟာ သေစေနိုင်လောက်တဲ့အနာရောဂါမဟုတ်၊ ဘုရားသခင်ရဲ့ဘုန်းကိုထင်ရှားစေမယ့်
အနာရောဂါသာဖြစ်တယ်လို့ အဖြေပေးပါတယ်။ အဲ..... ဒါပေမယ့် လာဇရုဟာ အဲဒီရောဂါနဲ့ပဲ သေသွားတာကို
ကျမ်းစာမှာတွေ့ရမှာဖြစ်ပါတယ်။ ဒါဖြင့်ရင် သခင်ယေရှုက မုသာပြောတာလား။ သခင်ယေရှုပြောတော့
ဒီအရာဟာ သေစေလောက်တဲ့ အရာမဟုတ်ဘူးဆို အခုဘယ်လိုလုပ်ပြီး သေသွားရတာလဲ။
တကယ်တော့ သေလောက်တဲ့အနာရောဂါပဲဖြစ်နေပါစေ သခင်ယေရှုအတွက်တော့ ဘုရားသခင်ရဲ့ဘုန်းတော်၊
သူ့ရဲ့ဘုန်းတော်ထင်ရှားစေမယ့်အရာသာဖြစ်ပါတယ်။ ကျနော်တို့လူသားတွေအကြောက်ဆုံးဖြစ်တဲ့သေဘေးကိုတောင် သူက လုံးဝခေါင်းထဲမထည့်သလို
( တစ်နည်းအားဖြင့် ) ဂရုကိုမစိုက်ပါဘူး။ အဲဒီလိုနဲ့ လာဇရုသေသွားတဲ့အခါမှ
သခင်ယေရှုဟာ ဗေသနိရွာကိုရောက်သွားပါတယ်။
ရွာကိုရောက်တာနဲ့ မာသက သခင်၊ ကိုယ်တော်သာရှိရင် ကျမမောင် မသေဘူးလို့လျှောက်ဆိုတာကို သခင်ယေရှုက သင့်ရဲ့မောင်ဟာ ထမြောက်လိမ့်မယ်လို့ ပြန်ဖြေပါတယ်။ ယော ၁၁း ၂၃
အပိုဒ်ငယ် ၂၄ မှာကြည့်တဲ့အခါ မာသက နောက်ဆုံးသောနေ့ဆိုတဲ့ ထမြောက်ရာကာလမှာ
သူဟာ
ထမြောက်မယ်ဆိုတာ ကျမသိပါတယ်လို့ ပြန်လျှောက်တဲ့အခါ
သခင်ယေရှုက ငါသည်ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏၊။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်လို့ မာသကိုပြန်ဖြေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီအချက်က ဘာကိုပြောနေတာလဲဆိုတော့ ကျနော်တို့က တစ်စုံတခုကိုဘုရားသခင်ဆီကမျှော်လင့်တဲ့အခါ မရေမရာနဲ့ နောင်လာမယ့်တစ်နေ့နေ့မှာဖြစ်လာမယ်လို့ မျှော်လင့်တတ်ပါတယ်။ ဘုရားသခင်ဘက်ကအဖြေကတော့ အဲဒီလိုမဟုတ်ဘဲ အခုလက်ငင်းကိုအဖြေပေးခြင်း
ဖြစ်ပါတယ်။ အဲဒီအဖြေကို မျက်မှောက်ဘ၀ထဲကို ရောက်လာဖို့က ကျနော်တို့ရဲ့ယုံကြည်ခြင်းနဲ့ဆွဲယူရတာပါ။
သခင်ယေရှုက လာဇရုရဲ့သချိုင်္င်းတွင်းကို ရောက်တဲ့အခါ သချိုင်္င်းမြေတွင်းကို ဖုံးဖိထားတဲ့ ကျောက်တုံးကို
ဖယ်ခိုင်းတဲ့အခါ မာသက -
ကိုယ်တော် လာဇရုသေတာ အခုဆို (၄)ရက်ရှိနေပါပြီ ၊ အခုနေကျောက်တုံးကို

ဖယ်လိုက်ရင်နံပါလိမ့်မယ်လို့ လျှောက်ပါတယ်။ ယော ၁၁း ၃၈- ၃၉
ဒါက ဘာကိုဆိုလိုနေတာလဲဆိုတော့ ကျနော်တို့လူသားတွေဟာ မြေမှုန့်ကနေဖန်ဆင်းခြင်းခံထားရတဲ့
မြေသားခန္ဓာကိုယ်တွေဖြစ်ပါတယ်။ အဲဒီမြေသားကိုယ်ကြီးရဲ့ ဆိုးညစ်မိုက်မဲမှုတွေကို ကျောက်ဆိုတဲ့
ပညတ်တရား/ အကျင့်တရားနဲ့ ဖုံးအုပ်ကွယ်ကာထားပေမယ့် အတွင်းမှာတော့ အပုပ်နံ့ကနံ့နေပါတယ်။
အဲဒီလို အပုပ်နံ့ထွက်နေတာကို ဘုရားသခင်မပြောနဲ့ လူလူချင်းတောင်သိတယ်ဆိုတာကို ဒီကျမ်းချက်က
ဖော်ပြနေတာဖြစ်ပါတယ်။ အဲဒီလိုအခြေအနေမျိုးကို သခင်ယေရှုက မသိဘဲဘယ်နေပါ့မလဲ။
သိသိကြီးနဲ့ကို အကျင့်တရားကိုပုံဆောင်တဲ့ကျောက်ကို ဖယ်ခိုင်းပြီး လာဇရုထွက်၍လာလော့လို့
ကြီးစွာသောအသံနဲ့ခေါ်လိုက်ပါတယ်။ ဒီနေရာမှာ ကြီးစွာသောအသံနဲ့ဘာကြောင့်ခေါ်ရတယ်လို့
မိတ်ဆွေထင်ပါသလဲ။ ကျနော်တို့လူရဲ့အကျင့်စရိုက်က ဘုရားသခင်ရဲ့ကောင်းရာကောင်းကြောင်းအသံတော်ကို
ကြားဖို့ဆိုရင် နားလေးနေတတ်ပါတယ်။ အဲဒီအတွက်ကြောင့် သခင်ယေရှုက ကြီးစွာသောအသံနဲ့ခေါ်ရခြင်း
ဖြစ်ပါတယ်။ ရှင်ယောဟန် ၁၁း ၄၁၊ ၁၁း၄၃
သခင်ယေရှုရဲ့ခေါ်သံအဆုံးမှာ ခြေ၊ လက်၊ မျက်နှာတစ်ကိုယ်လုံးကို အ၀တ်နဲ့ပတ်စည်းခြင်းခံထားရတဲ့ လာဇရုဟာ အတောင့်သားကြီးထွက်လာပါတယ်။ အဲဒီအခါ ယေရှုက လာဇရုရဲ့ကိုယ်ပေါ်က ချည်နှောင်ပတ်ရစ်
ထားတဲ့အရာတွေအားလုံးကို ဖြည်လွှတ်ခိုင်းလိုက်ပါတယ်။ ရှင်ယောဟန် ၁၁း ၄၄
ကျနော်တို့အားလုံးဟာ အကျင့်တရား/ ပညတ်တရားရဲ့အောက်မှာ နေထိုင်မယ်ဆိုရင် လာဇရုကဲ့သို့ မလူးသာမလွန့်သာအောင် ပညတ်တရားရဲ့ချည်နှောင်ခြင်းကိုခံနေရသူတွေဖြစ်ပါတယ်။
အဲဒီလို ပညတ်တရားအောက်မှာ နေထိုင်တာတောင်မှ ကျနော်တို့ရဲ့ အသက်တာက အပုပ်နံ့ထွက်နေတယ်။
ဝိညာဉ်သေနေပါတယ်။ ၁ကော ၁၅း ၅၆ ၊ ၂ကော ၃း၇
အဲဒီလို (၁) သေနေတဲ့ (၂) အပုပ်နံ့လှိုင်နေတဲ့ (၃) ချည်နှောင်ခြင်းခံနေရတဲ့ ကျနော်တို့ရဲ့အသက်တာအတွက်
တစ်ချက်ခုတ်၊ သုံးချက်ပြတ်နည်းလမ်း/ အဖြေက သခင်ယေရှုရဲ့ခေါ်သံနောက်ကို လှမ်းထွက်ခဲ့လိုက်ဖို့ပါပဲ။
ကျနော့်ညီအစ်ကို၊ မောင်နှမတွေကို ခွန်အားပေးချင်တယ်။ မိမိရဲ့အသက်တာမှာ လူတကာက အပုပ်ချခြင်းကို
ခံနေရပါသလား၊ ချည်နှောင်ခြင်းကိုခံနေရပါသလား၊ သခင့်ရဲ့ခေါ်သံနောက်ကို လှမ်းထွက်ခဲ့လိုက်ပါ။
သမ္မာတရားရဲ့အရှင်ဖြစ်တဲ့ ယေရှုက မိတ်ဆွေရဲ့အသက်တာကို အလုံးစုံသောတုပ်နှောင်ခြင်းတွေကနေ
ဖြည်လွှတ်ပေးပါလိမ့်မယ်။ ရှင်ယောဟန် ၈း ၃၂
ဒီတရားဒေသနာအားဖြင့် ညီအစ်ကို၊ မောင်နှမတွေအားလုံးကို ဘုရားသခင်စကားပြောပါစေ။
အားလုံးကို ဘုရားသခင်ကောင်းကြီးပေးပါစေ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites