အခန်း (၁) ယောဘ၀တ္ထု …… ဘာ့ကြောင့်ပါ
သမ္မာကျမ်းစာရဲ့ ကျမ်းစောင် (၆၆)စောင်အနက် ထည့်သွင်းဖော်ပြထားတဲ့
ဝတ္ထု (၄)ပုဒ်ထဲမှာ ယောဘ၀တ္ထုဟာ အခန်း(၄၂)ခန်းနဲ့ အရှည်ဆုံးဖြစ်ပါတယ်။
ဒီလောက်ရှည်လျားပြီး ပျင်းရိငြီးငွေ့စရာကောင်းတဲ့ ၀တ္ထုတစ်ပုဒ်ကို ဘုရားသခင်ရဲ့
မြင့်မြတ်သန့်ရှင်းလှတဲ့ကျမ်းစာတော်မြတ်မှာ ထည့်သွင်းဖော်ပြထားတာဟာ ကျနော်တို့တွေ နားလည်လက်ခံထားကြတဲ့ ယောဘရဲ့သစ္စာရှိခြင်းနဲ့ သည်းခံခြင်းကိုပဲ
မှတ်တမ်းတင်ဂုဏ်ပြုရုံလောက်တော့ မဟုတ်ပါဘူး။ ကျနော်တို့ယုံကြည်သူတွေက
ယောဘ၀တ္ထုကနေ လူသားတစ်ယောက်ဘက်က သင်ခန်းစာတချို့ကို ကိုယ့်ဉာဏ် ပညာနဲ့ ရှာဖွေယူငင်လာခဲ့ကြ၊ ဝေငှဟောပြောခဲ့ကြ၊ ခွန်အားယူခဲ့ကြတာ အတော့်ကို ကြာခဲ့ကြပါပြီ။
ကျနော်တို့တွေရဲ့ဉာဏ်ပညာနဲ့လိုက်မမီတဲ့ အပိုင်းတစ်ခုကို ဘုရားသခင်က
ဒီဝတ္ထုအားဖြင့် ကျနော်တို့ကိုပေးချင်တာကြောင့် သမ္မာကျမ်းစာမှာ ထည့်သွင်းဖို့ကြံစည်
ပြဋ္ဌာန်းတော်မူထားခြင်းဖြစ်ပါတယ်။ အဲဒီအပိုင်းက ဘာအပိုင်းလဲဆိုတာ ကျနော်တို့တွေ
မျက်စိဖွင့်၊ နားစွင့်ပြီး လေ့လာကြည့်ကြရအောင်ဗျာ။
သုတ္တံ ၁၄း ၁၂- ၁၃ မှာ “ လူထင်သည်အတိုင်းမှန်သောလက္ခဏာရှိသော်လည်း
အဆုံး၌ သေခြင်းသို့ပို့သောလမ်းတမျိုးရှိ၏။ - လူသည်ရယ်သောအခါပင် ၀မ်းနည်းသော
စိတ်သဘောရှိ၏။ ထိုရယ်မောရွှင်လန်းခြင်းအဆုံး၌လည်း !ှိုးငယ်ခြင်းရှိတတ်၏ ”….. လို့
ဖော်ပြထားတာကို လေးလေးနက်နက်ဆင်ခြင်နှလုံးသွင်းကြည့်ရင် တစ်ခါတရံမှာ
ကျနော်တို့ရဲ့ နားလည်လက်ခံမှုတွေမှာ ချွတ်ချော်လိုအပ်မှုတွေရှိတတ်တယ်ဆိုတာ နားလည်ရမှာဖြစ်ပါတယ်။
ယောဘ၀တ္ထု အခန်းကြီး(၁)ကို ဖတ်ကြည့်လိုက်တာနဲ့ ယောဘရဲ့ ချမ်းသာကြွယ်ဝမှု၊ စုံလင်ဖြောင့်မတ်မှု၊ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေမှုနဲ့ မကောင်းသောအမှုကိုရှောင်ကြဉ်မှုတွေကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ယောဘရဲ့သား(၇)ယောက်နဲ့ သမီး(၃)ယောက်အကြောင်းကို
ဆက်ပြီးဖော်ပြထားပြီးတော့ အဲဒီသား(၇)ယောက်ဟာ သူတို့ရဲ့မွေးနေ့ကိုရောက်တဲ့အခါ
သူတို့ရဲ့နှမ(၃)ယောက်ကိုခေါ်ပြီး ပွဲလုပ်စားသောက်လေ့ရှိတာကို ဖော်ပြထားပါတယ်။ သူတို့တွေအဲဒီပွဲကိုလုပ်ပြီးတဲ့အခါ ဖခင်ဖြစ်တဲ့ယောဘက နောက်နေ့နံနက်ရောက်တာနဲ့
သား(၇)ယောက်၊ သမီး(၃)ယောက်လုံးကိုခေါ်ပြီး သားသမီးအရေအတွက်အတိုင်း
မီးရှို့ရာယဇ်ကို ပူဇော်လေ့ရှိပါတယ်။
အဲဒီမီးရှို့ရာယဇ်ကို ယောဘပူဇော်ရတဲ့ရည်ရွယ်ချက်က သူ့ရဲ့သားသမီးတွေ ဘုရားသခင်ကို စွန့်ပယ်ကြမှာစိုးရိမ်တာကြောင့် ဖြစ်တယ်ဆိုတာ အခန်ကြီး(၁)၊ အငယ်(၅)မှာတွေ့ရမှာပါ။
အဲဒီအချက်ကတော့ ယောဘအနေနဲ့ သားသမီးတွေအတွက်
ရတက်မအေးဘဲ သောကပွေရပုံကိုဖော်ပြတဲ့အပြင် သားရေးသမီးရေးအတွက် ဘုရားသခင်ကို စိတ်ချလက်ချပုံအပ်ပြီးမယုံကြည်နိုင်တာကို လှစ်ဟပြလိုက်သလိုပါပဲ။
“ ထာဝရဘုရား၏ပြဋ္ဌာန်းတော်မူခြင်းသည် ကာလအနန္တနှင့်ဆိုင်၍ စိတ်နှလုံးတော်၏
အကြံအစည်တို့သည် သားစဉ်မြေးဆက်အဆုံးတိုင်အောင် တည်ကြလိမ့်မည်။ ”
ဆာလံ ၃၃း၁၁
တကယ်ဆိုရင် မိမိဟာဘုရားသခင်ကို ယုံကြည်ကိုးစားသူတစ်ယောက်အနေနဲ့
ဘုရားကိုစိတ်ချလက်ချပုံအပ်ကိုးစားနိုင်ပါလျက်နဲ့ ယောဘဘက်က စိုးရိမ်သံသယ
ဖြစ်နေတာဟာ တကယ့်ကိုမဖြစ်သင့်တဲ့ကိစ္စပါ။ သမ္မာကျမ်းစာမှာတော့….
“ ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်သောသူသည် ဘုရားသခင်ရှိတော်မူသည်ကို၎င်း၊ ကိုယ်တော်ကိုရှာသောသူအားအကျိုးပေးတော်မူသည်ကို၎င်း ယုံကြည်ရမည်။ ” လို့
ဟေဗြဲ ၁၁း ၆ မှာဖော်ပြထားပါတယ်။
ဘုရားသခင်နဲ့မိတ်ဿဟာယဖွဲ့ဆက်ဆံတဲ့အခါမှာ ကျနော်တို့ဆီမှာ အဓိကရှိရမည့်အရာက စုံလင်ဖြောင့်မတ်မှု၊ ကြောက်ရွံ့ရိုသေမှု၊ မကောင်းသောအမှုကို
ရှောင်ကြဉ်မှုတွေထက်ပိုပြီး အရေးကြီးတဲ့အရာက “ ယုံကြည်ခြင်း ” ဖြစ်ပါတယ်။
ယောဘမှာက အထက်မှာဖော်ပြခဲ့တဲ့အရာတွေရှိနေပေမယ့် ဘုရားသခင်ကိုယုံကြည်ခြင်း
မရှိတာကတော့ တကယ့်ကိုစိတ်မကောင်းစရာပါပဲ။ ကျနော်တို့ရဲ့အသက်တာမှာ ဘုရားကို
ကြောက်ရွံ့ရိုသေတာ၊ စုံလင်ဖြောင့်မတ်တာ၊ မကောင်းမှုကိုရှောင်ကြဉ်တာ အဲဒီအရာတွေ
အကုန်လုံးကောင်းပါတယ်။ ဒါပေမယ့် အဲဒီအရာတွေထက်ပိုအရေးကြီးတာက နေရာတိုင်းမှာ ဘုရားကိုပုံအပ်ပြီး ယုံကြည်နိုင်တဲ့ ယုံကြည်ခြင်းမျိုးရှိဖို့ပါ။ ကျနော်တို့ရဲ့အသက်တာမှာရှိနေတဲ့ အိမ်ထောင်ရေး၊ လူမှုရေး၊ သားသမီးရေး၊ ကျန်းမာရေး၊ စီးပွားရေးအရာရာတိုင်းမှာ ဘုရားသခင်ကို ပုံအပ်ပြီးယုံကြည်နိုင်ဖို့က ပိုပြီးလိုအပ်သလို အက္ခရာလည်းကျပါတယ်။
ဟေဗြဲ ၁၀း ၃၈ မှာတော့ “ ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။ သို့သော်လည်း ရွေ့လျော့လျှင် ငါ့စိတ်ဝိညာဉ်သည် ထိုသူကို အားရနှစ်သက်ခြင်းမရှိဟုဘုရားသခင်အမိန့်တော်ရှိ၏။ ” လို့ဆိုထားပါတယ်။
ဘုရားသခင်ကိုအားရနှစ်သက်စေတဲ့အရာက သူ့ကိုကြောက်ရွံတာ၊ စုံလင်ဖြောင့်မတ်တာ၊
မကောင်းမှုကိုကြဉ်ရှောင်တာတွေမဟုတ်ပါဘူး။ ယုံကြည်သူတစ်ယောက်ရဲ့အသက်တာမှာ ဘုရားသခင်ရဲ့စိတ်တော်နဲ့တွေ့စေမယ့်အရာက ယုံကြည်ခြင်းဖြစ်ပါတယ်။ ကျနော်တို့ရဲ့ အသက်တာတစ်ခုလုံးမှာရှိတဲ့ကဏ္ဍတိုင်းမှာ ဘုရားသခင်ကို ယုံကြည်ကိုးစားဖို့
ဘုရားသခင်က အလိုတော်ရှိပါတယ်။
ဒီဝတ္ထုကို သမ္မာကျမ်းစာမှာ ထည့်သွင်းဖော်ပြထားတဲ့ဘုရားသခင်ရဲ့အကြံအစည်
တော်က ကျနော်တို့လူ့ဘက်က တွေးတောဆင်ခြင်မိတဲ့ သင်ခန်းစာတွေလောက်ပဲ မဟုတ်ပါဘူး။ ကျနော်တို့ယုံကြည်သူတွေက ယောဘဆီကပဲ သင်ခန်းစာယူကြ၊ နှလုံးသွင်းဆင်ခြင်ကြပါတယ်။ ဘာကြောင့်များ ဘုရားသခင်ဆီကနေ သင်ခန်းစာ မယူကြတာပါလဲ။ ယောဘ၀တ္ထုကိုထည့်သွင်းဖော်ပြရတဲ့ ဘုရားသခင်ရဲ့
အကြံအစည်တော်က သူ့ရဲ့ကျေးဇူးတော်နဲ့ သက်သေ(အာမခံ)ရဲ့အရေးပါမှုကိုသွန်သင်
ချင်လို့ဖြစ်ပါတယ်။ ယောဘ၀တ္ထု ၉း ၁၉မှာ ယောဘက … “ အဘယ်သူသည် ငါ့ဘက်၌
သက်သေခံမည်နည်း ”လို့ ညီးတွားထားတာကိုတွေ့ရပါတယ်။
အမှုတစ်ခုဖြစ်လာတဲ့အခါ မိမိဘက်က သက်သေခံထွက်ဆိုပေးမည့်သူရှိဖို့
အရမ်းကိုအရေးကြီးပါတယ်။ ဒီကနေ့ ကျနော်တို့အတွက် ခရစ်တော်က ခမည်းတော်
ဘုရားသခင်ရဲ့လက်ယာဘက်မှာ ကျနော်တို့အတွက် သက်သေအဖြစ် ထွက်ဆိုပေးနေ သလို ပဋ္ဋိညာဉ်တရားသစ်ရဲ့အာမခံအဖြစ်လည်း ရပ်တည်ပေးနေပါတယ်။ (ဟေဗြဲ ၉း ၁၅)
ကျနော်တို့ရဲ့အမှုရောက်စဉ်ကာလမှာ ခရစ်တော်က စောင့်ရှောက်တယ်၊ ကယ်တင်တယ်ဆိုတာကို
ဟေဗြဲ ၇း ၂၅ မှာလည်း ဖော်ပြထားတာကိုတွေ့ရလို့ တကယ့်ကိုကျေးဇူးတော်ပါပဲ။ ကျနော်တို့တွေသည် ယောဘကဲ့သို့ အမှုရောက်စဉ်ကာလမှာ သက်သေထွက်ပေးမယ့်သူမရှိသောသူတွေမဟုတ်ပါဘူး။
ဟာလေလုယ။
ဒီအကြောင်းအရာကို နားလည်စေချင်လို့ ယောဘ၀တ္ထုကို ဘုရားသခင်က
သမ္မာကျမ်းစာမှာ ထည့်သွင်းဖော်ပြဖို့ ကြံစည်တော်မူခြင်းဖြစ်ပါတယ်။ ယောဘရဲ့
သစ္စာတရားနဲ့ တည်ကြည်ခြင်းကိုဖော်ပြဖို့လောက်နဲ့တော့ ဘုရားသခင်က အခုလိုကြံစည်
တော်မူခြင်းမဟုတ်တာ သေချာပါတယ်။
နောက်ထပ်တစ်ချက်က… သမ္မာကျမ်းစာထဲမှာ ဆာလံ၊ သုတ္တံ၊ ဒေသနာ၊ ရှောလမုန်နဲ့ ယောဘ၀တ္ထုတို့ဟာ ပညာကျမ်း(၅)စောင်အဖြစ်သတ်မှတ်ခံထားရတဲ့ကျမ်းစာ တွေဖြစ်ပါတယ်။
ဒီပညာကျမ်းတွေထဲမှာ ယောဘ၀တ္ထုကိုထည့်သွင်းထားခြင်းဟာ
လူ့ဉာဏ်ပညာနဲ့လိုက်လို့မမီနိုင်တဲ့ ဘုရားသခင်ရဲ့ဉာဏ်ပညာတော်နဲ့ ချစ်ခြင်းမေတ္တာတော်
အကြောင်းကို ကျနော်တို့ကို ပညာပေးချင်လို့ဖြစ်ပါတယ်။
ယောဘ ၄၂း ၃ မှာ ယောဘက “ ပညာမရှိဘဲ အကြံအစည်တော်ကို မိုက်စေသောသူကား အဘယ်သူနည်း။ သို့ရာတွင် အကျွန်ုပ်သည် နားမလည်သောအရာတို့ကို၎င်း၊ ကိုယ်တိုင်မသိ၊ အံ့ဩ၍မကုန်နိုင်သောအရာတို့ကို၎င်း ပြောမိပါပြီ။ ”လို့ ဘုရားသခင်ကို
ဝန်ခံထားတာကိုတွေ့ရမှာဖြစ်ပါတယ်။
ယောဘ၀တ္ထုမှာ အခန်းကြီး(၄၂)ခန်းပါရှိသည့်အနက် အခန်းကြီး(၃)ကစပြီး (၃၁)အထိ
ယောဘနဲ့ သူ့ရဲ့မိတ်ဆွေ(၃)ဦးဖြစ်တဲ့ ဧလိဖတ်၊ ဗိလဒဒ် နဲ့ ဇောဖာတို့ဟာ ဘုရားသခင်ရဲ့
အကြောင်းကို ထိုင်ပြီးဆွေးနွေးတိုင်ပင်ကြသလို ပြဿနာရဲ့အခြေအမြစ်ကိုအချိန်ကုန်ခံပြီး
ခန့်မှန်းတာတွေလုပ်နေခဲ့ကြပါတယ်။ တကယ်တော့ သူတို့(၄)ဦးလုံးက အချိန်ကုန်ပြီး အကျိုးမရှိတာတွေကို
လုပ်နေတာဖြစ်ပါတယ်။ သူတို့(၄)ဦးစလုံးက အခန်းကြီး(၃၁)ကိုရောက်လာတဲ့အထိ အလဟဿအချိန်ကုန်ပြီး
လိုရင်းကိုမရောက်ဘဲ ကိုယ့်ဉာဏ်နဲ့မမီနိုင်တာကို ဆွေးနွေးနေကြတာကြောင့်
ဧလိဟု ဆိုတဲ့လူငယ်တစ်ယောက်ပေါ်လာပြီး သူတို့(၄)ဦးကို ကောင်းကောင်းထောက်ပြဝေဖန်ခဲ့တာကို
တွေ့ရမှာဖြစ်ပါတယ်။ ဘုရားသခင်က ကျနော်တို့ဉာဏ်နဲ့လိုက်မမီတဲ့ သူရဲ့မေတ္တာနဲ့သဘောသဘာဝကို
အချိန်ကုန်ခံပြီး လိုက်စစ်ဝေဖန်နေဖို့ အလိုတော်မရှိပါဘူး။
ဝန်ခံဖို့ကိုပဲ အလိုတော်ရှိပါတယ်။ ဒီအကြောင်းကိုသိစေချင်တာကြောင့် ဘုရားသခင်က
ဒီဝတ္ထုကိုပြင်ဆင်ထည့်သွင်းတော်မူထားခြင်း ဖြစ်ပါတယ်။