ကောရိ န္တု သြဝါဒစာပဌမစောင် ( ၁၃း ၄-၈ )

၎မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်း မရှိ၊ မာန်မာနမရှိ။ ၅လျောက်ပတ်စွာမကျင့်တတ်၊ ကိုယ်အကျိုးကို မရှာတတ်၊ ဒေါသအမျက်မထွက်တတ်၊ အပြစ်ရှိ သည်ဟု မထင်တတ်၊ ၆မတရားသောအမှု၌ ဝမ်းမြောက်ခြင်းမရှိတတ်၊ သမ္မာတရား၌ဝမ်းမြောက်တတ်၏။ ၇ခပ်သိမ်း သောအရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။ ခပ်သိမ်းသောအရာကို မြော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။ ၈မေတ္တာသည် ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏။ ပရောဖက် ဥာဏ်သော်၎င်း၊ အမျိုးမျိုးသောဘာသာစကားကို ပြောနိုင်သောအခွင့်သော်၎င်း၊ သိပ္ပံအတတ်သော်၎င်း၊ ကွယ်ပျောက်လိမ့်မည်။

ဆာလံကျမ်း ( ၉၈း ၁ )

၁ထာဝရဘုရားအား အသစ်သောသီချင်းကို ဆိုကြလော့၊၊ အံ့ဘွယ်သောအမှုတို့ကို ပြုတော်မူပြီ၊၊ လက်ျာလက်တော်နှင့် သန့်ရှင်းသောလက်ရုံးတော်သည် ကိုယ်တော်အဘို့ ကယ်တင်ခြင်းအမှုကို ပြုလေပြီ၊၊

ရှင်လုကာခရစ်ဝင် ( ၅း ၄ )

စကားတော်ပြတ်သောအခါ၊ ရေနက်ရာအရပ်သို့ ရွှေ့ဦးလော့။ ပိုက်ကွန်ကိုချ၍ ငါးကိုအုပ်စမ်း လော့ဟု ရှိမုန်အား မိန့်တော်မူ၏။

ယေရမိအနာဂတ္တိကျမ်း ( ၂၀း ၇ )

၇အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို သွေးဆောင်တော်မူသည်အတိုင်း၊ အကျွန်ုပ် လိုက်ပါပြီ။ ကိုယ်တော်သည် အကျွန်ုပ်ထက်အားကြီး၍ နိုင်တော်မူပြီ။

ဧဖက်သြ၀ါဒစာ ( ၄း ၂၆-၂၇ )

၂၆အမျက်ထွက်ရာတွင် အပြစ်မရှိ စေနှင့်။ ၂၇အမျက် မပြေဘဲ နေမဝင်စေနှင့်။ မာရ်နတ်ကို အခွင့်မပေးကြနှင့်။

သင်ဘာကိုကြားနာနေပါသလဲ ( အပိုင်း ၂ )

(၂) ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသတင်းကိုကြားပြောစေခြင်းငှာ ငါ့ကိုဘိသိက်ပေးတော်မူပြီ။

ဧဝံဂေလိသတင်းစကားဆိုတာ ကြားနာရသူအတွက် အခုဘဝ၊ နောင်ဘဝမုချအကျိုးပေးတဲ့သတင်းကောင်း ဖြစ်ပါတယ်။ တကယ်တော့ ကျနော်တို့နားထဲမှာ ပြည့်လျှံနေအောင်ကြားနေရတဲ့ … … …                         “ မိတ်ဆွေ … ဒီနေ့သေသွားခဲ့ရင် ခင်ဗျားရဲ့ဝိညာဉ်ဟာ ဘယ်ကိုရောက်မယ်လို့ထင်ပါသလဲ ” လို့ စကားပလ္လင်ခံပြီးတာနဲ့ “ သခင်ယေရှုဟာ အပြစ်သားအားလုံးအတွက်လောကကိုကြွဆင်းလာခဲ့တယ်။ ကျနော်တို့ရဲ့အပြစ်အတွက် သူဟာ လက်ဝါးကပ်တိုင်ပေါ်မှာ ရိုက်နှက်သတ်ဖြတ်ခြင်းကိုခံပြီးမှ (၃)ရက်မြောက်တဲ့နေ့မှာ သေခြင်းမစ္စုမာန်ကိုအောင်မြင်ပြီး ရှင်ပြန်ထမြောက်ခဲ့တယ်။ သူ့ကို မိမိဘဝရဲ့ ကယ်တင်ရှင်အဖြစ်လက်ခံယုံကြည်မယ်ဆိုရင် မိတ်ဆွေဟာ အသက်စာစောင်မှာစာရင်းဝင်ပြီး ထာဝရအသက်ကို ရရှိမယ်။ ’’ ဆိုတဲ့သတင်းစကားထဲကလောက်ပဲဆိုရင် အဲဒီဧဝံဂေလိသတင်းစကားကို ကျနော်ကတော့ Half Gospel ( ပါချည်ပါချဲ့သတင်းစကား ) လို့ပဲ သတ်မှတ်ချင်ပါတယ်။ ဧဝံဂေလိသတင်း စကားရဲ့ဂုဏ်ပုဒ်တွေကို ကျမ်းစာကဘယ်လိုဖော်ပြထားသလဲလို့ လေ့လာကြည့်ကြရအောင်လားဗျာ။ 

ထိုကယ်တင်ခြင်းအကြောင်းအရာကို ပရောဖက်တို့သည် စေ့စေ့စစ်ကြောမေးမြန်းရှာဖွေ၍၊ သင်တို့ခံရ သောကျေးဇူးတော်အကြောင်းကို ဟောပြောကြပြီ။ ခရစ်တော်ခံတော်မူရသော ဆင်းရဲကို၎င်း၊ ဆင်းရဲခံပြီးမှ ဝင်စားတော်မူရသောဘုန်းစည်းစိမ်ကို၎င်း၊ သူတို့အထဲ၌ရှိသော ခရစ်တော်၏ဝိညာဉ်သည်သက်သေခံနှင့်  သောအခါ၊ အဘယ်မည်သောသူကို၎င်း၊ အဘယ်သို့သောအချိန်ကာလကို၎င်း ဆိုလိုတော်မူ သည်ဟု မေးမြန်ရှာဖွေကြ၏။ ကိုယ်ဟောပြောပြုစုသော အရာများတို့သည်၊ ကိုယ်အဘို့မဟုတ်၊ သင်တို့ အဘို့ဖြစ်သည်ဟု ထိုသူတို့အား ဖွင့်ပြတော်မူ၏။ ကောင်းကင်ဘုံမှစေလွှတ်တော်မူသော သန့်ရှင်းသော ဝိညာဉ်တော်ပါလျက်၊ သင်တို့အားဧဝံဂေလိ တရားကို ဟောပြောသူတို့သည်၊ ထိုအရာများကို သင်တို့အား ယခုကြားပြောကြပြီ၊ ထိုအရာတို့ကို ကောင်းကင်တမန် တို့သည် စေ့စေ့ကြည့်ရှုစဉ်းစားချင်သော စေတနာ စိတ်ရှိကြ၏။      ရှင်ပေတရုသြဝါဒစာပထမစောင် ၁း ၁ဝ- ၁၂
သင်တို့ရှိရာသို့ ငါရောက်သောအခါ ခရစ်တော်၏ ဧဝံဂေလိတရား၌ ပါသောကောင်းကြီးမင်္ဂလာပြည့်စုံခြင်းနှင့် ရောက်လာမည်ကိုငါသိ၏။ ရောမ ၁၅း ၂၉  

 ဆင်းရဲနွမ်းပါးသူတွေအတွက် ဝမ်းမြောက်စရာသတင်းက ဘယ်လိုသတင်းမျိုးဖြစ်မယ်လို့မိတ်ဆွေ ထင်ပါသလဲ။ ထာဝရကောင်းကြီးမင်္ဂလာတွေ၊ အာဗြဟံရဲ့ကောင်းကြီးကိုအမွေခံရတယ်ဆိုတာတွေ၊ မနက်ဖြန်အတွက်စိုးရိမ်မနေဖို့ပေးခဲ့တဲ့ကတိတော်တွေ မဟုတ်ဘူးလား။ ဒါပေမယ့် တချို့သောခရစ်ယာန်တွေ က ဆင်းရဲနွမ်းပါးမှုကို ဘုရားသခင်ရဲ့အလိုတော်လို့ ထင်မှတ်ပြီး ပျော်မွေ့နေတတ်ကြပါတယ်။ တကယ်တော့ ဘုရားသခင်ဆီမှာ အဲဒီလိုဆန္ဒမျိုးရှိမနေပါဘူး။ ကျနော်တို့ကို ကောင်းကြီးပေးခြင်းအားဖြင့် ဘုရားသခင်က သူ့ရဲ့ဘုန်းတော်ကိုထင်ရှားစေချင်ပါတယ်။
ဆင်းရဲနွမ်းပါးသူတွေ၊ မုဆိုးမတွေ၊ မိဘမဲ့တွေကို ကျနော်တို့အားဖြင့် ကောင်းကြီးပေးချင်ပါတယ်။ တကယ်တော့ ယုံကြည်သူတစ်ယောက်ကို ဘုရားသခင်ရွေးကောက်တဲ့ရည်ရွယ်ချက်ကို ဟေရှာယ ၆ဝး ၄- ၅မှာ- “ အရပ်ရပ်သို့မျှော်ကြည့်လော့။ ခပ်သိမ်းသောသူတို့သည်စုဝေး၍သင့်ထံသို့လာကြ၏။ သင်၏သားသမီးတို့သည် အဝေးကလာ၍ သင်၏အနားမှာ မွေးစားခြင်းကိုခံကြလိမ့်မည်။ ထိုအခါသင်သည် ကြောက်ရွံ့ခြင်းနှင့် ရွှင်လန်းခြင်း ရှိလိမ့်မည်။ နှလုံးတုန်လှုပ်၍ ဝမ်းမြောက်လိမ့်မည်။ အကြောင်းမူကား သမုဒ္ဒရာ၏ကြွယ်ဝခြင်းသည် သင့်ဘက်သို့ပြောင်းလဲ၍ တပါးအမျိုးသားတို့၏ စည်းစိမ်သည် သင့်လက်သို့ရောက်လိမ့်မည်။”လို့ဖော်ပြထားပါတယ်။ နောက်ထပ်ကျမ်းချက်တစ်ချက်လောက်ထပ်လေ့လာကြည့်ရအောင်ဗျာ။      

“ကျမ်းစာလာသည်ကား၊ သူသည်စွန့်ကြဲပြီ။ ဆင်းရဲသောသူတို့အား ပေးကမ်းပြီ။ သူ၏ဖြောင့်မတ်ခြင်းသည် အစဉ်အမြဲတည်တတ်၏ဟု လာသည်နှင့်အညီ၊ သင်တို့သည် အရာရာ၌ သုံးလောက်သောဥစ္စာအမျိုးမျိုး အစဉ်ရှိ၍၊ ကောင်းသောအကျင့် အမျိုးမျိုးနှင့် အထူးသဖြင့် ပြည့်စုံမည်အကြောင်း၊ အမျိုးစုံသောမင်္ဂလာကျေးဇူးနှင့် အထူးသဖြင့် ပြည့်စုံစေခြင်းငှါ ဘုရားသခင်တတ်နိုင်တော်မူ၏။ မျိုးစေ့ကြဲသောသူအား မျိုးစေ့ကို၎င်း၊ အစာအာဟာရကို၎င်း၊ ပေးတော်မူသောသူသည်၊ သင်တို့အားမျိုးစေ့ကိုပေး၍ ပွားများစေတော်မူမည်။ သင်တို့၏ဖြောင့်မတ်ခြင်းကိုလည်း ကြွယ်ဝစေတော်မူမည်။ ထိုသို့ သင်တို့သည် စေတနာစိတ်နှင့် အမျိုးမျိုးသော စွန့်ကြဲပေးကမ်းခြင်းအလိုငှါ အရာရာ၌ကြွယ်ဝခြင်း ရှိသည်ဖြစ်၍၊ ငါတို့အားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းစရာအကြောင်း ရှိလမ့်မည်။ အဘယ်သို့နည်းဟူမူကား၊ ဤလုပ်ကျွေးခြင်းအမှုသည် သန့်ရှင်းသူတို့၏ ဆင်းရဲခြင်းကို မစသည်သာမက၊ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းစရာအကြောင်းအများနှင့် ပြည့်စုံလျက်ရှိ၏။”  ၂ကော ၉း ၈- ၁၂
 
ကျနော်တို့ကို ဘုရားသခင်က သူ့ရဲ့ကြွယ်ဝပြည့်စုံတဲ့ကောင်းကြီးမင်္ဂလာတွေကို ခံယူအသက်ရှင်ရင်း ပတ်ဝန်းကျင်ကို ကူညီထောက်မနိုင်တဲ့သူတွေဖြစ်စေချင်ပါတယ်။ ကျနော်တို့အသက်တာရဲ့အသက်ရှင်မှု     (Life Style)ကိုသူရဲ့ပုံသဏ္ဍာန်တော်နှင့် အညီတိုးတက်ပြောင်းလဲစေချင်ပါတယ်။ ၂ကော ၃း ၁၈
ဘုရားသခင်၏နိုင်ငံတော်နှင့်ဖြောင့်မတ် ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှထိုအရာများကို ထပ်၍ ပေးတော်မူလတံ့။ ထို့ကြောင့် နက်ဖြန် အဘို့မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့သည် မိမိ အဘို့စိုးရိမ်လိမ့်မည်။ ယခုနေ့၌ရှိသော မကောင်းမသင့်သောအရာသည် ယခုနေ့ဘို့လောက်ပေ၏။ ” မဿဲ ၆း ၃၃- ၃၄
သူတပါးအားပေးကြလော့။ ပေးလျှင်သူတပါးသည် သင်တို့အားပေးကြလိမ့်မည်။ အမှန်ခြင်ရုံမျှမက၊ သိပ်နှက်လျက်၊ လှုပ်လျက်၊ လျှံလျက် ရှိခြင်းနှင့် သင်တို့ရင်ခွင်၌ ပေးကြလိမ့်မည်။ အကြောင်းမူကား၊ အကြင်ချိန်၊ တင်းပမာဏနှင့် သင်တို့သည် သူတပါးအားပေး၏၊ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်။ ”        လုကာ ၆း ၃၈

ကဲဗျာ…. အခုလေ့လာလိုက်တဲ့ကျမ်းချက်တွေအားဖြင့် သခင်ယေရှုက သူဟာဆင်းရဲသူတွေအတွက် လက်တွေ့ ကျသောဝမ်းမြောက်စရာသတင်းကို ယူလာတယ်ဆိုတာ အထင်းသားကိုမြင်နိုင်ပါတယ်။ ဒီကနေ့ သခင်က မိတ်ဆွေကိုလည်း ဆင်းရဲသားတွေအတွက် ဝမ်းမြောက်စရာသတင်းကိုကြားပြောသောသူအဖြစ် ဘိသိက်ပေးနေပါတယ်။ မိတ်ဆွေအားဖြင့် လူပေါင်းများစွာကို ဘုရားသခင်က အစာရေစာတွေ၊ အဝတ်အစားတွေ၊ ငွေကြေးတွေ၊ အသုံးအဆောင်မှန်သမျှကို ထောက်ပံ့ချင်ပါတယ်။ ငါဟာ အဲဒီလို ထောက်ပံ့နိုင်သူပါလားဆိုတာကို မိတ်ဆွေယုံကြည်နိုင်ဖို့ပဲလိုတာပါ။ 

“ ယေရှုကလည်း၊ သင်သည် ယုံကြည်နိုင်သလော။ ယုံကြည်သောသူဖြစ်လျှင် ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်သည်ဟုမိန့်တော်မူ၏။  ”


“ ယေရှုကလည်း၊ သင်သည် ယုံကြည်နိုင်သလော။ ယုံကြည်သောသူဖြစ်လျှင် ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်သည်ဟုမိန့်တော်မူ၏။  ”

“ ယေရှုကလည်း၊ သင်သည် ယုံကြည်နိုင်သလော။ ယုံကြည်သောသူဖြစ်လျှင် ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်သည်ဟုမိန့်တော်မူ၏။  ”
မာကု ၉း ၂၃

ဆက်လက်ဖော်ပြပေးသွားပါမည်။

ချစ်ခြင်းအားဖြင့်
သမ္မာအလင်း

သင် … ဘာကိုကြားနာနေပါသလဲ

ကျနော်တို့ခရစ်ယာန်အသက်တာနဲ့ပတ်သက်လို့ အစ်ကိုဆိုလည်းဟုတ်၊ ဆရာဆိုလည်းဟုတ် တဲ့သူတစ်ယောက်ဆီက ကြားဖူးတာလေးတစ်ခုရှိပါတယ်။
ယုံကြည်သူတွေရဲ့ဘဝဆိုတာ ယူသလောက်ရတာမဟုတ်ဘူး၊ ယုံသလောက်ရတာ …တဲ့။
တကယ့်ကိုမှတ်သားစရာစကားတစ်ခွန်းလို့ ကျနော့်နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်းခံယူပြီး ဆင်ခြင်မိပါတယ်။ သခင်ယေရှုခရစ်တော်ရဲ့ ဧဝံဂေလိသတင်းကောင်းကို ကျနော်တို့တွေဘယ်လိုရှုမြင်ခံယူသလဲ၊ ဘယ်အတိုင်းအတာအထိ လက်ခံယုံကြည်ထားသလဲဆိုတဲ့အပေါ်မှာ ကျနော်တို့တွေရဲ့အသက်တာမှာ အောင်မြင်မှုတွေ၊ ခမ်းနားမှုတွေကိုရယူနိုင်မှုချင်း ကွာခြားသွားကြတာပါပဲ။ ကယ်တင်ခြင်းတရားဆိုတဲ့ ဧဝံဂေလိသတင်းစကားကို သတင်းကောင်း - GOOD NEWS တနည်းအားဖြင့် GOSPEL လို့ခေါ်ပါတယ်။ အဲဒီသတင်းကောင်းကို ဂရိဘာသာအားဖြင့် SOZO လို့ခေါ်ပါတယ်။ အဓိပ္ပါယ်ကတော့ ဥဿုံကယ်တင်ခြင်း  (ခန္ဓာ၊ စိတ်၊ ဝိညာဉ် ကယ်တင်ခြင်း)လို့သက်ရောက်ပါတယ်။
          ကဲ…. ဟုတ်ပြီ။ ဒီနေ့ ကျနော်တို့အသင်းတော်တွေ၊ ယုံကြည်သူတွေ အဲဒီလိုဥဿုံကယ်တင်ခြင်း သတင်းကောင်းကို ဟောပြောကြရဲ့လား၊ သိကြရဲ့လားလို့ ဆင်ခြင်ကြည့်ရအောင်ဗျာ။ ကျနော်တို့သိတဲ့ သခင်ယေရှုခရစ်တော်ရဲ့အကြောင်းက ဘာလဲ…. ကျနော်တို့အတွက် လောကကိုကြွလာတယ်။ အပြစ်သားတွေကို အသက်ကိုပေးပြီးကယ်တင်ခဲ့တယ်။ သူ့ကိုယုံကြည်ရင် ထာဝရအသက်ကိုရမယ်။ အဲဒီလောက်ပဲလား။ အဲဒီအသိတရားက မှားလားဆိုရင် မမှားပါဘူး။ ဒါပေမယ့် မပြည့်စုံဘူးဗျ။ အဲဒီယေရှုက မိတ်ဆွေတို့၊ ကျနော်တို့ ဆန်းဒေးစကူးမှာသိခဲ့တဲ့ ယေရှုလို့ပြောပါရစေ။ တကယ်ဆိုရင် ကျနော်တို့ရဲ့အသိတရားထဲက ယေရှု၊ ကျနော်တို့ရဲ့နှလုံးသာထဲကယေရှုဟာ ရင့်ကျက်ကြီးထွားသင့်နေပါပြီ။ ကျမ်းစာတစ်ချက်ကြည့်ရအောင်ဗျာ။
ထိုကြောင့်၊ သေခြင်းနှင့် စပ်ဆိုင်သောအကျင့်ကိုနောင်တရခြင်း၊ ဘုရားသခင်ကိုယုံကြည်ခြင်း၊ ဗတ္တိဇံ တရားကို သွန်သင်ခြင်း၊ လက်ကိုတင်ခြင်း၊ သေလွန်သောသူတို့၏ ထမြောက်ခြင်း၊ ထာဝရစီရင်ဆုံးဖြတ်ခြင်း  တည်းဟူသော မူလအမြစ်ကို ငါတို့သည်ပြန်၍မတည်ဘဲ၊ ခရစ်တော်၏ဘာသာ၌ အစအဦးဖြစ်သော အကြောင်း အရာတို့ကို ထား၍၊ စုံလင်သောအဖြစ်သို့ တက်ကြကုန်အံ့။ ဟေဗြဲ ၆း ၁-၂
 ဒီကျမ်းချက်မှာ ဘယ်သူတွေကိုတိုက်တွန်းနေတာလို့ မိတ်ဆွေထင်ပါသလဲ။တကယ်ဆိုဒီကျမ်းချက်က ဒီကနေ့အထိ စုံလင်တဲ့အဆင့်ကိုမတက်လှမ်းနိုင်သေးတဲ့ သူငယ်ပြန်ခရစ်ယာန်တွေကို ပြောနေတာပါ။ နောက်ထပ်ကျမ်းချက်တစ်ချက်လောက်ထပ်လေ့လာကြည့်ကြရအောင်။
သင်တို့သည် ကာလကြာသောကြောင့် ဆရာအဖြစ်သို့ ရောက်သင့်သော်လည်း၊ ဘုရားသခင်၏ ဗျာဒိတ်တော်၌ရှေ့ဦးစွာ သင်ရသောတရားနုတို့ကိုသူတပါးထံ၌ တဖန်သင်ရသော အကြောင်းရှိသည်ဖြစ်၍၊ ကြေခဲသောအစာကိုမသုံးဆောင်၊ နို့ကိုသာသုံးဆောင်ရသောသူဖြစ်ကြ၏။ နို့ကိုသာ သုံးဆောင်သော သူမည်သည်ကား၊ သူငယ်ဖြစ်သောကြောင့် ဖြောင့်မတ်ခြင်းတရား၌ လေ့လာခြင်းမရှိ။ ကောင်းကျိုး မကောင်းကျိုးကိုပိုင်းခြား၍ သိနိုင်သောဥာဏ်ပေးတတ်သော၊ အကြားအမြင် အတွေ့အစမ်းများသော သူတည်းဟူသော၊ စုံလင်သောအရွယ်ရှိသောသူတို့မူကား၊ ကြေခဲသောအစာအာဟာရကိုသုံးဆောင်ရကြ၏။  
ဟေဗြဲ ၅း ၁၂- ၁၄
ကျနော်တို့ယုံကြည်သူတွေထဲမှာ ဆံဖြူ၊ သွားကျိုးအသက်တာတွေ၊ အတွေ့အကြုံတွေနဲ့ ​ဝိညာဉ်ရေးရာမှာတော့ နို့ဗူးစို့နေကြဆဲ ပုဂ္ဂိုလ်တွေ၊ အသင်းတော်တွေအများကြီးရှိနေပါတယ်။ အဲဒီလိုပြောလို့ သူများအသင်းတော်ကို ပုတ်ခတ်တယ်လို့သတ်မှတ်ရင်လည်း မတတ်နိုင်ပါဘူး။ ကျနော်တို့ ယေရှုအကြောင်းကိုပဲ ပြောနေခြင်း ဖြစ်ပါတယ်။ ယေရှုရဲ့စံနှုန်းကိုပဲ ထုတ်ဖော်ပြီးခွန်အားယူနေခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ ယေရှုရဲ့စံနှုန်းနဲ့ ဖီလာဆန့်ကျင်နေရင် ဒီနှုတ်ကပတ်တော်အားဖြင့် အသိပေးနေတယ်လို့ပဲ သတ်မှတ်လိုက်ကြပါခင်ဗျာ။ ကြားစရာနားရှိသောသူမည်သည်ကား ကြားပါစေ။
          တကယ်တော့ သခင်ယေရှုဆိုတာ နုံချာစုတ်ပြတ်လှတဲ့ သူတော်စင်တစ်ယောက်၊ ဘာသာရေးခေါင်းဆောင်တစ်ယောက်မဟုတ်ပါဘူး။ သူ့နောက်ကိုလိုက်နေတဲ့သူတွေကို နောင်ဘဝအရေးကိုပဲ ရှေ့တန်းတင်ဟောပြောသွန်သင်ပြီး အခုဘဝကို ငတ်ပြတ်သေရင်လည်းသေပါလေ့စေဆိုပြီး လက်တွေ့မကျတဲ့ ကောင်းကင်နိုင်ငံတော်တရားတွေကိုပဲ နင်းကန်ခွဟောနေတဲ့သူမဟုတ်ပါဘူး။ သခင်ယေရှုရဲ့အမှုတော်မြတ်ကို မစခင်အချိန်မှာ ပထမဆုံးလူသိရှင်ကြားဖော်ထုတ်ကြေငြာခဲ့တဲ့သူ့ရဲ့အကြောင်းကို သမ္မာကျမ်းစာမှာပြည့်ပြည့် စုံစုံဖော်ပြထားပါတယ်။
ဇရပ်စောင့်သည် ပရောဖက်ဟေရှာယ၏ကျမ်းစာကိုပေးသည် ဖြစ်၍၊ ကျမ်းစာကိုဖွင့်တော်မူလျှင် တွေ့သောအချက်စကားဟူမူကား၊ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်၌တည်တော်မူ၏။ အကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသိတင်းကိုကြားပြောစေခြင်းငှါ ငါ့ကိုဘိသိက်ပေး တော်မူပြီ။ ကြေမွသော သူတို့၏အနာကိုပျောက်စေခြင်းငှါ၎င်း၊ ဘမ်းသွားချုပ်ထားလျက်ရှိသော သူတို့အားလွှတ်ခြင်းအကြောင်းနှင့် မျက်စိကန်းသောသူတို့အား မျက်စိမြင်ပြန်ခြင်းအကြောင်းကို  ပြစေခြင်းငှါ၎င်း၊ ညှင်းဆဲခံရသောသူတို့ကို ကယ်မစေခြင်းငှါ၎င်း၊ ထာဝရဘုရား၏မင်္ဂလာနှစ်ကာလကို       ကြားပြောစေခြင်းငှါ၎င်း၊ ငါ့ကိုစေလွှတ်တော်မူပြီဟုလာတည်း။ ကျမ်းစာကိုလိပ်၍ ဇရပ်စောင့်အားပေးပြီးမှ ထိုင်တော်မူ၏။ ဇရပ်၍ရှိသောသူအပေါင်းတို့သည် ကိုယ်တော်ကိုစေ့စေ့ကြည့်လျက်နေကြ၏။              လုကာ ၄း ၁၇- ၂ဝ
          ကဲ…. ဒီကျမ်းချက်ကနေပြီးတော့ သခင်ယေရှုကိုယ်တော်တိုင် သူ့အကြောင်းကိုသူဟောပြောခဲ့တဲ့ သတင်းကောင်းမှာ ဘာအချက်တွေပါတယ်ဆိုတာ လေ့လာကြည့်ကြရအောင်။ 
(၁) ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်မှာတည်တော်မူ၏။
အမှုတော်မြတ်နဲ့ ယုံကြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေမှာ သန့်ရှင်းသောဝိညာဉ်တော်က အရေးကြီးပါတယ်။ ကျနော်တို့ယုံကြည်သူတွေဟာ သန့်ရှင်းသောဝိညာဉ်တော်ကိုလက်မခံချင်ကြသလို ငြင်းပယ်ချင်ကြပါတယ်။ သန့်ရှင်းသောဝိညာဉ်တော်ကိုလက်မခံလို့ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုတာထက် မပြည့်စုံဘူးဆိုတာကိုပဲ ကျနော်ကတော့ထောက်ပြချင်ပါတယ်။ သန့်ရှင်းသောဝိညာဉ်တော်ကသာလျှင် သင့်အပေါ်မှာ ဘယ်လိုဘိသိက်ခြင်းတွေတည်နေတယ်၊ ဘယ်လိုကောင်းကြီးမင်္ဂလာတွေ တည်နေတယ် ဆိုတာကို အပြည့်အစုံ သိမြင်စေနိုင်တာဖြစ်ပါတယ်။ သန့်ရှင်းသောဝိညာဉ်တော်ကိုလက်မခံရင် ခင်ဗျားဟာ ကိုယ့်ကိုယ်ကို ဘာရှိမှန်း မသိ၊ ဘာကောင်မှန်းမသိဘဲ အထီးလား၊ အမလားတောင် ခွဲတတ်တဲ့သူ         မဟုတ်သေးပါဘူး။ တကယ်တမ်းဆိုရင် ကျနော်တို့စံထားတဲ့နှုတ်ကပတ်သမ္မာကျမ်းစာကို သေသေချာချာ လေ့လာကြည့်ရင်လည်း အစ၊ အလယ်၊ အဆုံး(၃)ပါးစလုံးက သခင်ယေရှုခရစ်တော်ကိုပဲ ဖော်ပြပေးနေတာနဲ့ ထပ်တူ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အခန်းဏ္ဍကလည်း ကမ္ဘာဦးကျမ်းကနေစလို့ ဗျာဒိတ်ကျမ်းအဆုံး ပါဝင်နေပါတယ်။ ကမ္ဘာ ၁း ၂။ ဗျာဒိတ် ၁း ၁ဝ။                                                                                  
ကဲ….. ဒီအကြောင်းအရာနဲ့ပတ်သက်လို့ တမန်တော်ကြီးပေါလုက ဘယ်လိုရေးသားဖော်ပြထားတယ်ဆိုတာကို လေ့လာကြည့်ကြရအောင်ဗျာ။
သို့သော်လည်း သန့်ရှင်းသောဝိညာဉ်တော်သည် သန့်ရှင်းစေတော်မူသော နှစ်သက်ဘွယ်ရာ ပူဇော်သက္ကာတည်းဟူသော တပါးအမျိုးတို့ကို ပူဇော်ခြင်းငှါ ငါသည်ဘုရားသခင်၏ ဧဝံဂေလိတရားကို ဟောပြောသောအမှုကို ဆောင်ရွက်၍၊ တပါးအမျိုးသားတို့တွင် ယေရှုခရစ်၏ အမှုဆောင်ဖြစ်မည်အကြောင်း၊ ဘုရားသခင်သည် ငါ၌အပ်ပေးတော်မူသော ကျေးဇူးတော်ကို ငါအမှီပြု၍၊ ညီအစ်ကိုတို့၊ သင်တို့ကိုသတိပေးလျက် သာ၍ ရဲရင့်စွာ ရေးလိုက်ပါ၏။ ထိုကြောင့်၊ ဘုရားသခင်နှင့်စပ်ဆိုင် သောအရာတို့၌ ငါသည် ယေရှုခရစ်ကို အမှီပြု၍ ဝါကြွားဝမ်းမြောက်ခြင်းအကြောင်းရှိ၏။ တပါးအမျိုးသားတို့သည်  စကားအားဖြင့်၎င်း၊ အကျင့် အားဖြင့်၎င်း၊ နားထောင်စေခြင်းငှါ၊ ခရစ်တော်သည် နိမိတ်လက္ခဏာ၊ အံ့ဘွယ်သော အမှုများ၌ပါသောတန်ခိုး၊ သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးကိုပြ၍၊ ငါ့အားဖြင့် ပြုတော်မူသမျှတို့ကိုသာ ငါပြောဝံ့၏။
ရောမ ၁၅း ၁၅- ၁၉

(မှတ်ချက်) ၁၄.၁၁.၂၀၁၀ နေ့ရက်မှ တရားဟောချက်ကို ကောက်နုတ်တင်ပြခြင်းဖြစ်ပါသည်။
ဆက်လက်ဖော်ပြပေးသွားပါမည်။
ချစ်ခြင်းအားဖြင့်
သမ္မာအလင်း

ဒီတစ်ပါတ်ရဲ့အကြိုက်ဆုံးသီချင်းဖြစ်ပါတယ်

Share

Twitter Delicious Facebook Digg Stumbleupon Favorites