ကောရိ န္တု သြဝါဒစာပဌမစောင် ( ၁၃း ၄-၈ )

၎မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်း မရှိ၊ မာန်မာနမရှိ။ ၅လျောက်ပတ်စွာမကျင့်တတ်၊ ကိုယ်အကျိုးကို မရှာတတ်၊ ဒေါသအမျက်မထွက်တတ်၊ အပြစ်ရှိ သည်ဟု မထင်တတ်၊ ၆မတရားသောအမှု၌ ဝမ်းမြောက်ခြင်းမရှိတတ်၊ သမ္မာတရား၌ဝမ်းမြောက်တတ်၏။ ၇ခပ်သိမ်း သောအရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။ ခပ်သိမ်းသောအရာကို မြော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။ ၈မေတ္တာသည် ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏။ ပရောဖက် ဥာဏ်သော်၎င်း၊ အမျိုးမျိုးသောဘာသာစကားကို ပြောနိုင်သောအခွင့်သော်၎င်း၊ သိပ္ပံအတတ်သော်၎င်း၊ ကွယ်ပျောက်လိမ့်မည်။

ဆာလံကျမ်း ( ၉၈း ၁ )

၁ထာဝရဘုရားအား အသစ်သောသီချင်းကို ဆိုကြလော့၊၊ အံ့ဘွယ်သောအမှုတို့ကို ပြုတော်မူပြီ၊၊ လက်ျာလက်တော်နှင့် သန့်ရှင်းသောလက်ရုံးတော်သည် ကိုယ်တော်အဘို့ ကယ်တင်ခြင်းအမှုကို ပြုလေပြီ၊၊

ရှင်လုကာခရစ်ဝင် ( ၅း ၄ )

စကားတော်ပြတ်သောအခါ၊ ရေနက်ရာအရပ်သို့ ရွှေ့ဦးလော့။ ပိုက်ကွန်ကိုချ၍ ငါးကိုအုပ်စမ်း လော့ဟု ရှိမုန်အား မိန့်တော်မူ၏။

ယေရမိအနာဂတ္တိကျမ်း ( ၂၀း ၇ )

၇အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို သွေးဆောင်တော်မူသည်အတိုင်း၊ အကျွန်ုပ် လိုက်ပါပြီ။ ကိုယ်တော်သည် အကျွန်ုပ်ထက်အားကြီး၍ နိုင်တော်မူပြီ။

ဧဖက်သြ၀ါဒစာ ( ၄း ၂၆-၂၇ )

၂၆အမျက်ထွက်ရာတွင် အပြစ်မရှိ စေနှင့်။ ၂၇အမျက် မပြေဘဲ နေမဝင်စေနှင့်။ မာရ်နတ်ကို အခွင့်မပေးကြနှင့်။

ဆယ်ဘို့တဘို့ (သို့) ကောင်းကြီးသော့



       ဒီနေ့တော့ ကျနော်တို့ယုံကြည်သူများကြားမှာ လွယ်မယောင်နဲ့ခက်၊ တိမ်မယောင်နဲ့နက်တဲ့ ဆယ်ဘို့တဘို့အကြောင်းကို အဓိကထားပြီးဆွေးနွေးချင်ပါတယ်။ ဆယ်ဘို့တဘို့နဲ့ပတ်သက်ပြီးတော့ ကျနော်တို့အသင်းတော်မှာလည်း အားနည်းမှုတွေရှိနေသလို တခြားအသင်းတော်တွေမှာလည်း အဲဒီလိုပဲတွေ့ကြုံနေရမယ်ဆိုတာ ကျနော်သဘောပေါက်ပါတယ်။ အဲဒါကြောင့်လဲ အသင်းတော်ပေါင်းစုံစကားရည်လုပွဲကြီးကျင်းပတဲ့အခါမှာမဖြစ်နိုင်တဲ့ကိစ္စဆိုတဲ့ခေါင်းစဉ်နဲ့ ပြိုင်ပွဲဝင်ကြတဲ့အခါမှာ တခြားပြိုင်ပွဲဝင်တွေက ငရဲပြည်အကြောင်းတို့၊ ကောင်းကင်နိုင်ငံအကြောင်းတို့၊ မီးမှန်မှန်လာတာတို့၊ မြန်မာပြည်မှာ အသင်းတော်တွေအကုန်လုံးစည်းလုံးညီညွတ်ကြတာတို့ အစရှိတဲ့ ခေါင်းစဉ်တွေနဲ့ တော်တော်ကိုကောင်းအောင်ပြောထားနိုင်ပေမယ့်အသင်းသူ၊ အသင်းသားတိုင်း ဆယ်ဘို့တဘို့မှန်မှန်ထည့်ကြသည်ဆိုတဲ့ခေါင်းစဉ်က ပထမဆုရသွားတဲ့အဖြစ်အပြက်ရှိခဲ့ဖူးတာကို ကြည့်ရင် ဒီကနေ့အသင်းတော်တွေရဲ့အခက်အခဲကို သိနိုင်ပါတယ်။
ကျမ်းစာထဲက ဆယ်ဘို့တဘို့နဲ့စပ်လျဉ်းတဲ့အကြောင်းတွေကို လေ့လာကြည့်ကြရအောင်ဗျာ။ ကမ္ဘာဦးကျမ်း ၂၈း ၂၀- ၂၂ ကိုလေ့လာကြည့်ရင် ယာကုပ်ရဲ့ခရီးတထောက်မှာ မြင်မက်ခဲ့တဲ့အိပ်မက် အကြောင်းကိုတွေ့ရမှာဖြစ်သလို အဲဒီအိပ်မက်ကနေနိုးတာနဲ့ ဘုရားသခင်ကိုပေးတဲ့ယာကုပ်ရဲ့ ကတိသစ္စာကိုလည်း တွေ့ရပါလိမ့်မယ်။
ထိုအခါ ယာကုပ်က ဘုရားသခင်သည် ငါ့ဘက်၌ရှိလျက် ငါယခုသွားရာလမ်းမှာ ငါ့ကိုစောင့်မ၍ စားစရာအစား၊ ၀တ်စရာအ၀တ်ကိုပေးသနားတော်မူလျှင်၎င်း၊ ……. ကမ္ဘာ ၂၈း ၂၀
ပေးသနားတော်မူသမျှတို့ကို ဆယ်ဘို့တဘို့ပူဇော်ပါမည်ဟူ၍ သစ္စာပြုလေ၏။ ကမ္ဘာ ၂၈း ၂၂
ဒီကျမ်းချက်ကိုကြည့်တဲ့အခါမှာ ယာကုပ်က ခရီးတထောက်မှာ မိုးချုပ်လာပြီဖြစ်လို့ အိပ်တယ်။            အဲဒီလို အိပ်တဲ့အခါမှာ ဘာမှပါမလာတာကြောင့် ကျောက်တုံးကိုခေါင်းအုံးပြီး အိပ်ရတယ်လို့ ကျမ်းစာမှာ အတိအကျဖော်ပြထားသလို ဘာအဆောင်အယောင်ပါလာတယ်လို့လည်း ကျမ်းစာမှာ ဖော်ပြမထားပါဘူး။ ယာကုပ်ဟာ တကယ့်ကိုထူးဆန်းတဲ့ အိပ်မက်ကိုမြင်မက်ပြီးတဲ့နောက်မှာ သစ္စာပြုတဲ့အခါမှာ ဆယ်ဘို့တဘို့နဲ့ပတ်သက်ပြီးသစ္စာပြုတာကို ကြည့်ခြင်းအားဖြင့် ကျနော်တို့နဲ့ ဘုရားသခင်ရဲ့ကြားက လေးနက်ဆန်းကြယ်တဲ့သစ္စာတရားဟာ ဆယ်ဘို့တဘို့သစ္စာဖြစ်တယ်ဆိုတာ နားလည်ရမှာဖြစ်ပါတယ်။
တကယ်တော့ ဆယ်ဘို့တဘို့ဆိုတာ ကျနော်တို့ထင်ထားတဲ့ငွေကြေး တစ်ခုတည်းမဟုတ်ပါဘူး။ အစားအသောက်၊ အ၀တ်အထည်မှစ၍ ကောင်းကြီးမင်္ဂလာအားလုံး အကျုံးဝင်ပါတယ်။             ဒါပေမယ့် ကျနော်တို့တွေကတော့ ငွေကြေးလောက်ကိုပဲ နားလည်ထားသလို အဲဒီလို မပြည့်မစုံ နားလည်ထားတဲ့ ရှားရှားပါးပါးတစ်ချက်အပေါ်မှာတောင် သစ္စာမရှိကြပါဘူး။
          ယာကုပ်ရဲ့အသက်တာကို ဆက်ပြီးလေ့လာကြည့်ရင် သူလုပ်ဆောင်သမျှမှာ ဘုရားသခင် ကောင်းကြီးပေးတယ်ဆိုတာကို ဦးရီးဖြစ်တဲ့ လာဗန်ကတောင် ၀န်ခံရတဲ့အထိ သက်သေထင်ရှားခဲ့ ပါတယ်။ ကမ္ဘာ ၃၀း ၂၇                                                                                                    ဒီနေရာမှာ ကျနော်တို့တွေ ကောင်းကောင်းနားလည်ဖို့လိုတဲ့တချက်က - ယာကုပ်ဟာ ဘုရားသခင်ကို ဆယ်ဘို့တဘို့သစ္စာပြုတဲ့အချိန်မှာ ဘာမှအကောင်အထည်မရှိတဲ့ ဥစ္စာလက်မဲ့ဘ၀နဲ့ ပြုခဲ့တာ ဖြစ်ပါတယ်။ ဘုရားသခင်က ကျနော်တို့ကို ဆယ်ဘို့တဘို့နဲ့ပတ်သက်လာရင် ခင်ဗျားဘယ်လောက် ထည့်ဝင်နိုင်တယ်ဆိုတာထက် ခင်ဗျားမှာမရှိတဲ့ ဘယ်အတိုင်းအတာထိအောင် ထည့်ဝင်ချင်တယ်ဆိုတဲ့ ခင်ဗျားရဲ့စေတနာစိတ်ကို အရေးတယူထားတဲ့သူဖြစ်ပါတယ်။ ဆယ်ဘို့တဘို့နည်းနည်းပဲထည့်နိုင်လို့ အားငယ်တဲ့သူရှိရင် ကျနော်ပြောချင်တာက ယာကုပ်တောင် ဘာမှမထည့်နိုင်ချိန်မှာ ယုံကြည်ခြင်းကတိအားဖြင့် သစ္စာပဲပေးနိုင်ခဲ့သော်လည်း သူရဲ့နှလုံးသားကို ဘုရားသခင်က ကောင်းကြီးပေးခဲ့တာကို ဆင်ခြင်ပါ။ ခွန်အားယူပါ။ ခင်ဗျားရဲ့နှလုံးသားကို ဘုရားသခင်အသိအမှတ်ပြုကောင်းကြီးပေးပါလိမ့်မယ်။ ကမ္ဘာ ၃၀း ၄၃
          ဆယ်ဘို့တဘို့နဲ့ပတ်သက်လို့ နောက်ထပ်ကျမ်းချက်တစ်ချက်ထပ်ကြည့်ကြရအောင်။            “ အမှုတော်စောင့်၊ လေ၀ိသား၊ သီချင်းသည်တို့သည် အသီးအသီး မိမိတို့လယ်ယာသို့ ပြေးသွားကြသည်ကို ငါထောက်၍ သူတို့ခံအပ်သော စားစရာရိက္ခာကို မခံရကြောင်းကို ငါရိပ်မိလျှက် ဘုရားသခင်၏အိမ်တော်ကို အဘယ့်ကြောင့်စွန့်ပစ်ကြသနည်းဟု မင်းတို့ကိုအပြစ်တင်၍ လေ၀ိသားတို့ကို စုဝေးစေပြီးမှ သူတို့နေရာ၌ ခန့်ထားပြန်၏။ ထိုအခါ ယုဒလူအပေါင်းတို့သည်   ဆန်စပါး၊ စပျစ်ရည်၊ ဆီဆယ်ဘို့တဘို့ကို ဘဏ္ဍာတော်တိုက်သို့ ဆောင်ခဲ့ပြန်ကြ၏။ ’’             နေဟမိ ၁၃း ၁၀- ၁၂                                                                                                          ကျနော်တို့ယုံကြည်သူတွေ ဆယ်ဘို့တဘို့မှန်မှန်မပေးကြတဲ့အခါမှာ ဘုရားသခင်ရဲ့အမှုတော်မြတ်မှာ ပါဝင်ကြတဲ့သူတွေခမျာ နေရာမှန်၊ လူမှန်မဖြစ်ဘဲ သင်းအုပ်တွေလယ်ထွန်ပြီး ဧ၀ံဂေလိဆရာတွေ ဈေးရောင်းနေရတဲ့အဖြစ်မျိုးတွေဖြစ်ကုန်ပါတယ်။ ဒီလိုပြောလို့ အဲဒီလိုအလုပ်တွေမလုပ်ရဘူးလို့ ကျနော်ဆိုလိုတာမဟုတ်ပါဘူး။ အမှုတော်မြတ်မှာ အာရုံစိုက်မှုမလျော့ရင်တော့ လုပ်လို့ရပါတယ်။ များသောအားဖြင့်တော့ အဲဒီလိုအလုပ်တွေနဲ့ဝမ်းရေးဖြေရှင်းရမယ်ဆိုရင် အမှုတော်မှာ ဘယ်လိုလုပ်ပြီး အာရုံစိုက်နိုင်တော့မလဲဗျာ။ ဒီထက်ပိုပြီးစိတ်မကောင်းစရာတစ်ခုက ကျနော်တို့ယုံကြည်သူတွေ ဆယ်ဘို့တဘို့မမှန်ကြတာကြောင့် အသင်းတော်တွေခမျာ အဆောက်အဦခ၊ မီးခ၊ ရေခအပြင် ပြုပြင်ထိန်းသိမ်းမှုတွေမလုပ်နိုင်တော့ဘဲ အိုမင်းမှုဒဏ်ကြားမှာ ခေတ်ကာလနဲ့အဆက်ပြတ်လာသလို  ရပ်တည်ဖို့ခက်ခဲလာကြတာမျိုးတွေဖြစ်လာပါတယ်။ တချို့အသင်းတော်တွေဆိုရင် ကြွေးမြီတွေကြား လုံးပါးပါးကုန်ကြပါတယ်။ ဆယ်ဘို့တဘို့နဲ့ပတ်သက်ပြီး ကွဲပြားတဲ့ခံယူချက်တွေ ဘယ်လိုပဲရှိနေပါစေ။ နှုတ်ကပတ်တော်ကတော့ ဘုရားသခင်ရဲ့အိမ်တော်ကိုပို့ဖို့ပဲ ဖော်ပြထားတာကိုဆင်ခြင်စေလိုပါတယ်။ ဆယ်ဘို့တဘို့မှန်ကန်စွာမပေးခြင်းက ဘုရားသခင်ရဲ့အိမ်တော်ကိုစွန့်ပစ်ခြင်းဖြစ်တယ်လို့ နေဟမိက သူ့လူမျိုးကို ပြစ်တင်ရှုတ်ချခဲ့တာကိုကြည့်ရင် ဘုရားသခင်ရဲ့အိမ်တော်မှသည် သာသနာတော်အဆုံး ခင်ဗျားရဲ့ဆယ်ဘို့တဘို့အရေးပါတာကို မြင်နိုင်ပါတယ်။ ဘုရားသခင်ရဲ့သာသနာအတွက် စိတ်အားထက်သန်ပြီး အမှုတော်မှာပါဝင်ဖို့စိုင်းပြင်းနေကြတဲ့သူတချို့အတွက် ကျနော်အကြံတစ်ခု ပေးပါရစေ။ ဘုရားသခင်ရဲ့သာသနာတော်ကျယ်ပြန့်ဖို့ထက် ဘုရားသခင်ရဲ့အိမ်တော်ကိုအရင်ဆုံး အာရုံစိုက်ပြီး သစ္စာစောင့်သိပါဦး။ ဘုရားသခင်ရဲ့အိမ်တော်အပေါ်သစ္စာစောင့်သိခြင်းက ဘုရားသခင်ရဲ့သာသနာတော်ကျယ်ပြန့်ဖို့ ပထမခြေလှမ်းဖြစ်သလို အမှုတော်ဆောင်ခြင်းတမျိုးလည်း ဖြစ်ပါတယ်လို့ ကျနော်ပြောချင်ပါတယ်။ အထက်က ကျမ်းချက်မှာလေ့လာကြည့်ရင်လည်း ဆယ်ဘို့တဘို့ဆိုတာ ကျနော်တို့တွေပျက်တလှည့်၊ မေ့တလှည့်လုပ်နေကြတဲ့ငွေကြေးတစ်ခုတည်း မဟုတ်ဘူးဆိုတာတွေ့ရပါလိမ့်မယ်။
          ကဲ… … ဆယ်ဘို့တဘို့နဲ့ပတ်သက်ပြီး ဖာရိရှဲတွေ၊ ဘာသာရေးခေါင်းဆောင်တွေကို ငယ်ထိပ်မိုးကြိုးပစ်သလို ခံစားခဲ့ရစေတဲ့ သခင်ယေရှုရဲ့စကားတစ်ခွန်းကို လေ့လာကြည့်ရအောင်။ ဤပုံ ဤလိပ်စာကား အဘယ်သူ၏ပုံ၊ အဘယ်သူ၏လိပ်စာဖြစ်သနည်းဟုမေးတော်မူလျှင် ကဲသာဘုရင်၏ပုံ၊ လိပ်စာဖြစ်ပါသည်ဟုလျှောက်ကြသော် ယေရှုကလည်း ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အားဆက်ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကို ဘုရားသခင်အားဆက်ပေးကြလော့ဟု မိန့်တော်မူ၏။ မဿဲ ၂၂း ၂၀- ၂၁                                                                               ဒီနေရာမှာ သခင်ယေရှုပြောဆိုနေတဲ့ ဘုရားသခင်ရဲ့ဥစ္စာဆိုတာ ဆယ်ဘို့တဘို့ကိုဆိုလိုနေတာ      ဖြစ်ပါတယ်။ ဖာရိရှဲတွေ၊ ဘာသာရေးခေါင်းဆောင်တွေဟာ ဆယ်ဘို့တဘို့နဲ့ ပတ်သက်ရင် ပြင်းပြင်းထန်ထန်သွန်သင်တတ်ကြပုံကို မဿဲ ၂၃း ၂၃မှာ အခုလိုဖော်ပြထားပါတယ်။                    လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား ပင်စိမ်း၊ စမွှတ်၊ ဇီယာ၊ အသီးအရွက်တို့ကို ဆယ်ဘို့တဘို့လှူကြသည်တွင် …. …..
သခင်ယေရှုရဲ့ခေတ်ကာလမှာ ဖာရိရှဲတွေ၊ ကျမ်းပြုဆရာတွေဟာ ဆယ်ဘို့တဘို့နဲ့ပတ်သက်လာရင် တကယ့်ကို တိကျပြင်းထန်လွန်းစွာ သွန်သင်ကြသလို၊ အဲဒီအတိုင်းလည်း ခံယူကျင့်ကြံကြပါတယ်။     အဲဒီလိုလူတွေရဲ့ပညာစမ်းခြင်းကို သခင်ယေရှုဖြေကြားခဲ့ပုံက တကယ့်ကိုပညာသားပါသလို သေသပ်ပိရိလွန်းလှပါတယ်။ ရှင်းရှင်းပြောရရင်တော့ သူတို့အပြင်းအထန်ခံယူထားတဲ့အချက်နဲ့ သူတို့ကို ပြန်ချည်လိုက်တာပါ။ ငါးကြင်းဆီနဲ့ ငါကြင်းပြန်ကြော်တယ်ပဲဆိုပါတော့ဗျာ။ ဒီနေရာမှာကျနော်အဓိကပြောချင်တာက အဲဒီအကြောင်းအရာထက် သခင်ယေရှုသုံးစွဲလိုက်တဲ့ စကားလုံးဖြစ်တဲ့ ဘုရားသခင်၏ဥစ္စာကို ဘုရားသခင်အားဆက်ပေးကြလော့ ဆိုတဲ့စကားပဲဖြစ်ပါတယ်။ ကျမ်းစာကို စေ့စေ့ပေါက်ပေါက်လေ့လာကြည့်ရင် ဘုရားသခင်က ငါ့ဥစ္စာလို့ သုံးစွဲပြီးပြောခဲလှပါတယ်။ ပိုပြီးသိသာထင်ရှားအောင် မာလခိ ၃း ၈ ကိုဖတ်ကြည့်ကြရအောင်။
လူသည် ဘုရားသခင်၏ဥစ္စာတော်ကို လုယူရမည်လော။ သို့သော်လည်း သင်တို့သည်          ငါ့ဥစ္စာကို လုယူကြပြီ။ အကျွန်ုပ်တို့သည် အဘယ်သို့လုယူပါသနည်းဟုသင်တို့မေးလျှင်        ဆယ်ဘို့တဘို့ကို၎င်း၊ ပူဇော်သက္ကာတို့ကို၎င်း လုယူကြပြီ။    ကျနော်တို့သာတကယ်တမ်းစဉ်းစားတတ်မယ်ဆိုရင် ဘုရားသခင်ရဲ့ပေးဆပ်အနစ်နာခံမှုက ဘယ်လောက်ကြီးမားတယ်ဆိုတာကို ကိုယ့်ပတ်ဝန်းကျင်မှာ မြင်တွေ့သုံးစွဲနေကြတဲ့အရာတွေနဲ့တင် နားလည်ကြမှာပါ။ စကြ၀ဋ္ဌာတစ်ခုလုံးအပြင် မျက်မြင်ရတဲ့အရာတွေဖြစ်တဲ့ ကျနော်တို့သုံးစွဲနေကြတဲ့ အရာတွေကစလို့ မျက်မြင်မရတဲ့အရာတွေအဆုံး ဘုရားသခင်ကသူ့အမိန့်တော်နဲ့ဖန်ဆင်းခဲ့ပေမယ့် ငါ့ဥစ္စာ လို့တစ်ခါမှ မဏ္ဍပ်တိုင်တက်မပြဘဲ ကျနော်သုံးချင်သလိုသုံး၊ ဖြုန်းချင်သလိုဖြုန်းနေတာကို သဘောကြီးစွာ ခွင့်ပြုထားတဲ့သူဖြစ်ပါတယ်။ ခင်ဗျားစဉ်းစားကြည့်စမ်းပါခင်ဗျားနေ့စဉ်သောက်နေ၊ ချိုးနေတဲ့ရေတွေ၊ နေ့စဉ်ရှူရှိုက်နေတဲ့လေတွေအပြင် ခင်ဗျားသုံးစွဲတွေနဲ့ဟန်းဖုန်းတွေ၊ ဆိုင်ကယ်တွေ၊ အိုဗျာနောက်ဆုံးခင်ဗျားကောင်းကင်နိုင်ငံကိုမရောက်ခင်စပ်ကြား ခဏတာတည်းခိုနေထိုင်နေတဲ့ ယာယီတဲအိမ်ကြီးအဆုံး ဘုရားသခင်ရဲ့လက်တော်နဲ့ကင်းလွတ်တာရှိရဲ့လားဗျာ။ အဲဒီလိုကျနော်တို့ လုပ်ဆောင်ထားတာဆိုလို့ လားလားမျှမရှိတဲ့အရာတွေအားလုံးကို ဘုရားသခင်ဆီကနေကျနော်တို့ ပိုင်စိုးပိုင်နင်းအသုံးပြုနေကြတယ်။ အရာတိုင်းကို ဖန်ဆင်းထားတဲ့ဘုရားသခင်ကတော့ ဆယ်ဘို့တဘို့ကလွဲပြီး ဘာကိုမှ ငါ့ဥစ္စာလို့ မပြောခဲ့ပါဘူး။ ဒါလေးတစ်ခုတည်းကိုပဲ ငါ့ဥစ္စာလို့ပြောတာကို ကျနော်တို့တွေက အပိုင်စီးချင်ကြသေးတယ်ဆိုရင် ကျနော်တို့တွေ ဘယ်လောက်တောင်စိတ်ပုပ်ကြသလဲတွေးကြည့်ပေါ့ဗျာ။ ဆယ်ဘို့တဘို့နဲ့ပတ်သက်လို့ ပြည့်ပြည့်စုံစုံ ထပ်သိချင်ရင် အာဗြဟံရဲ့အကြောင်းကိုပါ တလက်စာတည်းလေ့လာကြည့်သင့်ပါတယ်။ ကမ္ဘာဦးကျမ်း အခန်းကြီး(၁၄)ကိုဖတ်ကြည့်မယ်ဆိုရင် ရှင်ဘုရင်()ပါးစုဖွဲ့ထားတဲ့တပ်နဲ့ ရှင်ဘုရင်()ပါးစုဖွဲ့ထားတဲ့ တပ်တို့စစ်ခင်းကြတဲ့အခါမှာ ရှင်ဘုရင်()ပါးတပ်က အနိုင်ရပြီး ဥစ္စာရှိသမျှကိုသိမ်းယူသွားကြတာကို တွေ့ရပါလိမ့်မယ်။ အဲဒီအထဲမှာ အာဗြဟံရဲ့အစ်ကိုဖြစ်သူရဲ့သားဖြစ်တဲ့ လောတရော သူပိုင်တဲ့ဥစ္စာတွေပါ ပါသွားတဲ့အခါ အာဗြဟံဟာ သူ့ရဲ့ငယ်မွေးခြံပေါက်တပည့်(၃၁၈)ယောက်နဲ့ လိုက်တိုက်ပြီးအနိုင်ယူနိုင်ခဲ့တဲ့အပြင် ဘုရင်()ပါးသိမ်းယူသွားတဲ့ဥစ္စာရှိသမျှကိုပါ ပြန်သိမ်းယူနိုင် ခဲ့ပါတယ်။ တိုက်ပွဲကပြန်လာတဲ့အာဗြဟံကို သောဒုံမင်းကြီးကတောင် ထွက်ကြိုရတဲ့အခြေအနေအထိ အာဗြဟံဟာ ဘုရားသခင်ရဲ့မျက်နှာသာပေးခြင်းကို ခံစားခဲ့ရပါတယ်။ တိုက်ပွဲကပြန်လာတဲ့အာဗြဟံက လမ်းမှာ ယဇ်ပုရောဟိတ်မင်း မေလခိဇေဒက်နဲ့တွေ့တဲ့အခါမှာ မေလခိဇေဒက်က အာဗြဟံကို ကောင်းကြီးပေးပါတယ်။ အဲဒီနောက် အာဗြဟံက မေလခိဇေဒက်ကို ဆယ်ဘို့တဘို့ပြန်လှူပါတယ်။  အဲဒီလို ဆယ်ဘို့တဘို့ပေးလှူပြီးတဲ့နောက် သောဒုံမင်းကြီးနဲ့တွေ့တဲ့အခါ သောဒုံမင်းကြီးက သူ့လူတွေကလွဲပြီး ကျန်တဲ့ဥစ္စာပစ္စည်းမှန်သမျှကို အာဗြဟံကိုပေးပါတယ်။ အာဗြဟံက လုံးဝလက်ခံမယူဘဲ ငြင်းပယ်ပါတယ်။ တကယ့်ကို ခွန်အားရစရာအချက်ဖြစ်တယ်လို့ ကျနော်ပြောပါရစေ။ ဆယ်ဘို့တဘို့ကို သစ္စာရှိရှိပေးလှူသောသူအတွက် ကောင်းကြီးမင်္ဂလာဟာ ငြင်းယူရအောင်ကို များလှတဲ့အပြင် လူရဲ့ကောင်းကြီးအတွက် နေရာမပေးနိုင်လောက်အောင်ကို ဘုရားသခင်ရဲ့ကောင်းကြီးနဲ့ပြည့်လျှံနေပါမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲ …. မိတ်ဆွေ။ နောက်ဆုံးအနေနဲ့ ကျနော်ပြောချင်တာတစ်ခုက မိတ်ဆွေအနေနဲ့ ဆယ်ဘို့တဘို့ထည့်ခါနီးတိုင်း ဆင်ခြင်သတိရဖို့က ….ဆယ်ဘို့တဘို့ဆိုတာ ဘုရားသခင်က ခင်ဗျားဆီက ဆက်ကြေးကောက်နေတာ  မဟုတ်ပါဘူး။ ကောင်းကြီးတံခါးတွေကိုဖွင့်နိုင်မယ့် ရွှေသော့ကိုပေးထားတာဖြစ်ပါတယ်။         သို့သော် ကျနော်တို့တွေက အဲဒီရွှေသော့နဲ့ ကောင်းကြီးတံခါးတွေကိုဖွင့်ဖို့မကြိုးစားကြဘဲ ဘိန်းစားကျင့်၊ ဘိန်းစားကြံနဲ့ ရွှေသော့ကိုပေါင်စားပစ်၊ ရောင်းစားပစ်နေကြမယ်ဆိုရင် သိပ်ကို ဆင်ခြင်တုံတရားမဲ့လွန်းတယ် ဆိုတာပါပဲ။ ခင်ဗျားအတွက် ဘုရားသခင်ပေးထားတဲ့ ကျန်တဲ့ ဆယ်ပုံကိုးပုံကရော ဘုရားမပါဘဲ ခင်ဗျားအစွမ်းအစနဲ့ခင်ဗျားရှာထားတာလားလို့သာ တွေးကြည့်ပါတော့ဗျာ …. ….
          ကျနော်တို့ကို ဘုရားသခင်ခံစားခွင့်၊ သုံးစွဲခွင့်ပေးထားတဲ့အရာတိုင်းကို ဆယ်ဘို့တဘို့ပေးဖို့ ခက်ခဲလှတာကြောင့် အလွယ်ဆုံးဖြစ်တဲ့ ကောင်းကြီးမင်္ဂလာတွေအပေါ်မှာပဲ သစ္စာရှိရှိနဲ့ ထည့်ဝင်သွားကြရအောင်လားဗျာ … …                                                                     ချစ်ခြင်းအားဖြင့် ….. သမ္မာအလင်း

ကွဲကွဲပြားပြားသိစေလို [ အပိုင်း (၃) ]








ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ကျမ်းစာသင်တန်းတစ်ခုမှာ လူတစ်ယောက်က ကျနော့်ကို သုတ္တံ ၃၀း ၇- ၉မှာရှောလမုန်မင်းကြီးတောင် အသက်မွေးလောက်သောအစာကိုသာ ပေးဖို့တောင်းခဲ့ သေးတာပဲ လို့ ပြန်ပြီးထောက်ပြခဲ့ဖူးပါတယ်။ သူပြောတာလည်း ဟုတ်ပါတယ်။                               ဒါပေမယ့် ရှောလမုန်မင်းကြီးရဲ့ဆုတောင်းမှာကို သူ့ရဲ့စိတ်ရင်းအမှန်က ပေါ်နေတယ်ဆိုတာကို ကျနော်တို့ သတိထားကြည့်ဖို့လိုပါတယ်။
          သို့မဟုတ် အကျွန်ုပ်သည်ကြွယ်ဝ၍ ထာဝရဘုရားကား အဘယ်သူနည်းဟုဆိုလျက် ကိုယ်တော်ကိုငြင်းပယ်မည်ဟု စိုးရိမ်စရာရှိပါ၏။ သို့မဟုတ် ဆင်းရဲ၍ သူ့ဥစ္စာကိုခိုးသဖြင့် အကျွန်ုပ်၏ဘုရားသခင်နာမတော်ကို မုသာနှင့်ဆိုင်၍ မြွက်ဆိုမည်ဟု စိုးရိမ်စရာရှိပါ၏။ သုတ္တံ ၃၀း ၉
          ဒီဆုတောင်းချက်ကို တောင်းခဲ့တဲ့ ရှောလမုန်မင်းကြီးဟာ ကောင်းကြီးတွေများလာတာနဲ့အမျှ ဘုရားသခင်နဲ့ဝေးခဲ့ပါတယ်။ တကယ်တော့ ကျနော်တို့တွေအနေနဲ့ ကောင်းကြီးခံစားရမှ ဘုရားသခင်နဲ့ ဝေးတာမဟုတ်ပါဘူး။ ဟဂ္ဂဲ ၂း ၈ မှာတော့ ရွှေနဲ့ငွေကို ဘုရားသခင်ပိုင်တယ်လို့ဖော်ပြထားပါတယ်။ သုတ္တံ ၁၀း ၂၂မှာလည်း ထာဝရဘုရား၏ကောင်းကြီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေတတ်၏။ ထိုစည်းစိမ်နှင့်လည်း ၀မ်းနည်းခြင်းအကြောင်းကို ရောနှောတော်မမူ ….. လို့ဖော်ပြထားပါတယ်။ အဲဒီတော့ မိတ်ဆွေဟာ ကောင်းကြီးကိုကြောက်တဲ့သူ၊ ကောင်းကြီးခံစားရတာနဲ့ ဘုရားသခင်ကို စွန့်သွားမယ့်လူမျိုးဖြစ်နေရင်တော့ ဒီဆုတောင်းချက်က အနာနဲ့ဆေး တည့်တယ်လို့ပြောရမှာပါပဲ။ ဘုရားသခင့်ရဲ့အကြံအစည်တော်က ကျနော်တို့အတွက် ဘယ်လိုရည်ရွယ်ထားတယ်ဆိုတာကို            ဖိ ၄း ၁၉ မှာလေ့လာကြည့်ရင်သိနိုင်သလို သခင်ယေရှုခရစ်တော်ရဲ့ကောင်းကင်ဘုန်းစည်းစိမ်ကို စွန့်ပြီး လောကမှာဆင်းရဲခြင်းကိုခံတော်မူခဲ့တဲ့ရည်ရွယ်ချက်ကိုလည်း ၂ကော ၈း ၉မှာအခုလို ဖော်ပြထားပါတယ်။                                                                                 အကြောင်းမူကား ငါတို့သခင်ယေရှုခရစ်သည် စည်းစိမ်ရှိသော်လည်း ဆင်းရဲခြင်းကို ခံတော်မူခြင်းအားဖြင့် သင်တို့သည် စည်းစိမ်ရှိစေခြင်းငှာ သင်တို့အတွက်ကြောင့် ဆင်းရဲခြင်းကိုခံတော်မူသောကျေးဇူးတော်ကို သင်တို့သိကြ၏။   ကျနော်တို့တွေသတိပြုရမယ့်အချက်တစ်ခုက သမ္မာကျမ်းစာဟာ ကျနော်တို့အသိပညာနဲ့ လိုက်မမီနိုင်တဲ့ ဘုရားသခင်ရဲ့ အသစ်အသစ်သော နည်းလမ်းတွေအားဖြင့်ပြုတော်မူခဲ့တဲ့ နိမိတ်လက္ခဏာတွေနဲ့ ဘုရားသခင်ကိုယ်တော်တိုင်ဇာတ်ညွှန်း ရေးသားပြီး အကောင်အထည် ဖော်ဆောင်ခဲ့တဲ့ ကယ်တင်ခြင်းဇာတ်လမ်းအကြောင်းကိုပါ ၀ိညာဉ်တော်အားဖြင့် မှုတ်သွင်းပြီး ရေးသားထားတာဖြစ်တယ်ဆိုတာပါပဲ။ တကယ်တော့ လက်ဝါးကားတိုင်မှာ သခင်ယေရှုခရစ်တော် အသေမခံသေးခင်အချိန်မှာ ခင်ဗျားတို့၊ ကျနော်တို့လို တပါးအမျိုးသားတွေအတွက် ဘာမှအာမခံချက် ရှိသေးတာမဟုတ်ပါဘူး။ ဒီအချက်ကို နောက်အကြောင်းအရာမှာ ပိုပြီးတော့ နားလည်လာပါလိမ့်မယ်။ သခင်ယေရှုခံယူတော်မူခဲ့တဲ့ ထိုးနှက်ရိုက်ပုတ်ခြင်း၊ နာကျင်ခြင်းဝေဒနာ၊ ရှက်ဖွယ်လိလိကားတိုင်၊ အသေခံခြင်း၊ ဆင်းရဲခံခြင်းအစရှိတာတွေ အားလုံးဟာ ကျနော်တို့ကိုယ်စားဖြစ်ပါတယ်။ အဲဒီလိုအမှုကို ပြီးမြောက်အောင်မလုပ်ရသေးခင်မှာ သူသင်ပေးခဲ့တဲ့ဆုတောင်းချက်က ကိုယ်ရေးကိုယ်တာသိပ်ဆန် လွန်းပေမယ့် လက်ဝါးကားတိုင်မှာအသေခံပြီးတဲ့နောက် ပဋိညာဉ်တရားသစ်ရဲ့ဆုတောင်းချက်တွေဖြစ် တဲ့  ဧဖက် ၁း ၁၇- ၁၉  ဆုတောင်းသောအချက် ဟူမူကား၊ ငါတို့သခင်ယေရှုခရစ်၏ ဘုရားသခင် ဖြစ်တော်မူသော ဘုန်းကြီးသောအဘ ခမည်းတော်သည် ကိုယ်တော်မြတ်ကို သိခြင်းအလိုငှါ ပညာကို၎င်း၊ ထိုးထွင်း သောဥာဏ်ကို၎င်း၊ သင်တို့အားပေးပါမည်အကြောင်း၊ ခေါ်တော်မူသောကြောင့် မြော်လင့်ရသောအရာကား အဘယ်အရာဖြစ်သည်ကို၎င်း၊ သန့်ရှင်းသူတို့သည် ခံရသော အမွေတော်၏ ဘုန်းစည်းစိမ်ကား အဘယ်မျှလောက် ကြီးသည်ကို၎င်း၊ ယုံကြည်သောငါတို့၌ ပြတော်မူသော အလွန်ကြီး လှစွာသော တန်ခိုးတော်ကား အဘယ်မျှလောက် ကြီးသည်ကို၎င်း၊ သင်တို့သည် သိစေခြင်းငှါ၊ သင်တို့၏ဥာဏ် မျက်စိကို လင်းစေပါမည်အကြောင်း ဆုတောင်းပဌနာပြု၏။   နဲ့နှိုင်းယှဉ် ပြီးလေ့လာကြည့်ရင် ဘာတွေကွာတယ်ဆိုတာ သိရပါလိမ့်မယ်။ ပဋိညာဉ်တရားသစ်ရဲ့ကောင်းကြီး မင်္ဂလာလျှို့ဝှက်ချက်၊ ဘုန်းစည်းစိမ်ကိုဖွင့်တဲ့သော့က သခင်ယေရှုဖြစ်ပါတယ်။ သခင်ယေရှုဘာတွေ လုပ်ဆောင်ပြီးခဲ့ပြီလဲဆိုတာကို နားလည်ထားခြင်းအားဖြင့် ဘုရားသခင်ရဲ့ကောင်းကင်ဘဏ္ဍာတိုက်ကို ခင်ဗျားအချိန်မရွေးဖွင့်နိုင်ပြီဖြစ်ပါတယ်။


၅။ သူတပါးသည် အကျွန်ုပ်တို့ကို ပြစ်မှားသောအပြစ်များကို အကျွန်ုပ်တို့သည် လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏အပြစ်များကို လွှတ်တော်မူပါ။
ဒီအကြောင်းအရာနဲ့ပတ်သက်လို့ သခင်ယေရှုခရစ်တော်ပြောဆိုခဲ့တဲ့ ခွင့်လွှတ်ခြင်းစံနှုန်းတွေကို တဆက်တည်းလေ့လာကြည့်ကြဖို့ လိုအပ်ပါလိမ့်မယ်။ တကယ်တမ်းကျတော့ သခင်ယေရှုဟာ ဘုရားသခင်ရဲ့ပညတ်တရားအလုံးစုံကို လိုက်လျှောက်နိုင်တယ်လို့ သွေးနားထင်ရောက်နေတဲ့ ဖာရိရှဲတွေ၊ ဘာသာရေးခေါင်းဆောင်တွေကို ပညတ်တရားရဲ့စံနှုန်းဟာ သူတို့ထင်ထားသလောက် မလွယ်ကူလှတာကို လူသိထင်ရှားထောက်ပြခဲ့တဲ့သူဖြစ်ပါတယ်။                             ပညတ်တရားက လူ့အသတ်ကိုမသတ်ရလို့ သွန်သင်ထားပေမယ့် သခင်ယေရှုကတော့ ဒေါသအမျက် ထွက်တယ်၊ ကဲ့ရဲ့တယ်၊ ကျိန်ဆဲတယ်ဆိုရင်ကို လူ့အသက်ကိုသတ်တာထက်ပိုပြီး အပြစ်ခံရမယ်လို့ မဿဲ ၅း ၂၁- ၂၂မှာပြောဆိုခဲ့ပါတယ်။                                                           ပညတ်တရားက သူ့မယားကိုမပြစ်မှားရလို့ သွန်သင်ထားပေမယ့် သခင်ယေရှုကတော့ ကိလေသာစိတ်နဲ့ ကြည့်မိရင်ကို ပြစ်မှားရာရောက်တယ်၊ လူတစ်ကိုယ်လုံးငရဲကျခံရတာထက် မှားယွင်းစေတဲ့မျက်စိကို ဖောက်ထုတ်ပစ်ရမယ်လို့ မဿဲ ၅း ၂၇- ၃၀မှာဆိုခဲ့ပါတယ်။      တကယ်တော့ သခင်ယေရှုက အဲဒီလိုပြောဆိုနေခြင်းဟာ ပညတ်တရားကို လူ့အနေနဲ့လိုက်လျှောက်ဖို့ မဖြစ်နိုင်တာကို အမြင်မှန်ရစေချင်လို့ဖြစ်ပါတယ်။ ပညတ်တရားရဲ့သဘောကတော့ လူ့ဘက်က ကောင်းရင် ဘုရားဘက်ကကောင်းမယ်၊ လူ့ဘက်က မကောင်းရင် ပညတ်တရားကမကောင်းဘူး။ လုပ်နိုင်ရင် ရမယ်၊ မလုပ်နိုင်ရင် မရဘူးဆိုတဲ့နည်းပါပဲ။                          ဘုရားသခင်ရဲ့ခွင့်လွှတ်ခြင်းနဲ့ ပတ်သက်ရင်လည်း ပညတ်တရားက အဲဒီလိုပဲဆိုတာကို              မဿဲ ၅း ၁၄- ၁၅မှာ ပိုပြီးထင်ထင်ရှားရှားဖော်ပြထားပါတယ်။ ဧဖက် ၂း ၁၅မှာဆိုရင်လည်း ပညတ်တရားဟာ ရန်ငျြိုးဖွဲ့ခြင်းအကြောင်းဖြစ်တယ်ဆိုတာ တွေ့နိုင်ပါတယ်။ အဲဒီလိုပညတ်တရားရဲ့တောင်းဆိုမှုက ဘယ်လောက်အထိတောင်ကြီးမားတယ်ဆိုတာကို သခင်ယေရှုက မဿဲ ၁၈- ၂၁- ၂၂မှာ ပေတရုကိုပြောဆိုခဲ့ပါတယ်။ ပေတရုက (၇)ကြိမ်တိတိ ခွင့်လွှတ်ရမှာလားလို့မေးတာကို သခင်ယေရှုက အကြိမ်(၇၀)၊ (၇)လီ စုစုပေါင်း (၄၉၀)တိုင်အောင် ခွင့်လွှတ်ရမယ်လို့ အဖြေပေးခဲ့ပါတယ်။ ဒါ့အပြင် မဿဲ ၁၈း ၃၅မှာလည်း စိတ်နှလုံးပါလျက်အပြစ် မလွှတ်ရင် ဘုရားသခင်ကလည်း မလွှတ်ဘူးလို့ဆိုထားပါသေးတယ်။ ကဲ ..... ဘယ်လိုလဲ?             မိတ်ဆွေအနေနဲ့ရော အဲဒီလိုမျိုးဖြစ်နိုင်ပါ့မလား။ သခင်ယေရှုရဲ့ လက်ဝါးကားတိုင်မှာ အသေခံပြီးတဲ့နောက် ခွင့်လွှတ်ခြင်းနဲ့ ပတ်သက်ပြီး ဘယ်လိုကွာခြားသွားတယ်ဆိုတာကို နားလည်ဖို့ အတွက် ဧဖက် ၄း ၃၂ ကိုလေ့လာကြည့်ကြရအောင်။                                                          အချင်းချင်းကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့ အချင်းချင်းအပြစ်လွှတ်ခြင်း ရှိကြလော့။ ဒီအချက်ကိုသေချာစိတ်ဖြာကြည့်ရင် (၁) ခရစ်တော်ကြောင့် ဘုရားသခင်ကအပြစ်လွှတ်တာကို ကျနော်တို့တွေ ဦးစွာခံစားရတာကြောင့်     (၂) ကျနော်တို့အချင်းချင်း အပြစ်လွှတ်ရမယ်လို့ ဆိုပါတယ်။ ပဋိညာဉ်တရားအဟောင်းရဲ့အောက်မှာ သွန်သင်ခဲ့တာနဲ့ လုံးဝကိုကွဲပြားသွားပါတယ်။ ခရစ်တော်ရဲ့အသေခံခြင်းက ဘုရားသခင်ရဲ့ပညတ် တရားနဲ့ လူရဲ့ကြားမှာရှိနေတဲ့ ရန်ကြွေးမှန်သမျှကို နိဂုံးချုပ်စေလိုက်ပြီဖြစ်ပါတယ်။     
အထက်က ဘုရားသခင်နှင့်ကွာရှင်း၍၊ ဆိုးညစ်သောအကျင့်ကိုကျင့်သဖြင့် စိတ်နှလုံး၌ ရန်သူဖြစ်သော သင်တို့ကို၊ ကိုယ်ခန္ခာတော်  အသေခံတော်မူသောအားဖြင့်၊ ယခုမိဿဟာယ ဖွဲ့စေတော်မူ၏။  ကောလောသဲ ၁း ၂၁
တယောက်၌တယောက်အပြစ်တင်စရာအခွင့်ရှိလျှင်၊ အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်ကြလော့။ ခရစ်တော်သည်သင်တို့၏ အပြစ်ကိုလွှတ်တော်မူသကဲ့သို့၊ ထိုနည်းတူ ပြုကြလော့။ စုံလင်ခြင်းအဖွဲ့အစည်းတည်းဟူသော ချစ်ခြင်းမေတ္တာကိုထပ်၍ ယူတင်ဝတ်ဆောင်ကြလော့။ ကောလောသဲ ၃း ၁၃- ၁၄                                                                                        ပဋိညာဉ်တရားသစ်ရဲ့အပြစ်ဖြေလွှတ်မှုရဲ့အဓိကသူက တရားဟောင်းတုန်းကလို ခင်ဗျားတို့၊ ကျနော်တို့မဟုတ်ပါဘူး။ ခရစ်တော်ဖြစ်ပါတယ်။ ခင်ဗျားက တပါးသူကိုခွင့်လွှတ်လို့ ဘုရားသခင်က ခင်ဗျားကိုခွင့်လွှတ်တာမဟုတ်ပါဘူး။ ပညတ်တရားရဲ့တောင်းဆိုမှုအတိုင်း စံမီအောင် ခွင့်မလွတ်နိုင်လို့ သခင်ယေရှုက ပညတ်တရားရဲ့အဖိုးအခကို ကျနော်တို့ကိုယ်စားလက်ဝါးကားတိုင်မှာ ပေးချေခဲ့တာ ဖြစ်ပါတယ်။

Share

Twitter Delicious Facebook Digg Stumbleupon Favorites