ကောရိ န္တု သြဝါဒစာပဌမစောင် ( ၁၃း ၄-၈ )

၎မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်း မရှိ၊ မာန်မာနမရှိ။ ၅လျောက်ပတ်စွာမကျင့်တတ်၊ ကိုယ်အကျိုးကို မရှာတတ်၊ ဒေါသအမျက်မထွက်တတ်၊ အပြစ်ရှိ သည်ဟု မထင်တတ်၊ ၆မတရားသောအမှု၌ ဝမ်းမြောက်ခြင်းမရှိတတ်၊ သမ္မာတရား၌ဝမ်းမြောက်တတ်၏။ ၇ခပ်သိမ်း သောအရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။ ခပ်သိမ်းသောအရာကို မြော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။ ၈မေတ္တာသည် ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏။ ပရောဖက် ဥာဏ်သော်၎င်း၊ အမျိုးမျိုးသောဘာသာစကားကို ပြောနိုင်သောအခွင့်သော်၎င်း၊ သိပ္ပံအတတ်သော်၎င်း၊ ကွယ်ပျောက်လိမ့်မည်။

ဆာလံကျမ်း ( ၉၈း ၁ )

၁ထာဝရဘုရားအား အသစ်သောသီချင်းကို ဆိုကြလော့၊၊ အံ့ဘွယ်သောအမှုတို့ကို ပြုတော်မူပြီ၊၊ လက်ျာလက်တော်နှင့် သန့်ရှင်းသောလက်ရုံးတော်သည် ကိုယ်တော်အဘို့ ကယ်တင်ခြင်းအမှုကို ပြုလေပြီ၊၊

ရှင်လုကာခရစ်ဝင် ( ၅း ၄ )

စကားတော်ပြတ်သောအခါ၊ ရေနက်ရာအရပ်သို့ ရွှေ့ဦးလော့။ ပိုက်ကွန်ကိုချ၍ ငါးကိုအုပ်စမ်း လော့ဟု ရှိမုန်အား မိန့်တော်မူ၏။

ယေရမိအနာဂတ္တိကျမ်း ( ၂၀း ၇ )

၇အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို သွေးဆောင်တော်မူသည်အတိုင်း၊ အကျွန်ုပ် လိုက်ပါပြီ။ ကိုယ်တော်သည် အကျွန်ုပ်ထက်အားကြီး၍ နိုင်တော်မူပြီ။

ဧဖက်သြ၀ါဒစာ ( ၄း ၂၆-၂၇ )

၂၆အမျက်ထွက်ရာတွင် အပြစ်မရှိ စေနှင့်။ ၂၇အမျက် မပြေဘဲ နေမဝင်စေနှင့်။ မာရ်နတ်ကို အခွင့်မပေးကြနှင့်။

အကောင်းမြတ်ဆုံး ကတိတော်

သင်သည် ရေကိုလျှောက်သွားသောအခါ သင်နှင့်အတူ ငါရှိ၏။
မြစ်တို့ကို လျှောက်သွားသောအခါ မနစ်မမွန်းရ။
မီးကိုချင်းနင်းသောအခါလည်း မလောင်ရ။
မီးလျှံလည်း မငြိရ။
ဟေရှာယ ၄၃း ၂


သင်သည် ငါမြတ်နိုးရာဖြစ်သောကြောင့် အသရေရှိပြီ။ ငါလည်းချစ်၏။
ထို့ကြောင့် သင့်အတွက် လူတို့ကို၎င်း၊ သင်၏အသက်အတွက် လူမျိုးတို့ကို၎င်း ငါပေးမည်။
ဟေရှာယ ၄၃း ၎

ဘုရားသခင်က မေတ္တတော်ရှင်ဘုရားဆိုရင် ဘာကြောင့် သဘာဝဘေးဒဏ်တွေကို ကျရောက်စေပြီး လူတွေသေကြေပျက်ဆီး၊ ဒုက္ခရောက်စေဖို့ ဘာလို့ ခွင့်ပြုတာလဲ။


အခုပြီးခဲ့တဲ့ ရက်ပိုင်းလေးထဲမှာပဲ ဂျပန်နိုင်ငံမှာ ဆူနာမီနဲ့ မြေငလျင်သတင်းက လူတော်တော်များများကို တုန်လှုပ်သွား စေပါတယ်။ Internet ကနေလည်း ဓါတ်ပုံတွေ၊ video တွေလည်း တွေ့လိုက်ရတယ်။ တကယ်ကို
စိတ်မကောင်းပါဘူး။ ကျွန်တော်ကိုယ်တိုင် လည်း ၂၀၀၈ မှာ ရိုက်ခတ်သွားတဲ့ နာဂစ်မုန်တိုင်းကို ခံခဲ့ရတော့ အခုလို ဒုက္ခရောက်နေတဲ့ ဂျပန် နိုင်ငံက လူတွေအတွက် ကိုယ်ချင်းစာမိပါတယ်။ ဒါတွေတွေးမိရင်းနဲ့ ဒီ ဝေငှချက်လေးကို အလုပ်များတဲ့ကြားထဲကနေ ကောက်ရေးမိလိုက်တာပါ။ အခုလို သဘာဝ ဘေးဒဏ်တွေ ဖြစ်ပေါ်လာတော့ လူတွေ သေကြေကြတယ်။ ကလေးတွေ မိဘမဲ့ဖြစ်ကုန်ကြရတယ်။ ဇနီးသည်တွေလည်း သူတို့ ခင်ပွန်းတွေ ပျောက်ဆုံးကြသလို၊ ခင်ပွန်းသည်တွေလည်း ဇနီးတွေကို လက်လွတ် ဆုံးရှုံးကြရတယ်။ ချစ်သူ၊ ခင်သူတွေ တကွဲတပြားဖြစ်ကုန်ကြတယ်။ နာဂစ်မုန်တိုင်းတုန်းကဆိုလည်း ဒီလိုပါပဲ။ တကယ်ပါ။ ဘုရားသခင် ဘယ်ရောက်နေလဲလို့တောင် မေးမိတယ်။ တလောကလုံးက (ဆိုလိုတာကမုန်တိုင်းဒဏ်ခံနေရတဲ့ အခြေ အနေကို ပြောတာပါ) ရစရာမရှိအောင်ဖြစ်ပျက်နေတာ။ နာဂစ်မုန်တိုင်းက ကျွန်တော့်အတွက်တော့ မမေ့နိုင်စရာ ဘ၀ရဲ့အမှတ်တရ တစ်ခုဖြစ်ခဲ့ရတယ်။ အခုလည်း ဂျပန်နိုင်ငံမှာ ဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေ internet မှာတင်ထားတဲ့ ဓါတ်ပုံတွေကို ကြည့်ပြီး ဘုရားသခင်က အရာရာကို ထိန်းချုပ် ထားတယ်ဆိုတာတောင် သံသယ ဖြစ်မိတယ်။ ဘုရားသခင် ကချစ်ခြင်းမေတ္တာရှင် ဆိုပြီး အခုလို လူတွေသေကြေကြတယ်။ ဒုက္ခရောက်နေကြတာ၊ ဘုရားသခင် ဘာလို့ လျစ်လျုရှု ထားတာလဲ။ ကောလောသဲ ၁း ၁၆-၁၇ မှာ ”အကြောင်းမူကား၊ ထိုသားတော်သည် ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာ ရှိသမျှသော ရှုပအရာ၊ အရှုပအရာ၊ ရာဇပလ္လင်ဖြစ်စေ၊ အစိုးရခြင်းတန်ခိုးဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာဏာစက်ဖြစ်စေ၊ ခပ်သိမ်း သောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်၎င်း၊ ထိုသခင်အဖို့အလိုငှါ၎င်း ခပ်သိမ်းသောအရာတို့သည် ဖန် ဆင်းလျက်ဖြစ်ကြ၏။ သားတော်သည်လည်း ခပ်သိမ်းသောအရာမဖြစ်မှီ ဖြစ်တော်မူ၍ ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်အားဖြင့်သာ တည်ကြ၏။”  သားတော် ယေရှုခရစ်တော်က ခပ်သိမ်းသောအရာတွေကို ထိန်းချုပ် ထားတာဖြစ်ပါ တယ်။ ဒီလိုဆိုရင်ဘုရားသခင်က ဒီသဘာဝဘေးဒဏ်တွေကို မကျရောက်လာဖို့ မတားဆီးနိုင်ဘူးလား၊ အဖြေကရှင်းရှင်း လေးပါ။ တားဆီးနိုင်ပါတယ်။ ရာသီဥတုတွေကို ဘုရားသခင်လွှမ်းမိုးနိုင်သလား၊ လွှမ်းမိုးနိုင်ပါတယ်။ တရာဟော ၁၁း ၁၇ နဲ့ ယာကုပ် ၅း၁၇ မှာ တွေ့နိုင်ပါတယ်။ တောလည်ရာကျမ်း ၁၆း ၃၀-၃၄ မှာ ဘုရားသခင်က လူတွေရဲ့
အပြစ်ကို တရား စီရင်ဖို့ တခါတလေ သဘာဝဘေးဒဏ်တွေကို ကျရောက်စေတယ်လို့ဖော်ပြထားပါတယ်။ ဗျာဒိတ်ကျမ်းမှာ လည်း သဘာဝ ဘေးဒဏ်တွေ အကြောင်းကိုဖော်ပြထားပါတယ် (ဗျာ ၆၊ ၈၊ ၁၆)။ ဒီလိုပြောလို့ ဂျပန်နိုင်ငံကလူတွေရဲ့အပြစ်ကို ဘုရား သခင် တရားစီရင်နေတာဖြစ်တယ်လို့ ဆိုလိုခြင်းမဟုတ်ပါ။ နောက်တစ်ခု နားလည်ရာမှာက သဘာဝ ဘေးဒဏ်တိုင်းက ဘုရားသခင်ရဲ့တရားစီရင် မဟုတ်ပါဘူး။လောကမှာ ဘုရားသခင်က မတရားသောသူများကိုလည်း အသက်ရှင်ခွင့်ပေးထားပါတယ်။
ရောမ ၈း ၁၉-၂၁ မှာ ဆိုရင် လောကကြီးက ဘုရားသားများပေါ်ထွန်းဖို့အတွက်မျှော်လင့်နေတယ်။ နောက်ပြီး ဘုရားသခင်ဖန်ဆင်းထားတဲ့ ဒီလောက ကြီး ကအနိစ္စဆိုတဲ့ မတည်မြဲခြင်းကို ရောက်တယ်။ ဒီလိုရောက်တာဟာသူ့အလိုအလျောက်မဟုတ်ဘူး။ ဘုရားသခင် အလိုကြောင့်ဖြစ်ပြီး၊ ဘုရားသားများဘုန်းဝင်စားတဲ့အခါ ဘုရားက လောကကိုလွှတ်ငြိမ်းချမ်းသာခြင်းပေးမှာဖြစ်တယ် လို့ ပြောထားပါတယ်။ အပြစ်တရားကြောင့် အရာအားလုံးဟာ ပျက်စီးခြင်းကို ရောက်ရကြတယ်။ ကျွန်တော်တို့ နေထိုင်နေတဲ့ ကမ္ဘာလောကကြီး အပါအ၀င် ပျက်ဆီးခြင်းဆီကို ရွှေ့လျားနေတယ်။ ဒီအပြစ်တရားကြောင့်ပဲ အခုလို သဘာဝ ကပ်ဘေးတွေ တွေ့ကြုံရပြီး၊ ရောဂါဆိုးတွေ၊ ဒုက္ခဆင်းရဲခြင်းအမျိုးမျိုးတွေ ကြုံတွေ့နေရတာဖြစ်ပါတယ်။ ဒါကြောင့် အခုလို အဖြစ်အပျက်ဆိုးကြီးတွေ ဘာကြောင့် ရောက်လာတယ်ဆိုတာကျွန်တော်တို့ နားလည်နိုင်ပေ မယ့် ဘုရားသခင်ဘာလို့ ဒီဆိုးကျိုးတွေကို ခွင့်ပြုတာလဲဆိုတာတော့ ကျွန်တော့်တို့ နားမလည်နိုင်ပါဘူး။ ဆူနာမီ ကြောင့်အာရှနိုင်ငံက သိန်းပေါင်းများစွာသောလူတွေ သေဖို့ ဘုရားသခင် ဘာလို့ခွင့်ပြုတာလဲ။ ထောင်ပေါင်းများစွာသော လူတွေ သေဖို့ US မှာဖြစ်ပျက်သွားတဲ့ ဟာရီကိန်း ကို ဘုရားသခင်ဘာကြောင့် မတားဆီးခဲ့တာလဲ။ ကျွန်တော်တို့ ဘုရားသခင်ရဲ့ သဘောသဘာဝ ကို နားမလည်နိုင်ပါဘူး။ ဒါပေမယ့်သေချာတာကတစ်ခုကတော့ ဒီလို အဖြစ်အပျက်ဆိုးက အခု ဘ၀ အသက်ရှင်နေတဲ့ အချိန်ဘယ်လို အသက်ရှင်မလဲ ဆိုတာနဲ့ သေပြီး တမလွန်အတွက် ထာဝရကာလကို စဉ်းစားစရာတစ်ခု ဖြစ်စေပါတယ်။ လူ့ဘ၀ဆိုတာ ဘာမှ မဟုတ်ဘူး။ အချိန်ခဏလေးအတွင်းမှာကိုယ့်အသက်တောင် ပျောက်သွား နိုင်တယ်ဆိုတာ စဉ်းစာတစ်ခု ဖြစ်လာပါတယ်။
ဘုရားသခင်က ကောင်းမြတ်သော ဘုရားဖြစ်တယ်ဆိုတာ ကျွန်တော်တို့ အကြွင်းမဲ့ယုံကြည်ဖို့လိုပါတယ်။ ဒီလို ဘေးအန္တရယ်ဆိုးကြီးထဲမှာပင် ဘုရားသခင်ကိုမြင်လာဖို့၊ သိလာဖို့၊ ဘုရားဆီကို ချဉ်းကပ်လာဖို့ များစွာသော နိမိတ်လက္ခဏာတွေ ဖြစ်ပျက်သွားမယ်ဆိုတာ ကျွန်တော်အကြွင်းမဲ့ ယုံကြည် ပါတယ်။ပြီးတော့ (Christian Organization) ခရစ်သာသနာအဖွဲ့အစည်းတွေကလည်းလိုအပ်တဲ့အကူညီတွေပေးပြီး၊ ကြေကွဲနေတဲ့သူတွေကို counselingလုပ်ခြင်း၊ဆုတောင်းပေးခြင်း၊ခရစ်တော်အကြောင်းကိုသက်သေခံခြင်းများအားဖြင့်ကြေကွဲစရာ
ကောင်းတဲ့ အဖြစ်အပျက်ထဲကနေ ဘ၀ရဲ့ အလင်းထဲကို ရောက်လာကြမယ့်သူတွေလည်း ရှိမှာဖြစ်တယ်။ ရောမ ၈း ၂၈ မှာ အရာအားလုံးက ကောင်းဖို့ပဲဘုရားသခင်လုပ်တာဖြစ်တယ်။ ဒီအပြင် ဘ၀မှာ ပိုင်ဆိုင်တဲ့ အရာတွေ အားလုံးကဘာမှ မဟုတ်ဘူးဆိုတာ အခုလို သဘာဝဘေးဒဏ်တွေက မြင်တတ် တဲ့လူတွေကို
စကားပြောနေပါတယ်။ ကျမ်းစာထဲမှာလဲ ”လောကနဲ့ လောကမှာရှိတဲ့ စည်းစိမ်တွေဟာ ပျောက် ကွယ်သွားတတ်တယ်။ ဒါပေမယ့် ဘုရားရဲ့အလိုတော်ကို ဆောင်တဲ့သူကတော့ထာဝရတည်တယ် လို့ ၁ ယော ၂း ၁၇ မှာ ပြောထားပါတယ်။ ဘုရားရဲ့အလို တော်ကိုဆောင်တဲ့သူက သူသေသွားရင်တောင်မှ သူ အလိုတော် ဆောင်ခဲ့တဲ့အရာ တွေကကောင်းကင်မှာ ထာဝရ ခံစား ရမှာဖြစ်တယ်။ လောက အရာပဲ တပ်မက်တဲ့သူကတော့ လောကကြီးလိုပဲ ဘာမှ ကျန်မှာ မဟုတ်ဘူး။ တစ်ချိန်မှာတော့ပျောက်ကွယ်သွားမှာဖြစ်တယ်။ ဒီအဖြစ်အပျက်က ကျွန်တော်တို့တွေ ကို ၀ိညာဉ်ရေးရာ သင်ခန်းစာတွေ ပေးပါတယ်။ ဂျပန်နိုင်ငံမှာ ဖြစ်ပျက်သွားတဲ့ ဆူနာမီကြောင့် ဒုက္ခရောက်တဲ့သူတွေ၊ သေဆုံးသွားကြတဲ့သူတွေကို ကျွန်တော်တို့ မသိပါ ဘူး။ ကျွန်တော်တို့ မိတ်ဆွေတွေလည်း မဟုတ်ပါဘူး။ ဆွေမျိုးလည်း မတော်ပါဘူး။ ဒါပေမယ့် အသက်ရှင်တဲ့ ဘုရား ကို သိတဲ့ ကျွန်တော်တို့ ယုံကြည်သူတွေ သူတို့အတွက် ဆုတောင်းပေးဖို့လိုပါတယ်။ သဘာဝမုန်တိုင်းတွေ၊ ဘ၀မုန်တိုင်း တွေ၊ ဘယ်လိုမုန်တိုင်းတွေပဲဖြစ်ပါစေ အဲဒီ မုန်တိုင်းတွေထဲမှာ အသက်ရှင်တဲ့ ဘုရားကို တွေ့သွားဖို့ ဆုတောင်းပေးဖို့ လိုပါတယ်။ မှန်ပါတယ်။ ဘုရားသခင်က မေတ္တာရှင် ဘုရားဖြစ်ပါတယ်။ အခုလို ဘေးဒဏ်တွေရောက်လာခြင်း ဟာ ဘုရားသခင် ခွင့်ပြုလို့ ရောက်လာခြင်းဖြစ်ပြီး၊ ဒီလို အဖြစ်အပျက်တွေအားဖြင့် ဘုရားဆီကို ပြန်လှည့်လာဖို့ ဘုရားသခင် သင့်ကို ခေါ်နေခြင်းဖြစ်ပါတယ်။ မဟုတ်ရင် ဒီထက် ကပ်ဘေးတွေ ရောက်လာအုံးမယ်ဆိုတာ ကျမ်းစာထဲမှာလည်း ပြောထားပြီး သားဖြစ်ပါတယ်။ ဒါကြောင့် ချစ်သောမိတ်ဆွေ၊ ဘုရားသခင်ဆီကို ပြန်ပြီး တိုးဝင်ချဉ်းကပ်ရင်းနဲ့ အသက်တာကို ပြန်လည်ဆက်ကပ်ဖို့ ဒီ ဝေငှချက်လေးကို ဝေငှလိုက်ပါတယ်။

ဘုရားသခင်ကောင်းကြီး ပေးပါစေ။
ခရစ်တော်၌
စွမ်ဇာခိုင်

ကမ္ဘာပျက်မယ့်နေ့ နဲ့ ဥက္ကာပျံ အန္တရာယ်

သက္ကရာဇ် ၂၀၁၂ ခုနှစ်မှာ ကမ္ဘာကြီး ပျက်သုဉ်းမယ်လို့ ပြောလာသူ အများအပြားရှိနေပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း တထောင်ကျော်က အမေရိကတိုက် အလယ်ပိုင်းမှာနေထိုင်ခဲ့တဲ့ မိုင်ယန် (Mayan) လူမျိုးတွေ ရေးဆွဲသွားတဲ့ မိုင်ယန် ပြက္ခဒိန်က ၂၀၁၂ခုနှစ်မှာ ဆုံးနေပါတယ်။   လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ လောက်ကတည်းက ပြင်သစ်နိုင်ငံမှာမွေးဖွားလာသူ တဦးဖြစ်တဲ့ နော်စထရာ ဒါးမတ်စ် (Nostradamus) ဟာ ကမ္ဘာကြီးမှာ ဘာတွေ ဖြစ်လာမယ် ဆိုတာ ကြိုတင်ခန့်မှန်း ရာမှာ မှန်ကန်တယ်လို့  နံမယ်ကြီးသူဖြစ်ပါတယ်။ သူ့ရဲ့ နိမိတ်ဖတ်ချက် တွေကို အနက်ကောက်ကြရာမှာ ၂၀၁၂ခုနှစ် ဒီဖင်ဘာလ ၂၁ရက်နေ့မှာ ကမ္ဘာပျက်ကိန်း ရှိတယ်လို့ ဆိုပါတယ်။
သိပ္ပံပညာရှင် တွေကတော့ ဒါကို လက်မခံကြပါဘူးလို့  Illinois အီလီနွိုင်းတက္ကသိုလ်က Astronomer နက္ခတ္တဗေဒ ပညာရှင် ဒေါက်တာဝင်းသာထွေးက ပြောပါတယ်။
အဲဒီနေ့မှာ Galactic allignment  လို့ခေါ်တဲ့ နဂါးငွေ့တန်း ဗဟိုယာဉ်စွန်းတန်းနဲ့  နေရဲ့ ပတ်လမ်းကြောင်းဟာ တတန်းထဲရှိနေတာမို့  ဆွဲအားတွေ သိပ်များပြီး နေကရွေ့လျားသွားမလားလို့ ပူပင်သူတွေ ရှိကြပါတယ်။  ကမ္ဘာ့ လူသားတွေဟာ နေမိသားစုထဲမှာ နေကိုအားကိုးနေထိုင်သူတွေမို့ နေရွေ့  သွားခဲ့ရင် ဂြိုဟ်တွေပါ ပရမ်းပတာ ဖြစ်ပြီး  အားလုံး ကစဉ့်ကလျားဖြစ်မှာကိုစိုး ကြတာပါ။  ဒါ့ပြင် အဲဒီနေ့မှာ ဂြိုဟ်တွေ တတန်းထဲ ရှိမှာမို့ စိုးရိမ် သူတွေ အတွက်လည်း ဒါဟာ နှစ်စဉ် ဖြစ်ရိုးဖြစ်စဉ်တခုလို့ ဆိုပါတယ်။
ဥက္ကာပျံကြီးတွေ ၀င်တိုက်လို့ ပျက်စီးမယ့် အရေးပူပန်နေသူတွေလည်းရှိပါတယ်။
ဥက္ကာပျံ ကို ၃မျိုးခွဲခြား နိုင်ပြီး  အင်္ဂါဂြိုဟ်နဲ့  ကြာသပတေးဂြိုဟ်ကြားမှာ ပျံ့နှံနေတဲ့  ကျောက်အစိုင်အခဲကြီး တွေကိုတော့ Asteroids လို့ခေါ်ပါတယ်။  သူတို့ဟာ အကျယ်အ၀န်း ၂မိုင် ၃မိုင်လောက် ထိအောင် ကြီးကြီး မားမား ရှိတတ်ပါတယ်။  အဲဒီထဲက တချို့ကျောက်စိုင်ကျောက်ခဲတွေ ကမ္ဘာ့လေထုထဲဝင်လာတာ ဒါမှမဟုတ် တခြားဂြိုဟ်က ကျောက်စိုင်ကျောက်ခဲတွေ ၀င်လာတာမျိုးမှာ  လေရဲ့ ပွတ်တိုက်မှုကြောင့် မီးလောင်ပြီး ကျတာ မျိုးကိုတော့  ကြယ်ကြွေတာ ဒါမှမဟုတ် Meteor လို့ ခေါ်ပါတယ်။   နောက်တမျိုးကတော့ ကမ္ဘာကို ဘဲဥပုံပတ် နေတဲ့  ရေခဲတွေနဲ့ ဖွဲ့စည်းထားတဲ့  Comet ပါ။  Meteoroids နဲ့ Comet တွေကတော့ အန္တရာယ် မရှိလှပါဘူး။
၁၉၉၄ခုနှစ် က အလွန်ကြီးမားတဲ့ Asteroids လို့ခေါ်တဲ့  ဥက္ကာပျံ ဟာ ကြာသပတေး ဂြိုဟ်ပေါ် ကျရောက်ခဲ့ ပါတယ်။  ကြာသပတေး ဂြိုဟ်ဟာ ဆွဲငင်အားအလွန် ပြင်းထန်တာမို့  ဥက္ကာပျံဟာ အပိုင်း ၂၄ပိုင်းကွဲပြီး ကျရောက်ခဲ့တာပါ။  တချို့ အစိုင်အခဲတွေဟာဆို ကမ္ဘာ ပမာဏလောက်ရှိနေပါတယ်။
ဒီလောက်ကြီးမားတဲ့ ဥက္ကာပျံကြီးတွေ ကမ္ဘာကို ကျရောက်ခဲ့တဲ့ သက်သေအထောက်အထားတွေ ရှိပါတယ်။  သူတို့က ဒိုင်နိုဆော လို သတ္တ၀ါကြီးတွေကို မြေပြင်ပေါ်ကနေ ပျောက်ကွယ်သွားအောင် လုပ်နိုင်ခဲ့တာပါ။  ဖြစ်လေ့ဖြစ်ထရှိတဲ့ ဒီလို ဥက္ကာပျံ ကျရောက်မှုတွေမှာ အန္တရာယ်ပြုနိုင်လောက်တဲ့ အနေထားရှိလာမယ် ဆိုရင် အမေရိကန် အာကာသ စူးစမ်းလေ့လာရေး အဖွဲ့ နာဆာ NASA က  နှစ်နဲ့ချီပြီး ကြိုတင် သတိပေးမှာဖြစ်ပါ တယ်။
နေစင်္ကြာဝဌာရဲ့ သက်တမ်းဟာ နှစ်သန်းပေါင်း လေးထောင့် ငါးရာရှိနေပြီဖြစ်ပါတယ်။ ဒါ့ကြောင့် နောက်ထပ် နှစ်သန်းပေါင်း ငါးထောင်လောက်ထပ်ပြီး နေနိုင်ပါသေးတယ်။  ဒီသက်တမ်းအတွင်း ဥက္ကာပျံတွေ ကျရောက်မှု ရှိနိုင်ပေမယ့် ကြာသပတေးဂြိုဟ်နဲ့  စနေဂြိုဟ်တွေ လို ဆွဲအားသိပ်ပြင်းထန်တဲ့  ဂြိုဟ်တွေက  ဥက္ကာပျံတွေရဲ့ ရန်တွေကနေ ကမ္ဘာကို အကာအကွယ်တွေပေး နေပါတယ်။

မူရင်းမှာ>>> http://www.voanews.com/burmese/news/science-technology/117472213.html

ဒီသတင်းလေးကို ဖတ်ပြီးတော့ ဟုတ်သော်ရှိ မဟုတ်သော်ရှိ စိတ်ထဲတစ်မျိုးခံစားသွားရတယ်။ ကြောက်ရွံ့စိတ်ဖြစ်မယ်ထင်တယ် ဘာလို့လဲဆိုတော့ ဘုရားသခင်က " သမ္မာကျမ်းစာ " မှာ ဖော်ပြထားပြီးသား မဟုတ်လား။ တကယ်လို့ ယေရှုခရစ်တော် ဒုတိယ တစ်ခေါက်ကြွလာတော့မယ့် နိမိတ်လက္ခဏာ ဖြစ်တယ်ဆိုရင်တော့ ယုံကြည်သူ ညီအကိုမောင်နှမ မိတ်ဆွေတွေအားလုံး ဆင်ခြင်နိုင်ရအောင်ပါ။ ကျနော်လည်း ကိုယ့်ဖာသာကိုယ် အတော် လေးဆင်ခြင်မိသွားပါတယ်။ ယေရှုခရစ်တော်ကို မယုံကြည်သေးတဲ့ မိတ်ဆွေတွေကိုလည်း ယေရှုခရစ်တော် အားဖြင့် ကယ်တင်ခြင်းဆုကျေးဇူးကို ခံစားရရှိနိုင်ဖို့  ဧ၀ံဂေလိသတင်းကောင်းကို မိမိတို့ အစွမ်းရှိသမျှ ဝေငှ သက်သေခံ ဟောကြားဖို့နဲ့ ကျနော်တို့ ယုံကြည်သူတွေ ရှင်သန်လျှောက်လှမ်းနေတဲ့ အသက်တာမှာ အမှန်
တကယ်ကို ၀ိညာဉ်တော်ဘုရားဆင်းသက်ပြီး အလုပ်လုပ်ဖို့နဲ့ ဘုရားရှင်ရဲ့ နှုတ်တော်ထွက်စကားတွေအတိုင်း
ရှင်သန်လျှောက်လှမ်းနိုင်ဖို့ လိုအပ်နေပြီဆိုတာကို စာဖတ်သူမိတ်ဆွေကို ခွန်အားဝေမျှလိုပါတယ် ။

အယောက်စီတိုင်းအပေါ်မှာဘုရားသခင်ကောင်းကြီးရှိပါစေ။

ဆင်ခြင်ကြရအောင် ၂

ဆင်ခြင်ကြရအောင်


ဒီကာတွန်းလေးအားဖြင့် မိမိအသက်တာအတွက် ဆင်ခြင်နိုင်ပြီး ရယ်မောပျော်ရွှင်နိုင်ပါစေ



ပုံကြီးကြည့်လိုလျှင် ပုံပေါ်တွင် ကလစ်နှိပ်ပါ

ဝါကြွားမှု


လူတိုင်းအသက်တာတွင် ၀ါကြွားချင်ကြသည်။ တစ်ချို့လူများဆိုလျှင် နာမည်ကြီး အဆိုတော်၊ သရုပ်ဆောင်များနှင့် သိကျွမ်းခြင်းကို အင်မတန်ကြွားဝါပြီး စသဖြင့် ရှိကြသည်။ အောက်ခြေတွင် ရှိသော အဆင်းရဲဆုံးလူမှ အချမ်းသာဆုံးလူအထိ သူ့အတိုင်းအတာနှင့်သူ ၀ါကြွားစရာရှိကြမည်မှာ ဧကန်မလွဲပေ။ သမ္မာကျမ်းစာထဲတွင်လည်း ဧလိယသည် အားငယ်သယောင်နှင့် ဘုရားသခင်ရှေ့တော်၌ ကိုယ်တော်၏ ပရောဖက်၊ ကိုယ်တော်နောက်တော်သို့ လိုက်သောသူ အကျွန်ုပ်တစ်ယောက်တည်းသာလျှင် ကျန်တော့သည်ဟု ၀ါကြွားကြောင်း တွေ့ရသည်။ ဘုရားသခင်၏ အဖြေမှာ ရိုးရိုးလေးပင်။ “ ဧလိယရေ မင်းလိုပဲ ငါ့နောက်တော်ကို လိုက်တဲ့သူ (၇၀၀၀) ကိုငါချန်ထားတယ် “။ ဤနေရာတွင် ဧလိယက ဘုရားသခင်အမှုတော်ကို သူ့ကဲ့သို့လုပ်ဆောင်သောသူ မရှိဟု ထင်မြင်သည်။ သူသာမလုပ်လျှင် လုပ်မည့်သူမရှိတော့ဟုထင်ပြီး မာန်မာနပါသော ကြွားဝါမှုကိုပြုခဲ့သည်။ ကျွန်ုပ်တို့အသက်တာတွင်လည်း မိမိသာလျှင် လုပ်နိုင်သည်။ မိမိမရှိတော့ပါက ဘုရားသခင်၏ အမှုတော်ပင်လျှင် ပျက်ရတော့မလို ထင်တတ်ကြသည်။ သို့သော် ဘုရားသခင်၌ မိမိကဲ့သို့လုပ်ဆောင်နိုင်သော သူများစွာ ရှိနေသည်။ ထို့ကြောင့် မိမိပါဝင်ခွင့်ရခြင်းသည်ပင် ကျေးဇူးတော်ဟု မှတ်ယူပြီး နှိမ့်ချစွာ လုပ်ဆောင်ဖို့ပင်။ သင်ကဲ့သို့ လုပ်ဆောင်နိုင်သောသူ များစွာရှိကြောင်း သတိချပ်သင့်လှသည်။ ယေရိခေါမြို့ရိုးကြီးသည် အလွန်ခိုင်ခံ့သည်။ အဘယ်ရန်သူမျှ ထိုးဖောက်ဝင်ရောက်နိုင်ရန် မလွယ်ကူပေ။ ထို့ကြောင့် ဘုရင်နှင့်တကွ မှူးမတ်များ၊ စစ်သည်တော်များနှင့် ပြည်သူများမှာ သူတို့၏ မြို့ရိုးအတွက် ကြွားဝါမဆုံး ဂုဏ်ယူ၍ မဆုံးရှိကြပေမည်။ သို့သော် ဘုရားသခင်က ထိုမြို့ရိုးကြီးကို ဖြိုချလိုက်သောအခါ အတိုင်းအဆ မရှိသော ဆုံးရှုံးမှုကို တွေ့ကြုံခဲ့ကြသည်။ ယုံကြည်သူများ၏ အသက်တာတွင်လည်း ယေရိခေါမြို့ရိုးကြီးကဲ့သို့ မိမိ၏ပညာ အရည်အချင်း။ ငွေကြေးဥစ္စာဓနများအားဖြင့် ဂုဏ်ယူဝါကြွားပြီး အသက်ရှင်၍ ချီးမြှောက်သော ဘုရားသခင်ကို မေ့လျော့နေတတ်သည်။ သူပေးသောကောင်းကြီးများဖြင့် သာယာပြီး ကောင်းချီးမျာ၏ အရှင်ကို မေ့နေတတ်သည်။ မိမိ၏လုပ်နိုင်စွမ်းဟု ထင်တတ်သည်။ မိမိ၏ ပညာ၊ ဥစ္စာဓနအပေါ်တွင် မှီခိုအားထားပြီး ၀ါကြွားနေတတ်သည်။ အကယ်၍ ထိုအရာအားလုံးကို ဘုရားသခင်က ယေရိခေါမြို့ရိုးကြီးကို ဖြိုချသကဲ့သို့ ဖြိုချခဲ့မည်ဆိုလျှင် ဆုံးရှုံးမှုသည် နေ့ချင်းညချင်း ရောက်လာနိုင်ပေသည်။ ထို့ကြောင့် သတိချပ်သင့်လှသည်။ မိမိ၏ ၀ါကြွားရာသည် ခရစ်တော်၏ အသွေးတော်တန်ခိုး၌ သာလျှင်ဖြစ်သင့်ပေသည်။

Jesus Condemned

အသင့်ဖြစ်ပြီလား


လောကမှာ ကိုယ့်ဆီကို ကျိန်းသေရောက်လာမယ့်အရာ (၃)ခုရှိပါတယ်။
အဲဒီအရာတွေကတော့ ..... သေခြင်းတရားရယ်၊ အခွန်အခရယ်၊ အပြောင်းအလဲရယ်ပါပဲ။
တကယ်တော့ ယုံကြည်သူခရစ်ယာန်တစ်ယောက်ရဲ့အသက်တာဟာ
ဘုရားသခင်ရဲ့လက်တော်ထဲမှာ တစ်နေ့ထက်တစ်နေ့ ပြုပြင်ပြောင်းလဲခြင်းခံနေရတဲ့အသက်တာဖြစ်ပါတယ်။
လူ့လောကမှာနေထိုင်ရင်း ကျနော်တို့အားလုံးဟာ ဘုရားသခင်စေခိုင်းတဲ့ Mission ကိုထမ်းဆောင်နေရသူ၊
ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာကို လူသားတွေဆီ ဆင့်ပွားဝေမျှနေသူတွေဖြစ်ပါတယ်။
လောကဆိုတာ ကျနော်တို့အတွက်တော့ ခေတ္တတည်းခိုရာ ယာယီတဲတစ်ခုဖြစ်တယ်လို့
ကျမ်းစာကလည်းဖော်ပြထားပါတယ်။ ကျနော်တို့ရဲ့ ထာဝရမှီတင်းနေထိုင်ရာအိမ်တော်ကို
ပြန်ဖို့အချိန်မရောက်သေးခင်အချိန်လေးမှာ ကျနော်တို့လုပ်ဆောင်ရမယ့် Mission ကိုအာရုံမစိုက်ဘဲ
ယုံကြည်သူအချင်းချင်းပြစ်တင်ဝေဖန်နေကြမယ်ဆိုရင် ဘုရားသခင်ရှေ့မှာ တကယ့်ကိုရုပ်ဆိုးလှပါတယ်။
ကျနော်တို့ရဲ့အိမ်ပြန်ချိန်က တဖြည်းဖြည်းနဲ့နီးကပ်လာချိန်မှာ ကျနော်တို့ရဲ့မီးခွက်တွေမှာ
ဆီဖြည့်ပြီးရဲ့လားဆိုတာ ပြန်ဆန်းစစ်ဖို့အရေးကြီးနေပါတယ်။
ကဲ..... မိတ်ဆွေ ........ ကျနော်တို့အားလုံးကိုယ်လုပ်ဆောင်နေတဲ့အရာတွေအားလုံးဟာ
ဘုရားသခင်စေခိုင်းတော်မူထားတဲ့ Mission နဲ့စပ်ဆိုင်မနေဘူးဆိုရင် အခုပဲပြင်ဆင်လိုက်ရအောင်ဗျာ။


မေတ္တာကကြိုး


မင်္ဂလာပါ ....... .......
ဒီနေ့တော့ ကျနော့်ညီအစ်ကို၊ မောင်နှမတွေကို ခွန်အားပေးချင်တဲ့အကြောင်းအရာလေးတစ်ခုရှိပါတယ်။
အဲဒီအကြောင်းအရာကတော့ ...... ...... .......
ဟောရှေ ၁၁း၎ မှာဖော်ပြထားတဲ့ လူကိုချည်တတ်သောကြိုး နဲ့ပတ်သက်ပြီးခွန်အားပေးချင်တာပါ။
ဒီနေရာမှာ လူကိုချည်တတ်သောကြိုးဆိုလို့ အလုပ်တာဝန်တွေ၊ ပညတ်တရားတွေမဟုတ်ပါဘူး။
မေတ္တာကြိုးလို့ ကျမ်းစာမှာဖော်ပြထားပါတယ်။
တကယ်တော့ ကျနော်တို့က ဘုရားသခင်ရဲ့မေတ္တာနဲ့ အလေးအနက်ဂရုစိုက်မှုတွေအပေါ်မှာ
သံသယရှိတတ်ပေမယ့် ဘုရားသခင်ကတော့ ကျနော်တို့အပေါ် တကယ့်ကိုဂရုစိုက်တဲ့သူဖြစ်ပါတယ်။
ကျနော်တို့ရဲ့ဘ၀အသက်တာနဲ့ သူ့နှလုံးသားနဲ့ကို ကြိုးတစ်ချောင်းနဲ့ ချည်ပြီးထားတဲ့အထိကို
အချစ်ကြီးသူ၊ အဖြစ်သည်းသူဖြစ်ပါတယ်။ အဲဒီချည်ထားတဲ့ကြိုးက ဘာကြိုးဖြစ်မယ်လို့ထင်လဲ။
အဲဒီကြိုးက ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာကြိုးဖြစ်တဲ့သခင်ယေရှုပဲ ဖြစ်ပါတယ်။
မိတ်ဆွေ ဘယ်နေရာပဲရောက်ရောက်၊ ဘယ်နေရာမှာပဲရှိနေနေ
ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာကြိုးကနေ လွတ်အောင်မပြေးနိုင်ပါဘူး။
တစ်ခါတရံမှာ ကျနော်တို့စိတ်ကူးတွေ၊ ကျနော်တို့အကြံအစည်တွေနဲ့
လုပ်မိလုပ်ရာတွေလျှောက်လုပ်နေတဲ့အချိန်မှာ ဘုရားသခင်က
အင်း ... ငါ့သား၊ ငါ့သမီးတော့ မိုက်မှားတော့မယ်။အမှားထဲကဆွဲတင်ဖို့ ကြိုးပြန်တင်းမှ .......ဆိုပြီး
စက္ကူစွန်တစ်ခုကို ကြိုးပြန်တင်းလိုက်သလို ပြန်တင်းလိုက်ပါတယ်။
တကယ်တော့ ကျနော်တို့၊ ခင်ဗျားတို့ရဲ့အသက်တာက လူ့လောကမှာ သူ့ဘုန်းတော်ထင်ရှားစေဖို့
ဘုရားသခင်လွှတ်တော်မူထားတဲ့ ဧည့်သည်တွေပါ။
အခုလို အသက်ရှင်ခွင့်ရနေချိန်မှာ ဘုရားရဲ့မေတ္တာကိုနားလည်ပြီး
ဘုရားသခင်ရဲ့မေတ္တာကြိုးဖြစ်တဲ့ သခင်ယေရှုကို လောကလူသားတွေဆီ ပြန်လည်ဝေငှကြရအောင်လားဗျာ။

တစ်နေ့တာဆင်ခြင်စရာ


ဒီနေ့အတွက် ဆင်ခြင်နှလုံးသွင်းဖို့ ကျမ်းပိုဒ်တစ်ပိုဒ်ကို
ဖော်ပြပေးလိုက်ပါတယ်။ နှုတ်ကပတ်တော်ခွန်အားဖြင့်
တစ်နေ့တာရဲ့ စိန်ခေါ်မှုတွေကို အနိုင်ယူကျော်လွှားနိုင်ပါစေ။
( ၁၂၁ ) ခုမြောက်သောဆာလံမှာ ဆာလံဆရာက
ငါ့ကို မစခြင်းအကြောင်းသည် ပေါ်ထွက်ရသော
တောင်ရိုးသို့ ငါမျှော်ကြည့်၏ လို့စပ်ဆိုထားပါတယ်။
ဆာလံဆရာက ဘာကြောင့်ဘုရားသခင်ရဲ့မစခြင်းကို
တောင်ရိုးနဲ့ ဥပမာပေးပြီးဖွဲ့ဆိုထားတာလဲ လို့
မိတ်ဆွေစဉ်းစားဖူးပါသလား။
တောင်ဆိုတာ အမြင်နီးပေမယ့် တကယ်တမ်းသွားကြည့်တဲ့အခါ
တက်လို့ကို မဆုံးပါဘူး။
ဒါ့အပြင် တောင်ကို ဘယ်အရပ်မျက်နှာကပဲ ကြည့်ကြည့်
ထင်ထင်ရှားရှားမြင်တွေ့နိုင်ပါတယ်။
အဲဒီ တောင်လိုပဲထာဝရဘုရားရဲ့ မစခြင်းက
မိတ်ဆွေအထင်မှာ မျက်စိတဆုံးပဲ
မြင်ရပေမယ့် တကယ်တမ်းမှာတော့ ဘုရားသခင်က
ဘ၀တလျှောက်လုံးစာ ပြင်ဆင်ထားပေးတာကို
အသက်တာခရီးမှာ လျှောက်လှမ်းရင်းနဲ့ တဖြည်းဖြည်းချင်း
သိနားလည်လာနိုင်မှာဖြစ်သလို
ဘုရားသခင်ရဲ့ မစခြင်းကျေးဇူးတော်ဟာလည်း
မိတ်ဆွေ မလေးရှားမှာပဲရောက်နေနေ၊ ဂျပန်မှာပဲရောက်နေနေ၊
စင်္ကာပူမှာပဲရှိရှိ၊ အမေရိကန်ဒါမှမဟုတ် မြန်မာပြည်မှာပဲရှိရှိ
ဘယ်အရပ်ကပဲမျှော်ကြည့်ကြည့် မြင်တွေ့ခွင့်ရမှာဖြစ်ပါတယ်။
တစ်နေ့တာလုံးရဲ့ အခက်အခဲတွေကို ဘုရားသခင်ရဲ့ မစခြင်းအားဖြင့်
ကျော်လွှားအောင်မြင်နိုင်ပါစေ။ ။


Share

Twitter Delicious Facebook Digg Stumbleupon Favorites