လက်ထဲက ကျောက်ခဲတွေလွှတ်ချလိုက်ပါ



ဒီဘလော့ဂ်ကို လာရောက်လည်ပတ်ကြတဲ့ ညီအစ်ကို၊ မောင်နှမတွေအားလုံးပဲ မင်္ဂလာပါ။

ဒီကနေ့ နှုတ်ကပတ်တော်အားဖြင့် ဆင်ခြင်နှလုံးသွင်းဖို့ရန်ရွေးချယ်ထားတဲ့ ခေါင်းစဉ်ကတော့
လက်ထဲက ကျောက်ခဲတွေလွှတ်ချလိုက်ပါ ပဲဖြစ်ပါတယ်။
ရှင်ယောဟန်ခရစ်ဝင် ၉း ၁- ၁၃ မှာ ဖော်ပြထားတဲ့အဖြစ်အပျက်အားဖြင့်
ဘုရားသခင်က ကျနော်တို့ရဲ့အသက်တာကို ဘာတွေသွန်သင်နေတယ်ဆိုတာ လေ့လာကြည့်ကြရအောင်။
ဒီနေရာမှာ သခင်ယေရှုက ဗိမာန်တော်မှာ ဆုံးမသြ၀ါဒပေးနေတုန်း
ကျမ်းပြုဆရာတွေ၊ ဖာရိရှဲတွေက မှားယွင်းခြင်းအမှုကိုပြုနေတဲ့ မိန်းမတစ်ယောက်ကို
လက်ပူးလက်ကြပ်မိပြီးဖမ်းဆီးခေါ်ဆောင်လာကြပါတယ်။
အဲဒီနောက် သခင်ယေရှုကို ကိုယ်တော်ဘယ်လိုစီရင်မလဲလို့ မေးပါတယ်။
တကယ်တမ်းဆိုရင် သူတို့တွေအဲဒီလိုမေးတာဟာ သခင်ယေရှုကို လေးစားလွန်းလို့
တလေးတစားနဲ့ အသိအမှတ်ပြုပြီး ယေရှု စီရင်ဆုံးဖြတ်တာကို လာခံယူကြတာမဟုတ်ပါဘူး။
သူတို့လျှောက်တဲ့စကားမှာကို ဘယ်လိုစီရင်ဆုံးဖြတ်သင့်တယ်ဆိုတဲ့ Guide Line ကိုပေးထားပြီးမှ
သခင်ယေရှုကို အတည်ပြုခိုင်းတာဖြစ်ပါတယ်။ ရှင်ယောဟန် ဂး ၅
အဲဒီလို သူတို့တွေလျှောက်ထားကြတဲ့အချိန်မှာ လူတိုင်းက ကျောက်ခဲတွေ ကိုယ်စီကိုင်လို့ .......
သခင်ယေရှုက ဒီအမှုကို ဘယ်လိုစီရင်သလဲ။
ကျနော်တို့ ညီအစ်ကို၊ မောင်နှမတွေ အလေးအနက်ထားဆင်ခြင်ကြည့်ပါ။
သင်တို့တွင် အပြစ်ကင်းသောသူသည် ရှေ့ဦးစွာ ကျောက်ခဲနှင့်ပစ်စေ တဲ့။ ရှင်ယောဟန် ဂး ၇
ကဲ... ဘယ်လိုလုပ်ကြမလဲ လို့ ကျမ်းပြုဆရာတွေ၊ ဖာရိရှဲတွေအားလုံး
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်၊ မေးငေါ့လိုက်နဲ့
တစ်ယောက်ကို တစ်ယောက် အကဲခတ်နေကြပါတယ်။
အဲဒီလို အခြေအနေကို အကဲခတ်ရင်း သူတို့ရဲ့ စိတ်နှလုံးက သူတို့ရဲ့အပြစ်တွေကို ဖော်ပြလာတဲ့အတွက်
ဘယ်သူကမှ စမပစ်ရဲတော့ဘဲ အသက်ကြီးတဲ့သူကစပြီး
အငယ်ဆုံးတိုင်အောင် ကြီးစဉ်ငယ်လိုက် ထွက်သွားကြပါတယ်။
ဘာကြောင့် အသက်ကြီးတဲ့သူတွေက စပြီးထွက်သွားကြတာလဲ။
ဒီလူတွေဟာ လူသာမန်တွေမဟုတ်ဘူးနော်။
ပညတ်တော်အချက်ပေါင်း ( ၆၁၃ )ချက်ကို နာခံလိုက်လျှောက်နေတဲ့သူတွေ ....
အဲဒီလို လူတွေက ဘာကြောင့်များ သက်ကြီးဝါကြီး၊ ဆရာ့ ဆရာကြီးတွေကစပြီး ထွက်သွားကြတာလဲ။
အဖြေကတော့ရှင်ရှင်းလေးပါပဲ ။
အသက်ကြီးလေလေ လူမသိ၊ သူမသိလွန်ကျူးထားမိတဲ့အပြစ်တွေ
များလေလေမို့လို့ပါ။ နောက်တစ်ချက်ကို တရားတော်ကို ပိုသိလေလေ
မိမိဟာ အပြစ်သားဖြစ်ကြောင်း၊ အပြစ်မကင်းကြောင်းပိုသိလေလေမို့ပါ။
သူတို့ရှေ့မှာ ထိုင်နေတဲ့သူက လောကမှာ အပြစ်တင်စရာ တစိုးတစိမှမရှိတဲ့သူ၊
ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းကိုဆောင်ကြဉ်းလာတဲ့သူဖြစ်ပါတယ်။
အဲဒီသူရှိနေတဲ့အခါ သူတို့ရဲ့ အပြစ်တွေက စိတ်နှလုံးမှာ အလိုလိုပေါ်လာတယ်။
အဲဒီတော့ မှားယွင်းခြင်းအမှုကို ပြုလို့ သူတို့တွေဖမ်းခေါ်လာတဲ့မိန်းမနဲ့ သူတို့နဲ့
သခင်ယေရှုရဲ့ ရှေ့မှာ ဘာများကွာတော့လို့လဲ။
ဟိုမိန်းမက အပြစ်ပြုနေတာကို လူသိသွားတယ်၊
သူတို့တွေက အပြစ်ပြုခဲ့တာ၊ ပြုနေတာကို လူမသိပေမယ့်
သခင်ယေရှုရှေ့မှာ မိမိရဲ့စိတ်နှလုံးက မိမိကိုဖော်ပြနေတယ်။
လောလောဆယ်မှာ အပြစ်သားချင်းတူနေပြီ။
အဲဒီတော့ သူတို့တွေလက်ထဲက ကျောက်ခဲတွေကို လွှတ်ချပြီးထွက်သွားကြတယ်။
ကဲ..... ဒီအဖြစ်အပျက်မျိုး ကျနော်တို့ပတ်ဝန်းကျင်၊ကျနော်တို့ အသိုင်းအ၀ိုင်းမှာ ဖြစ်လာပါပြီတဲ့........
ဘယ်သူကျောက်ခဲနဲ့ စပစ်မှာလဲ.....
ခင်ဗျားလား၊ ကျနော်လား ........ ဒါမှမဟုတ် အသင်းတော်ရဲ့ အမှုတော်ဆောင်တွေလား။
သေချာတာကတော့ ကျောက်ခဲကို လွှတ်ချမယ့်သူတော့ ရှိမှာမဟုတ်ဘူး။
အဲဒါ ဘာကြောင့်လဲဆိုတော့ ဒီကနေ့ ယုံကြည်သူတွေ၊
အထူးသဖြင့် အမှုတော်ဆောင်တွေက မိမိရဲ့ဖြောင့်မတ်ခြင်းကို
လူသိထင်ရှားဖြစ်ချင်ကြတာကြောင့် ဒီလိုအဖြစ်အပျက်မျိုးဟာ
သူတို့အတွက် အခွင့်အရေးဖြစ်နေတတ်ပါတယ်။
အဲနောက်တစ်ခုက မိတ်ဆွေတို့၊ ကျနော်တို့ကိုယ်တိုင် အမှားတစ်ခုကျူးလွန်မိတဲ့အချိန်မျိုးရှိခဲ့ဖူးမှာပါ။
အဲဒီအချိန်မှာ ဘယ်လိုကြုံခဲ့ရသလဲ။ ကျနော့် မိတ်ဆွေတွေကို မေးခွန်းတစ်ခုမေးခွင့်ပြုပါ။
ခင်ဗျားတို့ ကျောက်ခဲမှန်ဘူးလား။ ( ကျေးဇူးပြုပြီး ဆရာရောလို့ ပြန်မမေးပါနဲ့ဗျာ။ )
တကယ်တော့ ဒီလိုဖြစ်လာရတာတွေဟာ ကျနော်တို့ရဲ့ ပတ်ဝန်းကျင်၊ အသိုင်းအ၀ိုင်းမှာ
သခင်ယေရှုရှိမနေတာကြောင့် မိမိကိုယ်မိမိတော့အပြစ်ကင်းတယ်လို့ မြင်ပြီး
သူတစ်ပါးရဲ့ အမှားကိုကျောက်ခဲနဲ့ ပစ်ချင်နေကြတာပါ။
ကျမ်းစာထဲမှာတော့ ကျောက်ခဲကိုယ်စီကိုင်ထားတဲ့သူတွေဟာ
ကိုယ့်လက်ထဲက ကျောက်ခဲကိုလွှတ်ချပြီး ထွက်သွားကြပါတယ်။
သူတို့ရဲ့ ပထမလုပ်ဆောင်မှုဖြစ်တဲ့ လက်ထဲက ကျောက်ခဲတွေကို
လွှတ်ချလိုက်တာဟာ မှန်ကန်တဲ့လုပ်ရပ်ဖြစ်ပေမယ့်
ဒုတိယလုပ်ဆောင်မှုဖြစ်တဲ့ ထွက်သွားကြတာကတော့
မှားယွင်းခြင်းအမှုကို ပြုတဲ့ မိန်းမရဲ့အမှားထက် ပိုပြီး မိုက်မဲတဲ့လုပ်ရပ်ဖြစ်ပါတယ်။
တကယ်တမ်းဖြစ်သင့်တာက သခင်ယေရှုရဲ့အနားကို ချဉ်းကပ်ပြီး
မိမိဟာလည်း အပြစ်ပြုမှားယွင်းတဲ့သူတစ်ယောက်ဖြစ်ကြောင်း
နောင်တနဲ့ဝန်ခံပြီး သခင့်ရဲ့ အပြစ်လွှတ်ခြင်းကိုတောင်းခံသင့်ပါတယ်။
ဒါပေမယ့် ဘယ်သူကမှ အဲဒီလိုလုပ်ဆောင်ခြင်းမရှိခဲ့ပါဘူး။
အဲဒီတော့ ကျနော့်ညီအစ်ကို၊ မောင်နှမတွေရဲ့အနီးမှာပဲဖြစ်ဖြစ်
မိမိရဲ့ အသင်းတော်မှာဖြစ်ဖြစ် မှားယွင်းမှုကိုပြုမိတဲ့သူရှိလာရင်
ကျနော်တို့လုပ်ဆောင်ရမှာက ကျောက်ခဲတွေကိုင်ထားဖို့ မဟုတ်ပါသလို၊
အတည်ပေါက်နဲ့ ကိုယ်ကစပြီး ပစ်ဖို့မဟုတ်ပါဘူး။
လက်ထဲက ကျောက်ခဲတွေကိုလွှတ်ချပြီး မိမိဟာလည်း သူ့လိုပဲအပြစ်လုပ်ခဲ့ဖူးသလို၊
အခုလည်း လုပ်မိနေတာတောင် ခွင့်လွှတ်ချစ်တဲ့ သခင်ယေရှုကို ချီးမွမ်းပြီး
လက်ဝါးကားတိုင်ပေါ်မှာ သခင်ယေရှုအသေခံခဲ့ခြင်းဟာ
အပြစ်သားအားလုံးအတွက်ဆိုတာကို ဆင်ခြင်နှလုံးသွင်းပြီး လဲနေသူကို ဖေးကူရမှာဖြစ်ပါတယ်။
ညီအစ်ကို၊ မောင်နှမအားလုံးကို ဒီနှုတ်ကပတ်တော်အားဖြင့် ဘုရားသခင်စကားပြောပါစေ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites