စက္ကူလှေ


အခုတလော ဘယ်သတင်းဌာနတွေကိုပဲကြည့်ကြည့် စစ်ပွဲသတင်း၊ လူထုအုံကြွမှု၊ ငလျင်ဘေး၊ မိုးသက်မုန်တိုင်း ဓါတ်ရောင်ခြည်သင့်မှု......စတဲ့ အနိဌာရုံတွေပဲ မြင်နေကြားနေရတယ်ဗျာ။ အဲဒီလိုတွေ ဖြစ်ရကြားရတာများ လာတာနဲ့အမျှ နောက်ဆုံးသောကာလနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ၊ ဗျာဒိတ်ကျမ်းထဲက အဖြစ်အပျက်တွေ ကျနော်တို့အသင်းတော်မှာ အတော့်ကို HOT လာတယ်။ အဲဒီမေးခွန်းတွေ အကြောင်းက အဓိက မဟုတ်ပါဘူး။ အဓိကပြောချင်တာက နောက်ဆုံးသောကာလမှာ ကျနော်တို့တွေ ရှိသင့်ရှိအပ်တဲ့ သတိနဲ့ သိသင့်သိအပ်တဲ့ အမြင်အကြောင်း တစ်နည်းအားဖြင့် အမြင်မှန်၊ သတိမှန်ဖို့ ပြောချင်ပါတယ်။
ကျနော်အမှတ်မမှားဘူးဆိုရင် ( ၂၀၀၅ ) ခုနှစ်လောက်ကထင်ပါရဲ့။ ချင်းပြည်နယ် ကလေးမြို့မှာ Crusade သွားလုပ်ကြရင်းနဲ့ ကားမဲလ်တောင်ကို ရောက်ဖြစ်ခဲ့ပါတယ်။ အဲဒီကားမဲလ်တောင်ခြေမှာ စမ်းချောင်းလေးတစ် ခုရှိတယ်ဗျ။ ကျနော်တို့ သူငယ်ချင်းတွေအားလုံး ကျောပိုးအိတ်ထဲမှာ ပါလာတဲ့ ဗလာစာအုပ်တွေထဲက စာရွက်တွေဖြဲ၊ လှေလုပ်ပြီး ချောင်းထဲမှာ မျှောကြတယ်။ ပြီးတဲ့နောက် သူ့လှေ၊ ကိုယ့်လှေ ဘယ်ဟာက ပိုပြီး မြန်သလဲဆိုတာကို ပြိုင်ကြတော့ အော်လိုက် ဟစ်လိုက်နဲ့ ပျော်စရာကြီး။ ဒါပေမယ့် ဘယ်လှေမှ မျက်စိတဆုံးမခံပါဘူး။ မျက်စိရှေ့တင် ရေစိုပြီး ပုံပျက်ပန်းပျက်နဲ့ နစ်ကုန်ပါလေရော.....။
၂၀၀၈ ခုနှစ်၊ မေလ (၂) ရက်နေ့မှာ မြစ်ဝကျွန်းပေါ်ဒေသကို နာဂစ်မုန်တိုင်း ၀င်ရောက်တိုက်ခတ်သွားတဲ့နောက် အဲဒီဒေသကို ကျနော်တို့သူငယ်ချင်းတွေ ရောက်ဖြစ်ကြတယ်။ ကယ်ဆယ်ရေးတွေ၊ ပြန်လည်ထူထောင်ရေးတွေ လုပ်ရင်းနဲ့ ဘိုကလေးတစ်ခွင်ကို ပြဲပြဲစင်ရောက်ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်ရောက်မှ လွန်ခဲ့တဲ့ (၃) နှစ်လောက်က စက္ကူလှေတွေ အပြိုင်မျှော်ခဲ့ဖူးတာကို ပြန်အမှတ်ရမိလာသလို ဘုရားသခင်ရဲ့ သွန်သင်မှုကို သဘောပေါက်လာခဲ့တယ်။ ကျနော်တို့တွေ လောကမှာ အပြိုင်အဆိုင်ရှာဖွေနေကြတဲ့ ပညာတွေ၊ စည်းစိမ်တွေ၊ ရာထူးတွေ ၊ ဂုဏ်ဒြပ်တွေကစလို့ ဘာသာတရားတွေအဆုံး အရာရာတိုင်းဟာ စက္ကူလှေတွေချည်းပဲလို့ နားလည်လာခဲ့မိတယ်။ အဲဒီလို ဘယ်အချိန်မှာ ရေနူးပြီး ရိရွဲပျက်စီးသွားမယ်မှန်း မသိနိုင်တဲ့၊ အာမချံက်မရှိတဲ့ စက္ကူလှေတွေကို အားကိုးပြီး သူ့ထက်ငါ အပြိုင်အဆိုင်နဲ့ မာန်တက်ရင်းက ဘ၀ပင်လယ်ကြီးကို ကျနော်တို့တွေ ဖြတ်သန်းနေကြတယ်။ အချိန်တန်လာလို့ နောက်ဆုံးအချိန်ရောက်လာမှ သတိဝင်လာတော့ ကျနော်တို့မှာ ဘာအားကိုးရာမှ မရှိတော့ နစ်ပါလေရော။ တကယ်တော့ လူ့ဘ၀ဆိုတာ ဘာမှမပါဘဲ ၀င်လာရသလို ဘာမှမပါဘဲ ပြန်ထွက်သွားရတဲ့ အခန်းတစ်ခန်းပါပဲ။ ဒေသနာ ၅း၁၅-၁၆ မှာ ဒီအကြောင်းအရာကို ဖော်ပြထားပါတယ်။ " စည်းစိမ်ရှင်သည် အမိဝမ်းထဲက အလျင်းမပါဘဲ ထွက်လာသကဲ့သို့ ထိုနည်းတူ ပြန်သွားရမည်။ ကြိုးစားအားထုတ်၍ရသော ဥစ္စာတစ်စုံတစ်ခုကိုမျှ လက်နှင့် ဆွဲကိုက် လျှောက်ယူ၍ မသွားရ။ သူသည် လာသကဲ့သို့ အလျင်းမခြားနားဘဲ သွားရသော အမှုအရာသည် အလွန်ဆိုးသော အမှုအရာဖြစ်၏ ။ လေကို ရအံ့သောငှာ ကြိုးစားအားထုတ်သောသူသည် အဘယ်ကျေးဇူးရှိသနည်း။ " တကယ်တော့ ကျနော်တို့ ဘ၀မှာ နောက်ဆုံးသောအချိန်အထိ  ပါလာမယ့်အရာ ဒီထက်ပိုပြီး တိတိကျကျပြောရရင် ထာဝရကာလအတွက် ကောင်းရာဘုံဘ၀နဲ့ ငရဲကို အဆုံးအဖြတ်ပေးမယ့် အရာက သခင်ယေရှုပဲ ဖြစ်ပါတယ်။ ထိုသခင်သည်သာလျှင် စစ်မက်ဖြစ်ပွားခြင်း၊ ရေကြီးခြင်း၊ ငလျင်လှုပ်ခြင်း စတဲ့ အခြေအနေတိုင်းမှာ မပျက်စီးတည်တံ့နေနိုင်တဲ့ သင်္ဘောကြီး ဖြစ်ပါတယ်။ အဲဒီလို သင်္ဘောကြီးထဲကို ၀င်ရောက်လာနိုင်ဖို့အတွက် လက်ရှိ ကိုယ်အားကိုးနေတဲ့ စက္ကူလှေထဲကနေ စွန့်ခွာပြီး ပြီးထွက်လာဖို့က မိတ်ဆွေ လုပ်ရမယ့် အပိုင်းဖြစ်ပါတယ်။
ကျနော်တို့ရဲ့ အသက်တာမှာ မဖြစ်မနေ ကြုံရမယ့် အရာ (၃) ခုရှိပါတယ်။ အဲဒီအရာကို ကြိုပြီး ပြင်ဆင်မထားရင်တော့ အင်မတန်ကို ဒုက္ခများပါလိမ့်မယ်။
(၁) အခွန်အခ (၂) အပြောင်းအလဲ (၃) သေခြင်းတရားပါ။ ဒီအရာ (၃) ခုကို ကြုံလာမယ့် နေ့အတွက် ကျနော်တို့ရဲ့ ပြင်ဆင်မှုကတော့ မိတ်ဆွေရဲ့ စက္ကူလှေကို စွန့်ပြီး သခင်ယေရှုဆိုတဲ့ ကယ်တင်ခြင်း သဘောင်္ကြီးထဲကို ခြေစုံပစ်ဝင်လိုက်ဖို့ပါပဲ။ ကျနော်တို့ရဲ့ ဘ၀မှာ ကိုယ့်ရဲ့သေနေ့အတွက် စိတ်အေးနိုင်အောင် အသင့်ပြင်ထားကြရအောင်။ နောက်ဆုံးသောကာလရဲ့ လှိုင်းတံပိုး တွေ ဘယ်လောက်ပဲ ကြမ်းနေ ထန်နေပါစေ...... သခင်ယေရှုရဲ့ အထဲမှာသာ အသက်ရှင် နေမယ်ဆိုရင် မိတ်ဆွေဟာ နောက်ဆုံးသော ကာလအတွက် အသင့်ဖြစ်နေပါပြီ။ ဒီကနေ့ကစလို့ ကျနော်တို့ရဲ့ ကိုယ်စွမ်း ကိုယ်စတွေ၊ စည်းစိမ် ဂုဏ်ဒြပ်တွေဟာ စက္ကူလှေတွေ ပါလားလို့ အမြင်မှန် ရကြရအောင်လားဗျာ။

 ချစ်ခြင်းအားဖြင့်
ဆရာဇေယျာ


0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites