ကောရိ န္တု သြဝါဒစာပဌမစောင် ( ၁၃း ၄-၈ )
၎မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်း မရှိ၊ မာန်မာနမရှိ။ ၅လျောက်ပတ်စွာမကျင့်တတ်၊ ကိုယ်အကျိုးကို မရှာတတ်၊ ဒေါသအမျက်မထွက်တတ်၊ အပြစ်ရှိ သည်ဟု မထင်တတ်၊ ၆မတရားသောအမှု၌ ဝမ်းမြောက်ခြင်းမရှိတတ်၊ သမ္မာတရား၌ဝမ်းမြောက်တတ်၏။ ၇ခပ်သိမ်း သောအရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။ ခပ်သိမ်းသောအရာကို မြော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။ ၈မေတ္တာသည် ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏။ ပရောဖက် ဥာဏ်သော်၎င်း၊ အမျိုးမျိုးသောဘာသာစကားကို ပြောနိုင်သောအခွင့်သော်၎င်း၊ သိပ္ပံအတတ်သော်၎င်း၊ ကွယ်ပျောက်လိမ့်မည်။
ဆာလံကျမ်း ( ၉၈း ၁ )
၁ထာဝရဘုရားအား အသစ်သောသီချင်းကို ဆိုကြလော့၊၊ အံ့ဘွယ်သောအမှုတို့ကို ပြုတော်မူပြီ၊၊ လက်ျာလက်တော်နှင့် သန့်ရှင်းသောလက်ရုံးတော်သည် ကိုယ်တော်အဘို့ ကယ်တင်ခြင်းအမှုကို ပြုလေပြီ၊၊
ရှင်လုကာခရစ်ဝင် ( ၅း ၄ )
စကားတော်ပြတ်သောအခါ၊ ရေနက်ရာအရပ်သို့ ရွှေ့ဦးလော့။ ပိုက်ကွန်ကိုချ၍ ငါးကိုအုပ်စမ်း လော့ဟု ရှိမုန်အား မိန့်တော်မူ၏။
ယေရမိအနာဂတ္တိကျမ်း ( ၂၀း ၇ )
၇အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို သွေးဆောင်တော်မူသည်အတိုင်း၊ အကျွန်ုပ် လိုက်ပါပြီ။ ကိုယ်တော်သည် အကျွန်ုပ်ထက်အားကြီး၍ နိုင်တော်မူပြီ။
ဧဖက်သြ၀ါဒစာ ( ၄း ၂၆-၂၇ )
၂၆အမျက်ထွက်ရာတွင် အပြစ်မရှိ စေနှင့်။ ၂၇အမျက် မပြေဘဲ နေမဝင်စေနှင့်။ မာရ်နတ်ကို အခွင့်မပေးကြနှင့်။
စက္ကူလှေ
The Westminster Confession of Faith 1646 အခန်း (၂) ( ဘာသာပြန် )
အခန်း (၃) အားဆက်လက်ဖော်ပြပေးသွားပါမည်။
အဖြည့်ခံ
သမ္မာအလင်းရဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာပါ။ ကျနော်တို့လည်း အသင်းတော် ကိစ္စတွေရော၊ အခြားမယောင်ရာဆီလူးတဲ့ ကိစ္စတွေကြောင့်ပါ အလုပ်တွေရှုပ်နေရတာနဲ့ တရားဟောချက် အသစ်တွေ မတင်ပေးနိုင် ဖြစ်နေရတာအတွက် တောင်းပန်ပါတယ်။ ဒီနေ့တော့ အဖြည့်ခံဆိုတဲ့ ခေါင်းစဉ်နဲ့ တရားဟောချက်ကို ပရိသတ်ကြီးအတွက် ဘလော့ဂ်မှာ တင်ဆက်ပေးလိုက်ပါတယ်။
အဲဒီနောက်မှာတော့ ဗိမာန်တော်မှာ မီးရှို့ရာယဇ်ကို ပူဇော်ကြဖို့အတွက် ယုဒပြည်၊ က္ကုသရေလပြည်နဲ့ အနီးအနားတစ်ဝိုက်လုံးကို လှုံ့ဆော်ဖို့အတွက် အမိန့်တော်ကို စာပို့လုလင်တွေနဲ့ ပေးလိုက်ပါတယ်။ ဘုရင်ဟေဇကိရဲ့ မှန်ကန်တဲ့ကြံစည်မှုကြောင့် တိုင်းသူပြည်သား အားလုံးကို စိတ်သဘော တညီတညွတ်တည်း ဖြစ်စေဖို့ ဘုရားသခင်က အံ့သြဖွယ် ပြုခဲ့ပါတယ်။ ( ၆ရာ ၃၀း၁၂ )
အဲဒီကာလ မတိုင်ခင်က က္ကုသရေလတိုင်းပြည်ဟာ ဖရိုဖရဲနဲ့ အစိတ်စိတ်အမွှာမွှာ ကွဲပြားနေပြီး ဟိုဘုရင်က ၀င်သိမ်းပိုက်လိုက်၊ ဒီဘုရင်က ၀င်သိမ်းပိုက်လိုက်နဲ့ တကယ့်ကို ၀ါးအစည်းပြေသလို ဖြစ်နေခဲ့ပါတယ်။ ( ၆ရာ ၂၈း၅-၈ )
သို့သော် ဘုရားသခင်ရဲ့ လက်တော်က အဲဒီလို ၀ရုန်းသုန်းကား ဖြစ်နေတဲ့ တိုင်းနိုင်ငံကို အံ့သြဖွယ် စည်းလုံးညီညွတ်စေ ခဲ့ပါတယ်။ ကျနော်တို့ရဲ့ အသင်းတော်တွေ၊ အသက်တာတွေ မငြိမ်မသက်ရှိနေမယ်၊ ၀ရုန်းသုန်းကားဖြစ်နေမယ်ဆိုရင်လည်း သဟဇာတ မျှတစွာ ညီညွတ်လာဖို့ ဘုရားသခင်တတ်နိုင်ပါတယ်။ ဒီလိုနဲ့ အနယ်နယ်အရပ်ရပ်က ရောက်လာကြတဲ့ ပရိသတ်တွေက ဘုရားသခင်ကို ကိုးကွယ်ဝတ်ပြုဖို့ လုပ်ကြတဲ့အခါမှာ မလုပ်တတ် မကိုင်တတ်တဲ့သူတွေ၊ ဘယ်လိုလုပ်ရမယ်ဆိုတာ နားမလည်တဲ့သူတွေ ပါလာကြသလို ဘုရားသခင်ရဲ့ရှေ့မှာ မှန်မှန်ကန်ကန်နဲ့ မလုပ်ဆောင်နိုင်ကြတာကိုလည်း တွေ့ရပါတယ်။ အဲဒီအချိန်ကာလ ပညတ်တရားကာလ တစ်နည်းအားဖြင့် ပဋိညာဉ်တရားဟောင်းရဲ့ ကာလမှာ ဘုရားသခင်ကို ယဇ်ပူဇော်ရာမှာ ပဲဖြစ်ဖြစ်၊ ၀တ်ပြုကိုးကွယ်ရာမှာပဲ ဖြစ်ဖြစ် ဆောင်ရန်၊ ရှောင်ရန်တွေ ဒုနဲ့ဒေး ရှိပါတယ်။ ဘုရားသခင်မိန့်မှာထားတဲ့အတိုင်း တသွေမတိမ်း လိုက်နာဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ အကယ်၍ လွဲချော်မှု တစ်စုံတစ်ရာ ရှိခဲ့တာနဲ့ တပြိုင်နက် အသက်ပါ ဆုံးရှုံးတတ်တာကို ၀တ်ပြုရာကျမ်း ၁၀း ၁-၂ မှာ ကြည့်ရင် သိနိုင်ပါတယ်။ အခုလည်း အဲဒီလိုအမှားမျိုးကို သူတို့တွေ ကျူးလွန်နေမိကြပါပြီ။ သူတို့တွေ ဘာဖြစ်သလဲ ဆက်လက်လေ့လာကြည့်ရအောင်။ ( ၆ရာ ၃၀-၁၇-၁၈ )
အဲဒီလို ဘုရားသခင်ရဲ့ ရှေ့မှောက်မှာ အမှားလုပ်မိကြတဲ့သူတွေ၊ သန့်ရှင်းရာဌာနနဲ့ ဆိုင်တဲ့ ပညတ်ချက်တွေကို ဖောက်ဖျက်မိကြတဲ့ မသန့်ရှင်းသူတွေအတွက် အပြစ်လွှတ်ဖို့ ဘုရားသခင်ကို ဟေဇကိမင်းက ဆုတောင်းပါတယ်။ ( ၆ရာ ၃၀း၁၉ )
ကျမ်းစာမှာတော့ အခုလိုမျိုး ထင်ထင်ရှားရှား ရေးသားဖော်ပြထားပါတယ်။ " သို့ရာတွင် ဟေဇိကက သန့်ရှင်းရာဌာန ထုံးစံအတိုင်း သန့ှ်ရင်းခြင်းမရှိသော်လည်း ဘိုးဘေးတို့၏ ဘုရားသခင်ထာဝရဘုရားကို ဆည်းကပ်ခြင်းငှာ ဘဘောကျသော သူအပေါင်းတို့၏ အပြစ်ကို ကောင်းမြတ်သော ထာဝရဘုရားသည် လွှတ်တော်မူပါစေသော " ဟု ထိုသူတို့ အဘို့ ဆုတောင်းသဖြင့်-----
ဒီနေရာမှာ ကျနော်အဓိက ထောက်ပြချင်တာ အချက်(၃) ချက်ရှိပါတယ်။
(၁) သန့်ရှင်းရာဌာနထုံးစံအတိုင်း သန့်ရှင်းခြင်းမရှိသော်လည်း- ( ထုံးစံ )
(၂) ဘုရားသခင်ထာဝရဘုရားကို ဆည်းကပ်ခြင်းငှာ သဘောကျသောသူအပေါင်း - ( ဘုရားသခင်ကိုဆည်းကပ်သူ )
(၃) ကောင်းမြတ်သောထာဝရဘုရား - ( ဘုရားသခင်ရဲ့ စိတ်နှလုံး )
နံပါတ် (၁) ဖြစ်တဲ့ " သန်ရှင်းရာဌာနထုံးစံအတိုင်း သန့်ရှင်းခြင်းမရှိသော်လည်း " ဆိုတဲ့အချက်က ကျနော်တို့ အသင်းတော်တွေ၊ ဂိုဏ်းဂနတွေရဲ့ လုပ်ရိုးလုပ်စဉ်တွေ၊ အစဉ်အလာတွေကို ထောက်ပြနေတာဖြစ်ပါတယ်။ တစ်ခါတရံမှာ သခင်ယေရှုကို ၀တ်ပြုကိုးကွယ်တဲ့နေရာမှာ - အစီအစဉ်တကျဖြစ်ရေးနဲ့ သတ်မှတ်ချိန်အတွင်း အစီအစဉ်အားလုံး ပြီးစီးဖို့အတွက်ပဲ ကျနော်တိုတွေ တွေး တောကြံဆပြီး ၀တ်ပြုကိုးကွယ်ခြင်း အစီအစဉ်ကို ရေးဆွဲကြပါတယ်။ သန့ှ်ရှင်းသော ၀ိညာဉ်တော်ကို အလှည့်ကျ တာဝန်ခွဲဝေမှုပုံစံခွက်ထဲမှာ မရမကဆွဲထည့်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါ့အပြင် အသင်းတော်တွေရဲ့ သန့်ရှင်း မြင့်မြတ်မှု ပြယုဂ်တွေ ဖြစ်တဲ့ စည်းကမ်း၊ ၀ိနည်းတွေက ဘုရားသခင်ကို ရှာချင်နေကြတဲ့ လေ့လာသူ အသစ်တွေ အတွက် တကယ့်ကို ကြီးမားတဲ့ အဟန့်အတားတွေ ဖြစ်လာစေပါတယ်။ ဒီအကြောင်းအရာကို ပိုပြီးသိချင်ရင် မဿဲ ၁၅း ၈-၉ မှာလေ့လာကြည့်နိုင်ပါတယ်။
နံပါတ် (၂) ဖြစ်တဲ့ " ဘုရားသခင်ထာဝရဘုရားကို ဆည်းကပ်ခြင်းငှာ သဘောကျသောသူအပေါင်း " ဆိုတဲ့အချက်က ဘုရားသခင်ကို ရှာဖွေလိုသူတွေ၊ သခင်ယေရှုရဲ့ ကောင်းမြတ်ခြင်းကို မြည်းစမ်း လိုသူတွေကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ကျနော်တို့ ခရစ်ယာန်တွေရဲ့ ထုံးလမ်းစဉ်လာတွေဟာ သူတို့အတွက် အဟန့်အတား မဖြစ်စေဘို့ အရေးကြီးပါတယ်။ ကျနော်တို့ အသင်းတွေတော်တွေရဲ့ ကြာမြင့်လှတဲ့ ၀တ်ပြုကိုးကွယ်ခြင်း အစီအစဉ်တွေ၊ အသင်းတော်တွင်း စည်းကမ်းသတ်မှတ်ချက်တွေက လေ့လာသူတစ်ယောက်ကို ဆွဲဆောင်နိုင်ဖို့ထက် လွင့်စဉ် ပျောက်ကွယ်သွားဖို့ ပိုပြီးရာခိုင်နှုန်းများ ပါတယ်။ အခုလို ဆိုလိုတဲ့နေရာမှာ လူကြိုက်များအောင် ရှေ့ရှုပြီး အသင်းတော်ကို တည်ဆောက်ရမယ်၊ ရောက်လာတဲ့ ဧည့်သည်ကို စိတ်ကြေနပ်မှုရှိစေမယ့် ဆူလွယ်နပ်လွယ် အစီအစဉ်မျိုးတွေ လုပ်ဆောင်ဖို့ တိုက်တွန်းနေတာ မဟုတ်ပါဘူး။ ၁ကော ၃း၁၀ မှာ တမန်တော်ပေါလုက " ဘုရားသခင်၏ ကျေးဇူးတော်ကို ငါခံရသည်နှင့်အညီ လိမ္မာသောဗိသုကာကဲ့သို့ တိုက်မြစ်ကိုချပြီ လို့ဆိုထားတာကို ကြည့်ရင် ကျနော်တို့ရဲ့ အသင်းတော်၊ ၀တ်ပြုကိုးကွယ်ခြင်းနဲ့ ဧ၀ံဂေလိ အစီအစဉ်တွေမှာ နလပိန်းတုံးလို လှေနံဓားထစ်လုပ်ဆောင်ဖို့ မဟုတ်ဘဲ အလိမ္မာသုံးဖို့ ပါးနပ်ဖို့ လိုကြောင်း နားလည်ရပါလိမ့်မယ်။
နံပါတ် (၃) အချက်ဖြစ်တဲ့ " ကောင်းမြတ်သောထာသရဘုရား " ဆိုတာကတော့ ဘုရားသခင်ရဲ့ စိတ်နှလုံးနဲ့ သဘောထားကို ဖော်ကျူးခြင်း ဖြစ်ပါတယ်။ ကောင်းမြတ်တယ် ဆိုတဲ့ ဘုရားသခင်က မိတ်ဆွေတို့၊ ကျနော်တို့ဆီက ဘာကိုမှ ပြီးပြည့်စုံဖို့ မျှော်မနေသလို၊ မတောင်းလည်းမတောင်းပါဘူး။ သူ့ရှေ့ကို တိုးဝင်လာတဲ့ သူတိုင်းဟာ အိုးလွတ်တွေ ချည်းပဲလို့ သဘောပေါက်ထား သူဖြစ်သလို အစဉ်သဖြင့် ဖြည့်ဆည်းပေးချင်တဲ့သူ ဖြစ်ပါတယ်။ ရောမ ၁၀း၎ ကိုကြည့်ရင် ပညတ်တရားဟာ ခရစ်တော်အားဖြင့် ပြည့်စုံခြင်း ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဘုရားသခင်က ကျနော်တို့ရဲ့ မပြည့်မစုံဆုတောင်းသံ၊ ကီးမညီအသံမမှန်တဲ့ ချီးမွမ်းခြင်း၊ အိုးနင်းခွက်နင်း အစီအစဉ်တွေကို ပြည့်စုံလုံလောက်တဲ့ ယဇ်ဖြစ်စေဖို့ ခရစ်တော်အားဖြင့် ပြင်ဆင်ပြီးသားပါ။ အားငယ်တတ်တဲ့သူတွေလည်း အားငယ်မနေကြနဲ့။
ဘုရားရဲ့ ရှေ့မှာ အမှားလုပ်မိတဲ့သူတွေလည်း မကြောက်ကြပါနဲ့။ ဟေဇကိမင်းရဲ့ ဆုတောင်းထက် သခင်ယေရှုရဲ့ ဆုတောင်းကပိုပြီး တန်ခိုးကြီးမားပါတယ်။ ရောမ ၈း၃၃
ကျနော်တို့ရဲ့ အသက်တာထဲက မှားယွင်းမှု၊ လွဲချော်မှုတွေကို ခရစ်တော်က ဆုတောင်းပေးနေပါတယ်။ အဓိကအရေးကြီးဆုံးကတော့ အထက်မှာ ဖော်ပြခဲ့တဲ့ ဟေဇကိမင်းလက်ထက်က လူတွေကို ဘုရားသခင်ဆီ နောင်တနဲ့ လှည့်ပြန်လာဖို့က သာအရေးကြီးပါတယ်။ ထာဝရကာလကို ရောက်တဲ့အခါမှာ တစ်ခါမှ အမှားမပြုခဲ့ဖူးတဲ့ သူကိုရွေးပြီး " သာဓု သစ္စာရှိသော ငယ်သားကောင်း " လို့ ဘုရားသခင်က ချီးမွမ်းမှာ မဟုတ်ဘူးဆိုတာ ကျနော်အာမခံပါတယ်။ လဲသော်လည်း ပြန်ထတဲ့သူ၊ မှားသော်လည်း နောင်တရသူကိုသာ ဘုရားသခင်နှစ်သက်ကြောင်းကို ဆာလံ ၃၇း ၂၃-၂၄ မှာ လော့လာဖတ်ရှုကြည့်ဖို့ တိုက်တွန်းရင်း ဒီတရားဒေသနာကို နိဂုံးချုပ်အပ်ပါတယ်။
ကျနော်တို့ရဲ့ မပြည့်စုံမှုတွေကို နားလည်စာနာစွာ ဖြည့်ဆည်းပေးနေသူဟာ ခင်ဗျားတို့ ကျနော်တို့လို လောကီသား တစ်ယောက်မဟုတ်ဘူးဆိုတဲ့ စိတ်ချမှုကို ရရှိစေဖို့ ဘုရားသခင်ကောင်းကြီးပေးပါစေ။
ဆရာဇေယျာ
ဘုရားသခင်က မေတ္တတော်ရှင်ဘုရားဆိုရင် ဘာကြောင့် သဘာဝဘေးဒဏ်တွေကို ကျရောက်စေပြီး လူတွေသေကြေပျက်ဆီး၊ ဒုက္ခရောက်စေဖို့ ဘာလို့ ခွင့်ပြုတာလဲ။
စိတ်မကောင်းပါဘူး။ ကျွန်တော်ကိုယ်တိုင် လည်း ၂၀၀၈ မှာ ရိုက်ခတ်သွားတဲ့ နာဂစ်မုန်တိုင်းကို ခံခဲ့ရတော့ အခုလို ဒုက္ခရောက်နေတဲ့ ဂျပန် နိုင်ငံက လူတွေအတွက် ကိုယ်ချင်းစာမိပါတယ်။ ဒါတွေတွေးမိရင်းနဲ့ ဒီ ဝေငှချက်လေးကို အလုပ်များတဲ့ကြားထဲကနေ ကောက်ရေးမိလိုက်တာပါ။ အခုလို သဘာဝ ဘေးဒဏ်တွေ ဖြစ်ပေါ်လာတော့ လူတွေ သေကြေကြတယ်။ ကလေးတွေ မိဘမဲ့ဖြစ်ကုန်ကြရတယ်။ ဇနီးသည်တွေလည်း သူတို့ ခင်ပွန်းတွေ ပျောက်ဆုံးကြသလို၊ ခင်ပွန်းသည်တွေလည်း ဇနီးတွေကို လက်လွတ် ဆုံးရှုံးကြရတယ်။ ချစ်သူ၊ ခင်သူတွေ တကွဲတပြားဖြစ်ကုန်ကြတယ်။ နာဂစ်မုန်တိုင်းတုန်းကဆိုလည်း ဒီလိုပါပဲ။ တကယ်ပါ။ ဘုရားသခင် ဘယ်ရောက်နေလဲလို့တောင် မေးမိတယ်။ တလောကလုံးက (ဆိုလိုတာကမုန်တိုင်းဒဏ်ခံနေရတဲ့ အခြေ အနေကို ပြောတာပါ) ရစရာမရှိအောင်ဖြစ်ပျက်နေတာ။ နာဂစ်မုန်တိုင်းက ကျွန်တော့်အတွက်တော့ မမေ့နိုင်စရာ ဘ၀ရဲ့အမှတ်တရ တစ်ခုဖြစ်ခဲ့ရတယ်။ အခုလည်း ဂျပန်နိုင်ငံမှာ ဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေ internet မှာတင်ထားတဲ့ ဓါတ်ပုံတွေကို ကြည့်ပြီး ဘုရားသခင်က အရာရာကို ထိန်းချုပ် ထားတယ်ဆိုတာတောင် သံသယ ဖြစ်မိတယ်။ ဘုရားသခင် ကချစ်ခြင်းမေတ္တာရှင် ဆိုပြီး အခုလို လူတွေသေကြေကြတယ်။ ဒုက္ခရောက်နေကြတာ၊ ဘုရားသခင် ဘာလို့ လျစ်လျုရှု ထားတာလဲ။ ကောလောသဲ ၁း ၁၆-၁၇ မှာ ”အကြောင်းမူကား၊ ထိုသားတော်သည် ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာ ရှိသမျှသော ရှုပအရာ၊ အရှုပအရာ၊ ရာဇပလ္လင်ဖြစ်စေ၊ အစိုးရခြင်းတန်ခိုးဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာဏာစက်ဖြစ်စေ၊ ခပ်သိမ်း သောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်၎င်း၊ ထိုသခင်အဖို့အလိုငှါ၎င်း ခပ်သိမ်းသောအရာတို့သည် ဖန် ဆင်းလျက်ဖြစ်ကြ၏။ သားတော်သည်လည်း ခပ်သိမ်းသောအရာမဖြစ်မှီ ဖြစ်တော်မူ၍ ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်အားဖြင့်သာ တည်ကြ၏။” သားတော် ယေရှုခရစ်တော်က ခပ်သိမ်းသောအရာတွေကို ထိန်းချုပ် ထားတာဖြစ်ပါ တယ်။ ဒီလိုဆိုရင်ဘုရားသခင်က ဒီသဘာဝဘေးဒဏ်တွေကို မကျရောက်လာဖို့ မတားဆီးနိုင်ဘူးလား၊ အဖြေကရှင်းရှင်း လေးပါ။ တားဆီးနိုင်ပါတယ်။ ရာသီဥတုတွေကို ဘုရားသခင်လွှမ်းမိုးနိုင်သလား၊ လွှမ်းမိုးနိုင်ပါတယ်။ တရာဟော ၁၁း ၁၇ နဲ့ ယာကုပ် ၅း၁၇ မှာ တွေ့နိုင်ပါတယ်။ တောလည်ရာကျမ်း ၁၆း ၃၀-၃၄ မှာ ဘုရားသခင်က လူတွေရဲ့
အပြစ်ကို တရား စီရင်ဖို့ တခါတလေ သဘာဝဘေးဒဏ်တွေကို ကျရောက်စေတယ်လို့ဖော်ပြထားပါတယ်။ ဗျာဒိတ်ကျမ်းမှာ လည်း သဘာဝ ဘေးဒဏ်တွေ အကြောင်းကိုဖော်ပြထားပါတယ် (ဗျာ ၆၊ ၈၊ ၁၆)။ ဒီလိုပြောလို့ ဂျပန်နိုင်ငံကလူတွေရဲ့အပြစ်ကို ဘုရား သခင် တရားစီရင်နေတာဖြစ်တယ်လို့ ဆိုလိုခြင်းမဟုတ်ပါ။ နောက်တစ်ခု နားလည်ရာမှာက သဘာဝ ဘေးဒဏ်တိုင်းက ဘုရားသခင်ရဲ့တရားစီရင် မဟုတ်ပါဘူး။လောကမှာ ဘုရားသခင်က မတရားသောသူများကိုလည်း အသက်ရှင်ခွင့်ပေးထားပါတယ်။
ရောမ ၈း ၁၉-၂၁ မှာ ဆိုရင် လောကကြီးက ဘုရားသားများပေါ်ထွန်းဖို့အတွက်မျှော်လင့်နေတယ်။ နောက်ပြီး ဘုရားသခင်ဖန်ဆင်းထားတဲ့ ဒီလောက ကြီး ကအနိစ္စဆိုတဲ့ မတည်မြဲခြင်းကို ရောက်တယ်။ ဒီလိုရောက်တာဟာသူ့အလိုအလျောက်မဟုတ်ဘူး။ ဘုရားသခင် အလိုကြောင့်ဖြစ်ပြီး၊ ဘုရားသားများဘုန်းဝင်စားတဲ့အခါ ဘုရားက လောကကိုလွှတ်ငြိမ်းချမ်းသာခြင်းပေးမှာဖြစ်တယ် လို့ ပြောထားပါတယ်။ အပြစ်တရားကြောင့် အရာအားလုံးဟာ ပျက်စီးခြင်းကို ရောက်ရကြတယ်။ ကျွန်တော်တို့ နေထိုင်နေတဲ့ ကမ္ဘာလောကကြီး အပါအ၀င် ပျက်ဆီးခြင်းဆီကို ရွှေ့လျားနေတယ်။ ဒီအပြစ်တရားကြောင့်ပဲ အခုလို သဘာဝ ကပ်ဘေးတွေ တွေ့ကြုံရပြီး၊ ရောဂါဆိုးတွေ၊ ဒုက္ခဆင်းရဲခြင်းအမျိုးမျိုးတွေ ကြုံတွေ့နေရတာဖြစ်ပါတယ်။ ဒါကြောင့် အခုလို အဖြစ်အပျက်ဆိုးကြီးတွေ ဘာကြောင့် ရောက်လာတယ်ဆိုတာကျွန်တော်တို့ နားလည်နိုင်ပေ မယ့် ဘုရားသခင်ဘာလို့ ဒီဆိုးကျိုးတွေကို ခွင့်ပြုတာလဲဆိုတာတော့ ကျွန်တော့်တို့ နားမလည်နိုင်ပါဘူး။ ဆူနာမီ ကြောင့်အာရှနိုင်ငံက သိန်းပေါင်းများစွာသောလူတွေ သေဖို့ ဘုရားသခင် ဘာလို့ခွင့်ပြုတာလဲ။ ထောင်ပေါင်းများစွာသော လူတွေ သေဖို့ US မှာဖြစ်ပျက်သွားတဲ့ ဟာရီကိန်း ကို ဘုရားသခင်ဘာကြောင့် မတားဆီးခဲ့တာလဲ။ ကျွန်တော်တို့ ဘုရားသခင်ရဲ့ သဘောသဘာဝ ကို နားမလည်နိုင်ပါဘူး။ ဒါပေမယ့်သေချာတာကတစ်ခုကတော့ ဒီလို အဖြစ်အပျက်ဆိုးက အခု ဘ၀ အသက်ရှင်နေတဲ့ အချိန်ဘယ်လို အသက်ရှင်မလဲ ဆိုတာနဲ့ သေပြီး တမလွန်အတွက် ထာဝရကာလကို စဉ်းစားစရာတစ်ခု ဖြစ်စေပါတယ်။ လူ့ဘ၀ဆိုတာ ဘာမှ မဟုတ်ဘူး။ အချိန်ခဏလေးအတွင်းမှာကိုယ့်အသက်တောင် ပျောက်သွား နိုင်တယ်ဆိုတာ စဉ်းစာတစ်ခု ဖြစ်လာပါတယ်။
ဘုရားသခင်က ကောင်းမြတ်သော ဘုရားဖြစ်တယ်ဆိုတာ ကျွန်တော်တို့ အကြွင်းမဲ့ယုံကြည်ဖို့လိုပါတယ်။ ဒီလို ဘေးအန္တရယ်ဆိုးကြီးထဲမှာပင် ဘုရားသခင်ကိုမြင်လာဖို့၊ သိလာဖို့၊ ဘုရားဆီကို ချဉ်းကပ်လာဖို့ များစွာသော နိမိတ်လက္ခဏာတွေ ဖြစ်ပျက်သွားမယ်ဆိုတာ ကျွန်တော်အကြွင်းမဲ့ ယုံကြည် ပါတယ်။ပြီးတော့ (Christian Organization) ခရစ်သာသနာအဖွဲ့အစည်းတွေကလည်းလိုအပ်တဲ့အကူညီတွေပေးပြီး၊ ကြေကွဲနေတဲ့သူတွေကို counselingလုပ်ခြင်း၊ဆုတောင်းပေးခြင်း၊ခရစ်တော်အကြောင်းကိုသက်သေခံခြင်းများအားဖြင့်ကြေကွဲစရာ
စကားပြောနေပါတယ်။ ကျမ်းစာထဲမှာလဲ ”လောကနဲ့ လောကမှာရှိတဲ့ စည်းစိမ်တွေဟာ ပျောက် ကွယ်သွားတတ်တယ်။ ဒါပေမယ့် ဘုရားရဲ့အလိုတော်ကို ဆောင်တဲ့သူကတော့ထာဝရတည်တယ် လို့ ၁ ယော ၂း ၁၇ မှာ ပြောထားပါတယ်။ ဘုရားရဲ့အလို တော်ကိုဆောင်တဲ့သူက သူသေသွားရင်တောင်မှ သူ အလိုတော် ဆောင်ခဲ့တဲ့အရာ တွေကကောင်းကင်မှာ ထာဝရ ခံစား ရမှာဖြစ်တယ်။ လောက အရာပဲ တပ်မက်တဲ့သူကတော့ လောကကြီးလိုပဲ ဘာမှ ကျန်မှာ မဟုတ်ဘူး။ တစ်ချိန်မှာတော့ပျောက်ကွယ်သွားမှာဖြစ်တယ်။ ဒီအဖြစ်အပျက်က ကျွန်တော်တို့တွေ ကို ၀ိညာဉ်ရေးရာ သင်ခန်းစာတွေ ပေးပါတယ်။ ဂျပန်နိုင်ငံမှာ ဖြစ်ပျက်သွားတဲ့ ဆူနာမီကြောင့် ဒုက္ခရောက်တဲ့သူတွေ၊ သေဆုံးသွားကြတဲ့သူတွေကို ကျွန်တော်တို့ မသိပါ ဘူး။ ကျွန်တော်တို့ မိတ်ဆွေတွေလည်း မဟုတ်ပါဘူး။ ဆွေမျိုးလည်း မတော်ပါဘူး။ ဒါပေမယ့် အသက်ရှင်တဲ့ ဘုရား ကို သိတဲ့ ကျွန်တော်တို့ ယုံကြည်သူတွေ သူတို့အတွက် ဆုတောင်းပေးဖို့လိုပါတယ်။ သဘာဝမုန်တိုင်းတွေ၊ ဘ၀မုန်တိုင်း တွေ၊ ဘယ်လိုမုန်တိုင်းတွေပဲဖြစ်ပါစေ အဲဒီ မုန်တိုင်းတွေထဲမှာ အသက်ရှင်တဲ့ ဘုရားကို တွေ့သွားဖို့ ဆုတောင်းပေးဖို့ လိုပါတယ်။ မှန်ပါတယ်။ ဘုရားသခင်က မေတ္တာရှင် ဘုရားဖြစ်ပါတယ်။ အခုလို ဘေးဒဏ်တွေရောက်လာခြင်း ဟာ ဘုရားသခင် ခွင့်ပြုလို့ ရောက်လာခြင်းဖြစ်ပြီး၊ ဒီလို အဖြစ်အပျက်တွေအားဖြင့် ဘုရားဆီကို ပြန်လှည့်လာဖို့ ဘုရားသခင် သင့်ကို ခေါ်နေခြင်းဖြစ်ပါတယ်။ မဟုတ်ရင် ဒီထက် ကပ်ဘေးတွေ ရောက်လာအုံးမယ်ဆိုတာ ကျမ်းစာထဲမှာလည်း ပြောထားပြီး သားဖြစ်ပါတယ်။ ဒါကြောင့် ချစ်သောမိတ်ဆွေ၊ ဘုရားသခင်ဆီကို ပြန်ပြီး တိုးဝင်ချဉ်းကပ်ရင်းနဲ့ အသက်တာကို ပြန်လည်ဆက်ကပ်ဖို့ ဒီ ဝေငှချက်လေးကို ဝေငှလိုက်ပါတယ်။
ဘုရားသခင်ကောင်းကြီး ပေးပါစေ။
ခရစ်တော်၌
စွမ်ဇာခိုင်
ညီအကိုစိတ်ထားရှိပါ ........... Rev. မာနော်
The Westminster Confession of Faith 1646 ( ဘာသာပြန် )
ဤနေရာတွင် အခန်း(၅) ပြီးဆုံးပါသည်။
အခန်း (၅) အားဆက်လက်ဖော်ပြပေးသွားပါမည်
The Westminster Confession of Faith 1646 ( ဘာသာပြန် )
ဤနေရာတွင် အခန်း (၄) ပြီးဆုံးပါသည်
အခန်း(၅) အားဆက်လက်ဖော်ပြပေးသွားပါမည်