ကောရိ န္တု သြဝါဒစာပဌမစောင် ( ၁၃း ၄-၈ )

၎မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်း မရှိ၊ မာန်မာနမရှိ။ ၅လျောက်ပတ်စွာမကျင့်တတ်၊ ကိုယ်အကျိုးကို မရှာတတ်၊ ဒေါသအမျက်မထွက်တတ်၊ အပြစ်ရှိ သည်ဟု မထင်တတ်၊ ၆မတရားသောအမှု၌ ဝမ်းမြောက်ခြင်းမရှိတတ်၊ သမ္မာတရား၌ဝမ်းမြောက်တတ်၏။ ၇ခပ်သိမ်း သောအရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။ ခပ်သိမ်းသောအရာကို မြော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။ ၈မေတ္တာသည် ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏။ ပရောဖက် ဥာဏ်သော်၎င်း၊ အမျိုးမျိုးသောဘာသာစကားကို ပြောနိုင်သောအခွင့်သော်၎င်း၊ သိပ္ပံအတတ်သော်၎င်း၊ ကွယ်ပျောက်လိမ့်မည်။

ဆာလံကျမ်း ( ၉၈း ၁ )

၁ထာဝရဘုရားအား အသစ်သောသီချင်းကို ဆိုကြလော့၊၊ အံ့ဘွယ်သောအမှုတို့ကို ပြုတော်မူပြီ၊၊ လက်ျာလက်တော်နှင့် သန့်ရှင်းသောလက်ရုံးတော်သည် ကိုယ်တော်အဘို့ ကယ်တင်ခြင်းအမှုကို ပြုလေပြီ၊၊

ရှင်လုကာခရစ်ဝင် ( ၅း ၄ )

စကားတော်ပြတ်သောအခါ၊ ရေနက်ရာအရပ်သို့ ရွှေ့ဦးလော့။ ပိုက်ကွန်ကိုချ၍ ငါးကိုအုပ်စမ်း လော့ဟု ရှိမုန်အား မိန့်တော်မူ၏။

ယေရမိအနာဂတ္တိကျမ်း ( ၂၀း ၇ )

၇အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို သွေးဆောင်တော်မူသည်အတိုင်း၊ အကျွန်ုပ် လိုက်ပါပြီ။ ကိုယ်တော်သည် အကျွန်ုပ်ထက်အားကြီး၍ နိုင်တော်မူပြီ။

ဧဖက်သြ၀ါဒစာ ( ၄း ၂၆-၂၇ )

၂၆အမျက်ထွက်ရာတွင် အပြစ်မရှိ စေနှင့်။ ၂၇အမျက် မပြေဘဲ နေမဝင်စေနှင့်။ မာရ်နတ်ကို အခွင့်မပေးကြနှင့်။

အထူးကြေငြာချက်





သမ္မာအလင်းဘလော့ခ်ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာ


ဘုရားရှင်ရဲ့ကျေးဇူးတော်ကြောင့် ကျနော်တို့ " Th Mar A Linn " အင်တာနက်ခရစ်ယာန်ရေဒီယိုလေးကို စတင်ထုတ်လွှင့်နိုင်ခဲ့ပါပြီ ..အစဦးပိုင်းမို့ အဆင်မပြေမှုတွေ ရေဒီယိုရပ်တန့်မှုတွေ ရှိနေပါသေးတယ် နားလည်ခွင့်လွှတ်ပေးပြီး ကျနော်တို့ရဲ့ရေဒီယိုလေးကိုလည်းအားပေးစေချင်ပါတယ် အခက်အခဲ၊ နားလည်မှုလွဲမှားခြင်းတွေ အများကြီးထဲက အခုလို ဘုရားရှင်မျက်နှာသာပေးခဲ့တဲ့အတွက်လည်း မျက်ရည်ကျမိအောင်ကို ကျေးဇူးတော်ချီးမွမ်းပါတယ် " သမ္မာအလင်းအင်တာနက်ရေဒီယို " နားဆင်ချင်တယ်ဆိုရင်တော့ Internet Browser မှာ http://72.13.81.37/radio လို့ရိုက်ထည့်ပြီး နားဆင်လို့ရပါတယ် ကျနော်တို့ ဘလော့ခ်လေးကို ၀င်ကြည့်တာနဲ့လည်း ရေဒီယိုကိုနားဆင်နိုင်အောင် ပြုလုပ်ထားပါတယ်။ နောက်ပိုင်းမှာ အစီအစဉ်သစ်လေးတွေထပ်ထည့်မှာ ဖြစ်တဲ့အတွက် ကျနော်တို့ရဲ့ ရေဒီယိုအကောင့် " thmaralinn@gmail.com ကိုလည်း အက်ထားလို့ရပါတယ်ဆိုတဲ့အကြောင်းအသိပေးအပ်ပါတယ်။



ချစ်ခြင်းအားဖြင့်
သမ္မာအလင်း

ဘုရားသခင်တကယ်ရှိပါသလား


(က) ဘုရားသခင်အကြောင်းကို ဘယ်လိုလေ့လာနိုင်မလဲ
(၁) သမ္မာကျမ်းစာ (နှုတ်ကပတ်တော်) အားဖြင့်လေ့လာခြင်း

ကောင်းကင်နှင့်မြေကြီးမတည်သော်လည်း ငါ့စကားတည်လိမ့်မည် ’’ ( လု ၂၁း၃၃ )
ကောင်းကင်ကြီးနဲ့ မြေကြီးပျောက်ကွယ်သွားရင်တောင် ကျန်ခဲ့မယ့်အရာဟာ နှုတ်ကပတ်တော်သမ္မာကျမ်းစာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျမ်းစာထဲမှပြောထားတဲ့ အကြောင်းအရာတွေကို လေ့လာခြင်းဟာ မပြောင်းလဲတော့မယ့်အရာကို လေ့လာခြင်းဖြစ်ပါတယ်။

ယေရှုကလည်း လူသည်မုန့်အားဖြင့်သာ အသက်မွေးရသည်မဟုတ်၊ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာလာသည်ဟု ပြန်ပြောတော်မူ၏။ ” ( မဿဲ ၄း၎ )
လောကထဲမှာ အသက်ရှင်စဉ် ပါးစပ်ကနေ စားဖို့အတွက်ပဲအသက်ရှင်နေခြင်း မဟုတ်ဘဲ
ဘုရားသခင်ရဲ့နှုတ်တော်ထွက်စကားအားဖြင့် အသက်ရှင်ရမယ်လို့ ဆိုထားပါတယ်။
နေ့ရက်စဉ်တိုင်း နှုတ်ကပတ်တော်အားဖြင့် အသက်ရှင်မှသာ ရန်သူစာတန်ရဲ့တိုက်ခိုက်မှုကို နှုတ်ကပတ်တော်အားဖြင့် ပြန်လည်ချေပနိုင်မှာဖြစ်တယ်။

ထိုကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍.. ” ( ၂တိ ၃း၁၆ )
သမ္မာကျမ်းစာဟာ ဘုရားသခင်မှုတ်သွင်းခြင်းကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။
ဆိုလိုတာက ဘုရားသခင်ထဲမှာရှိတဲ့ဇီဝအသက်ရှင်ခြင်းနဲ့ဆိုင်တဲ့အရာကို
သမ္မာကျမ်းစာထဲ မှုတ်သွင်းခြင်းအားဖြင့် နှုတ်ကပတ်တော်ဖြစ်လာတယ်။ ဘုရားရှင်ကိုယ်တော်တိုင်မှုတ်သွင်းထားတဲ့အရာဖြစ်တဲ့အတွက်ကြောင့် အမှားမရှိနိုင်တဲ့စာအုပ် ဖြစ်ပါတယ်။
အကြောင်းမူကား အနာဂတ္တိစကားသည် လူအလိုအားဖြင့်ဖြစ်ဖူးသည် မဟုတ်။
ဘုရားသခင်၏သန့်ရှင်းသူတို့သည်သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်းကိုခံရ၍
ဟောပြောကြ၏။ ” ( ၂ပေ ၁း၂၁ )
ကျမ်းစာကို ရေးသားခဲ့တဲ့လူတွေဟာ ဘုရားသခင်ရဲ့သန့်ရှင်းသော ဝိညာဉ်တော်ဖော်ပြချက်နဲ့ ရေးသားတယ်လို့ဆိုပါတယ်။ လူ့ကိုယ်ပိုင်အတွေးအခေါ်တွေမဟုတ်ဘူးလို့ ဆိုလိုခြင်းပါ။

နောက်တစ်ချက်ကဘာလဲဆိုတော့ သမ္မာကျမ်းစာဟာ ဖြစ်ရပ်စုံကို
မကွယ်မဝှက်ဘဲ ဖတ်တဲ့သူတိုင်းသိဖို့အတွက် ဖော်ပြထားတဲ့စာအုပ်ပါ။
ကောင်းတဲ့ အရာတွေကိုဖော်ပြထားသလို၊ မကောင်းတဲ့အရာတွေ၊ အဆင်မပြေတဲ့အရာတွေ၊
ပြဿနာအရှုပ်အထွေးတွေကို အရှိကိုအရှိအတိုင်းဖော်ပြထားပါတယ်။
ကောင်းနိုးရာရာကိုသာ ထုတ်နှုတ်ဖော်ပြထားတာမဟုတ်ပါဘူး။ အဲဒီကောင်းတဲ့အရာတွေ၊
မကောင်းတဲ့အရာတွေအားလုံးကို လူတိုင်းသိသာမြင်နိုင်အောင် ဘုရားသခင်
ကိုယ်တော်တိုင်က မှုတ်သွင်းခြင်းအားဖြင့် အတည်ပြုပေးခဲ့ပါတယ်။

(၂) နှုတ်ကပတ်တော်က ဘုရားသခင်နှင့်ပတ်သက်၍ လူ့ဘာသာစကား၊ ပုံသဏ္ဍာန်အားဖြင့်
ကျွန်ုပ်တို့ကို ဖော်ပြခြင်း

လက် - “ ငါသည်လည်း လက်ကိုဆန့်၍ အီဂျစ်ပြည်ထဲ၌ ငါပြုလတ္တံ့သော ငါ၏အံ့ဖွယ်သောအမှုရှိသမျှတို့နှင့် ထိုပြည်ကိုဒဏ်ခတ်တော်မူမည်။ ထို့နောက် အီဂျစ် ရှင်ဘုရင်သည် သင်တို့ကိုလွှတ်လိမ့်မည်။”
( ထွက် ၃း၂၀၊ ၆း၆၊ တရားဟော ၄း၃၄၊ ၅း၁၅ )

မျက်နှာ - “ အကျွန်ုပ်ကို မြေကြီးပြင်မှ ယနေ့နှင်ထုတ်တော်မူပြီ၊ မျက်နှာတော်ကိုလည်း မမြင်ရ။
မြေကြီးပေါ်မှာ ပြေးရသောသူ၊ အရပ်ရပ်လည်ရသောသူဖြစ်ရပါမည်။
တွေ့သမျှသောသူတို့သည် အကျွန်ုပ်ကို သတ်ကြပါလိမ့်မည်ဟု ထာဝရဘုရားကို လျှောက်ဆို၏။ ”
( ကမ္ဘာ ၄း၁၄၊ ၃၃းဝ၊ ဟေရှာ ၅၉း၂ )

မျက်စိနှင့်နား - “ အိုထာဝရဘုရား နားတော်ကိုလှည့်တော်မူပါ။ အိုထာဝရဘုရား မျက်စိတော်ကိုဖွင့်၍ ကြည့်ရှုတော်မူပါ။…” ( ဟေရှာ ၃၇း၁၇၊ ဆာ ၁၁း၎၊ ၃၄း၁၅၊ သု ၁၅း၃၊ ဇာခရိ ၄း၁၀ )

သွားခြင်းနှင့်လာခြင်း - “ ထိုသို့ လူသားတို့တည်လုပ်သောမြို့နှင့်ရဲတိုက်ကို ကြည့်ရှုခြင်းငှါ ထာဝရဘုရားသည်
ဆင်းသက်တော်မူ၏။ ” ( ကမ္ဘာ ၁၁း၅၊ ဟေရှာ ၆၄း၁-၃၊ ဆာ ၁၈း၉-၁၉ )

အသံတော် - “ထာဝရအရှင်ဘုရားသခင်ကလည်း သင်သည်အဘယ်မှာ ရှိသနည်းဟု
လူကိုခေါ်တော်မူ၏။” ( ကမ္ဘာ ၃း၉၊ တရားဟော ၄း၁၂ )

ကျွန်ုပ်တို့လည်း ဘုရားသခင်၏စကားသံကို ကြားနိုင်သည်။
“ အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရားသည် ဘုန်းတန်ခိုးအာနုဘော်တော်ကို
အကျွန်ုပ်တို့အား ပြသတော်မူပြီ။ မီးထဲကစကားတော်အသံကို အကျွန်ုပ်တို့သည် ကြားရပါပြီ။
ဘုရားသခင်သည် လူနှင့်နှုတ်ဆက်သော်လည်း လူသည်အသက်ရှင်သေးသည်ကို
ယနေ့၌ အကျွန်ုပ်တို့သည် သိမြင်ရပါပြီ” ( တရားဟော ၅း၂၄၊ တမန် ၂၂း၁၄ )

ကြေငြာချက်


မင်္ဂလာပါခင်ဗျာ
ကျနော်တို့ရဲ့ သမ္မာအလင်းဘလော့ခ်မှာ ယခုလက်ရှိ ထိုင်းနိုင်ငံ မဲဆောက်မြို့ Map Radio ကနေထုတ်လွှင့်ခဲ့တဲ့ နှုတ်ကပတ်တော် (တရားဒေသနာ) ဖိုင်တွေ နဲ့ အသံသွင်းဇာတ်လမ်း ဖိုင်တွေကို နားဆင်နိုင်ဖို့အတွက် Download Link လေးတွေတင်ပေးထားပါတယ်။ ဆက်လက်ပြီး အစီအစဉ်သစ်
အနေနဲ့ ကျနော်တို့ရဲ့ " သမ္မာအလင်းလူငယ်ဓမ္မရသစာစောင် " ကို ဖတ်ရှု နိုင်ဖို့ Download Link
လေးတွေပါ တင်ပေးထားပါတယ်။

ခရစ်တော်၏ချစ်ခြင်းအားဖြင့်
သမ္မာအလင်း

မေတ္တာကကြိုး


မင်္ဂလာပါ ....... .......
ဒီနေ့တော့ ကျနော့်ညီအစ်ကို၊ မောင်နှမတွေကို ခွန်အားပေးချင်တဲ့အကြောင်းအရာလေးတစ်ခုရှိပါတယ်။
အဲဒီအကြောင်းအရာကတော့ ...... ...... .......
ဟောရှေ ၁၁း၎ မှာဖော်ပြထားတဲ့ လူကိုချည်တတ်သောကြိုး နဲ့ပတ်သက်ပြီးခွန်အားပေးချင်တာပါ။
ဒီနေရာမှာ လူကိုချည်တတ်သောကြိုးဆိုလို့ အလုပ်တာဝန်တွေ၊ ပညတ်တရားတွေမဟုတ်ပါဘူး။
မေတ္တာကြိုးလို့ ကျမ်းစာမှာဖော်ပြထားပါတယ်။
တကယ်တော့ ကျနော်တို့က ဘုရားသခင်ရဲ့မေတ္တာနဲ့ အလေးအနက်ဂရုစိုက်မှုတွေအပေါ်မှာ
သံသယရှိတတ်ပေမယ့် ဘုရားသခင်ကတော့ ကျနော်တို့အပေါ် တကယ့်ကိုဂရုစိုက်တဲ့သူဖြစ်ပါတယ်။
ကျနော်တို့ရဲ့ဘ၀အသက်တာနဲ့ သူ့နှလုံးသားနဲ့ကို ကြိုးတစ်ချောင်းနဲ့ ချည်ပြီးထားတဲ့အထိကို
အချစ်ကြီးသူ၊ အဖြစ်သည်းသူဖြစ်ပါတယ်။ အဲဒီချည်ထားတဲ့ကြိုးက ဘာကြိုးဖြစ်မယ်လို့ထင်လဲ။
အဲဒီကြိုးက ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာကြိုးဖြစ်တဲ့သခင်ယေရှုပဲ ဖြစ်ပါတယ်။
မိတ်ဆွေ ဘယ်နေရာပဲရောက်ရောက်၊ ဘယ်နေရာမှာပဲရှိနေနေ
ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာကြိုးကနေ လွတ်အောင်မပြေးနိုင်ပါဘူး။
တစ်ခါတရံမှာ ကျနော်တို့စိတ်ကူးတွေ၊ ကျနော်တို့အကြံအစည်တွေနဲ့
လုပ်မိလုပ်ရာတွေလျှောက်လုပ်နေတဲ့အချိန်မှာ ဘုရားသခင်က
အင်း ... ငါ့သား၊ ငါ့သမီးတော့ မိုက်မှားတော့မယ်။အမှားထဲကဆွဲတင်ဖို့ ကြိုးပြန်တင်းမှ .......ဆိုပြီး
စက္ကူစွန်တစ်ခုကို ကြိုးပြန်တင်းလိုက်သလို ပြန်တင်းလိုက်ပါတယ်။
တကယ်တော့ ကျနော်တို့၊ ခင်ဗျားတို့ရဲ့အသက်တာက လူ့လောကမှာ သူ့ဘုန်းတော်ထင်ရှားစေဖို့
ဘုရားသခင်လွှတ်တော်မူထားတဲ့ ဧည့်သည်တွေပါ။
အခုလို အသက်ရှင်ခွင့်ရနေချိန်မှာ ဘုရားရဲ့မေတ္တာကိုနားလည်ပြီး
ဘုရားသခင်ရဲ့မေတ္တာကြိုးဖြစ်တဲ့ သခင်ယေရှုကို လောကလူသားတွေဆီ ပြန်လည်ဝေငှကြရအောင်လားဗျာ။

အတ္တသားကောင်



ဘာရယ်မှန်းမသိဘူး
အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ရတဲ့
ရင်နာနာဇာတ်ဆိုရင် ......
ငါ ...... မင်းသားဖြစ်တာများတယ်။
ဘ၀တဲ့ ...... မြိုချရခက်တဲ့
မီးတောက်ဆေးခါးတစ်ခွက် ......
ရေပွက်ပမာ ...... တစ်သက်တာဆိုပေမယ့်
ဒီမှာ ...... အပူပြင်းလွန်းတယ်။
ရမ္မက်စိတ်တွေမောင်းတင်ပြီး
တောလိုက်ထွက်တိုင်းမှာ
ငါ ...... အမြဲလိုသားကောင်ရခဲ့တာချည်းပဲ။
ကဲ ..... ဘ၀လည်းအို၊ နေလည်းညိုပြီ
အိမ်အပြန်မျက်နှာပန်းလှပါ့မလားလို့စိတ်ကူးရင်း
အတ္တမှော်ရုံအောက်မှာ
လှတပတဆူးချွန်တွေနဲ့
ငါစီရင်ထားတဲ့ထောင်ချောက်ကို
ဝမ်းသာအားရလှစ်အကြည့် .......
အဲဒီမှာမိနေတဲ့သားကောင်ဟာ
ငါကိုယ်တိုင်ဖြစ်နေပါရောလား ။ ။

သခင်ချစ်သောသူ


မင်္ဂလာပါ။ အခုကျနော်တို့ အတူတကွလေ့လာကြမည့် နှုတ်ကပတ်တော်ကတော့
သခင်ချစ်သောသူ ဆိုတဲ့ နှုတ်ကပတ်တော်ပဲဖြစ်ပါတယ်။
ဒီနှုတ်ကပတ်တော်ကို မလေ့လာခင်မှာ ကျနော့်အနေနဲ့ မေးခွန်းတစ်ခုလောက် အရင်မေးချင်ပါတယ်။
ကျနော်ရဲ့ ညီအစ်ကို၊ မောင်နှမတွေ ရှောလမုန်သီချင်းကို အစအဆုံးဖတ်ဖူးကြပါသလား။
အဲ... ကျနော်တို့အားလုံးက ရှောလမုန်သီချင်းကို လုံးစေ့ပတ်စေ့ သေသေချာချာဖတ်ဖို့ရန် မေ့လျော့ပျက်ကွက်နေကြတာများပါတယ်။
တကယ်တမ်းဆိုရင် ရှောလမုန်သီချင်းဟာ ခရစ်တော်နဲ့အသင်းတော်ရဲ့မေတ္တာတရားကို
အကောင်းဆုံးဖော်ကျူးထားတဲ့သီချင်းတစ်ပုဒ်ပါ။
ဒီသီချင်းမှာ ကျနော်တို့ယုံကြည်သူတွေရဲ့ သခင်ယေရှုအပေါ်ထားတဲ့ခံစားချက်၊ မေတ္တာတရားနဲ့
သခင်ယေရှုရဲ့ ကျနော်တို့အပေါ်ထားတဲ့ခံစားချက်၊ မေတ္တာတရားနဲ့ ဘယ်လောက်ကွာခြားတယ်ဆိုတာကို
မြင်လွယ်သိလွယ်အောင် ဖော်ကျူးစပ်ဆိုထားတာကို တွေ့ရမှာဖြစ်ပါတယ်။
အရင်ဆုံးအနေနဲ့ ...... ရှောလမုန် ၂း၁ မှာ အသင်းတော်ဖြစ်တဲ့ ကျနော်တို့လူတွေဘက်က
ခံစားချက်ကို ရေးဖွဲ့ထားတာကိုကြည့်တဲ့အခါ အားငယ်စိတ်၊ သိမ်ငယ်စိတ်ကိုအထင်းသားမြင်နိုင်ပါတယ်။
ကျွန်မသည် ရှာရုန်အရပ်နှင်းဆီပွင့်၊ ကွင်းပြင်၌ပေါက်သောနှင်းပွင့်မျှသာဖြစ်ပါ၏။
တစ်ခါတရံမှာ ကျနော်တို့လူတွေဟာ သိမ်ငယ်စိတ်ဝင်လာပြီဆိုရင်
ကိုယ့်ကိုယ်ကို ကွင်းပြင်အကျယ်ကြီးထဲက သေးငယ်လွန်းတဲ့နှင်းပွင့်လေးလောက်ပဲမြင်ပါတော့တယ်။
ဒါက ...... ကျနော်တို့အထင်ပါ။ အဲဒီအချိန်မှာ ကျနော်တို့ကို ခရစ်တော်မြင်တဲ့အမြင်က .......
ဆူးတောထဲမှာ နှင်းပွင့်ထင်သလို သူချစ်တဲ့သတို့သမီးဖြစ်တဲ့ ကျနော်တို့ဟာ
လူမျိုးစုထဲမှာ ထင်ရှားတယ်လို့ မြင်ပါတယ်။ ရှောလမုန် ၂း၂
ကျနော့် ညီအစ်ကိုမောင်နှမမျာရဲ့အသက်တာမှာ အားငယ်ကြေကွဲတဲ့အချိန်တွေရှိခဲ့ဖူးမှာပါ။
အဲဒါလိုအချိန်တွေမှာ ဘာတွေးတတ်လဲဆိုတော့
ဘုရားသခင်ငါ့ကို စွန့်ပစ်ထားပြီ၊ ဘုရားသခင်ငါ့ကို မချစ်တော့ဘူး ဆိုတဲ့အတွေးမျိုးပဲဖြစ်ပါတယ်။
ဒါ ..... မိတ်ဆွေရဲ့အထင်ပါ။ အဲဒီအချိန်မှာ ဘုရားသခင်က ဘယ်လိုပြောနေသလဲလေ့လာကြည့်ရအောင်။
နင်းနယ်လျက်ရှိသော ကျူပင်ကိုမချိုး၊ အတောက်သေးသောမီးစာကိုမသတ်၊
တရားသည်မြဲမြံခြင်းသို့ရောက်မည့်အကြောင်း စီရင်လိမ့်မည်။ ဟေရှာယ ၄၂း၃
သူကိုယ်တိုင်ဖန်ဆင်းထားတဲ့ လူတစ်ယောက်လုံးကိုမပြောနဲ့ ...... .......
လူတကာက နင်းခြေထားလို့ ကျိုးကြေနေတဲ့ ကျူပင်တစ်ပင်ကိုတောင်ချိုးမပစ်တဲ့ဘုရား၊
ငြိမ်းသေလုမတတ်ဖြစ်နေတဲ့ မီးစာတစ်စကိုတောင်သတ်မပစ်တဲ့ဘုရားရဲ့မေတ္တာက
ခင်ဗျားကို ဘယ်တော့မှပစ်ပယ်ထားမှာ မဟုတ်ပါဘူး။
ငါ့လောက်အပြစ်များတဲ့သူကို ဘုရားသခင်ချစ်ပါ့မလား လို့ ကျနော်တို့က တစ်ခါတလေတွေးမိကြလိမ့်မယ်။
အပြစ်ကိုမုန်းသလောက် အပြစ်သားကိုချစ်တဲ့ဘုရားက ခင်ဗျားရဲ့အပြစ်တွေအတွက်
လက်ဝါးကားတိုင်ထက်မှာ သားတော်ကို ခင်ဗျားကိုယ်စားအသက်အသေခံခိုင်းပြီးပြီလေ။
အခု ခင်ဗျားဟာသခင်ယေရှုကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သူတစ်ယောက်ဖြစ်နေပြီလေ။
ခင်ဗျားမယုံဘူးလား။ ရှောလမုန် ၄း၇ ကိုဖတ်ကြည့်ရအောင်။
ငါချစ်သောနှမ သင်သည် အပြစ်တစ်စုံတခုမျှမရှိ။ တကိုယ်လုံးလှပေ၏။
ဒီကျမ်းချက်က ခရစ်တော်က အသင်းတော်ဖြစ်တဲ့ ခင်ဗျားကို၊ ကျနော့်ကိုပြောနေတာဖြစ်တယ်။
ဒါ့အပြင် ဘုရားသခင်က ခင်ဗျားကိုဘယ်လောက်တောင်တင်စားထားလဲကြည့်ရအောင်။
ငါ့နှမ၊ ငါ့ခင်ပွန်း၊ သင်သည်ငါနှလုံးကိုလုယူပြီ။ သင်၏ မျက်စိတကြည့်၊
လည်ပင်းတလှည့်ဖြင့် ငါ့နှလုံးကိုလုယူပြီ။ ရှောလမုန် ၄း၉
ခင်ဗျားဟာ ဘုရားသခင်ရဲ့နှလုံးသားဖြစ်တဲ့ သားတော်ကိုလုယူထားတဲ့သူ၊
ခင်ဗျားရဲ့ ဘုရားသခင်ကို အားကိုးတဲ့အကြည့်လေးတစ်ချက်၊ လည်ပင်းလေးတစ်လှည့်က
ဘုရားသခင်ရဲ့နှလုံးသားကို သိမ်းပိုက်ထားတယ် .......တဲ့။
ဒါမှမလုံလောက်သေးရင် နောက်တစ်ချက်ထပ်ကြည့်ရအောင်။
သင်၏မျက်စိတို့ကို ငါမှလွှဲပါ။ သူတို့သည် ငါ့ကိုအောင်ကြပြီ။ ရှောလမုန် ၆း၅
ကဲ ....... ဘယ်လိုလဲမိတ်ဆွေ။ အားငယ်မနေပါနဲ့။ သိမ်ငယ်မနေပါနဲ့။
ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာက ခင်ဗျားကို ဘယ်လိုသဘောထားတယ်ဆိုတာ
အခုလေ့လာသွားတဲ့ကျမ်းချက်တွေမှာ ဖော်ပြထားတာပဲ။
ခင်ဗျားဟာ သခင်ချစ်သောသူဖြစ်တဲ့အပြင် ..... ..... ......
ကြီးမားသောကောင်းကြီး Great Bless၊ နက်ရှိုင်းသောချစ်ခြင်းမေတ္တာ Deep Love ၊
အမြင့်ဆုံးသောမျက်နှာသာ High Favor တို့ကို ခံစားနေရသောသူဖြစ်တယ်။
ကဲခင်ဗျားရရှိနေတဲ့ ဒီအရာတွေကို GB DL HF လို့အတိုကောက်မှတ်ထားရအောင်။
ယုံကြည်မှုအပြည့်၊ ရဲရင့်မှုအပြည့်နဲ့ ဘ၀ကို လျှောက်လှမ်းပါ။
အရာအားလုံးက သင့်ရှေ့မှာ သင့်ရဲ့သိမ်းပိုက်ခြင်းကိုခံရဖို့ အသင့်ရှိနေကြပါတယ်။
သခင့်ချစ်ခြင်းကိုခံရသောသူသင့်အတွက် ဘယ်လိုလောကဓံကိုမှ ဖြုံနေစရာမဟုတ်ပါဘူး။
ဘယ်လိုအခက်အခဲ၊ သိမ်ငယ်မှုပဲကြုံကြုံ ..... သခင့်ရဲ့မေတ္တာက ခင်ဗျားကိုပစ်ပယ်မထားဘဲ
ချစ်နေဆဲ၊ ချစ်နေမြဲဆိုတာ သတိရပါ။ ၀န်ခံပါ။
ခင်ဗျားကို အသက်စွန့်ချစ်ခဲ့တဲ့ သခင်ယေရှုရဲ့ မေတ္တာကို ကျေးဇူးတင်လိုက်ပါ။
ဒီနှုတ်ကပတ်တော်အားဖြင့် ဘုရားသခင်ကောင်းကြီးကို ခံစားရပါစေ ....... အာမင်။ ။

လက်ထဲက ကျောက်ခဲတွေလွှတ်ချလိုက်ပါ



ဒီဘလော့ဂ်ကို လာရောက်လည်ပတ်ကြတဲ့ ညီအစ်ကို၊ မောင်နှမတွေအားလုံးပဲ မင်္ဂလာပါ။
ဒီကနေ့ နှုတ်ကပတ်တော်အားဖြင့် ဆင်ခြင်နှလုံးသွင်းဖို့ရန်ရွေးချယ်ထားတဲ့ ခေါင်းစဉ်ကတော့
လက်ထဲက ကျောက်ခဲတွေလွှတ်ချလိုက်ပါ ပဲဖြစ်ပါတယ်။
ရှင်ယောဟန်ခရစ်ဝင် ၉း ၁- ၁၃ မှာ ဖော်ပြထားတဲ့အဖြစ်အပျက်အားဖြင့်
ဘုရားသခင်က ကျနော်တို့ရဲ့အသက်တာကို ဘာတွေသွန်သင်နေတယ်ဆိုတာ လေ့လာကြည့်ကြရအောင်။
ဒီနေရာမှာ သခင်ယေရှုက ဗိမာန်တော်မှာ ဆုံးမသြ၀ါဒပေးနေတုန်း
ကျမ်းပြုဆရာတွေ၊ ဖာရိရှဲတွေက မှားယွင်းခြင်းအမှုကိုပြုနေတဲ့ မိန်းမတစ်ယောက်ကို
လက်ပူးလက်ကြပ်မိပြီးဖမ်းဆီးခေါ်ဆောင်လာကြပါတယ်။
အဲဒီနောက် သခင်ယေရှုကို ကိုယ်တော်ဘယ်လိုစီရင်မလဲလို့ မေးပါတယ်။
တကယ်တမ်းဆိုရင် သူတို့တွေအဲဒီလိုမေးတာဟာ သခင်ယေရှုကို လေးစားလွန်းလို့
တလေးတစားနဲ့ အသိအမှတ်ပြုပြီး ယေရှု စီရင်ဆုံးဖြတ်တာကို လာခံယူကြတာမဟုတ်ပါဘူး။
သူတို့လျှောက်တဲ့စကားမှာကို ဘယ်လိုစီရင်ဆုံးဖြတ်သင့်တယ်ဆိုတဲ့ Guide Line ကိုပေးထားပြီးမှ
သခင်ယေရှုကို အတည်ပြုခိုင်းတာဖြစ်ပါတယ်။ ရှင်ယောဟန် ဂး ၅
အဲဒီလို သူတို့တွေလျှောက်ထားကြတဲ့အချိန်မှာ လူတိုင်းက ကျောက်ခဲတွေ ကိုယ်စီကိုင်လို့ .......
သခင်ယေရှုက ဒီအမှုကို ဘယ်လိုစီရင်သလဲ။
ကျနော်တို့ ညီအစ်ကို၊ မောင်နှမတွေ အလေးအနက်ထားဆင်ခြင်ကြည့်ပါ။
သင်တို့တွင် အပြစ်ကင်းသောသူသည် ရှေ့ဦးစွာ ကျောက်ခဲနှင့်ပစ်စေ တဲ့။ ရှင်ယောဟန် ဂး ၇
ကဲ... ဘယ်လိုလုပ်ကြမလဲ လို့ ကျမ်းပြုဆရာတွေ၊ ဖာရိရှဲတွေအားလုံး
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်၊ မေးငေါ့လိုက်နဲ့
တစ်ယောက်ကို တစ်ယောက် အကဲခတ်နေကြပါတယ်။
အဲဒီလို အခြေအနေကို အကဲခတ်ရင်း သူတို့ရဲ့ စိတ်နှလုံးက သူတို့ရဲ့အပြစ်တွေကို ဖော်ပြလာတဲ့အတွက်
ဘယ်သူကမှ စမပစ်ရဲတော့ဘဲ အသက်ကြီးတဲ့သူကစပြီး
အငယ်ဆုံးတိုင်အောင် ကြီးစဉ်ငယ်လိုက် ထွက်သွားကြပါတယ်။
ဘာကြောင့် အသက်ကြီးတဲ့သူတွေက စပြီးထွက်သွားကြတာလဲ။
ဒီလူတွေဟာ လူသာမန်တွေမဟုတ်ဘူးနော်။
ပညတ်တော်အချက်ပေါင်း ( ၆၁၃ )ချက်ကို နာခံလိုက်လျှောက်နေတဲ့သူတွေ ....
အဲဒီလို လူတွေက ဘာကြောင့်များ သက်ကြီးဝါကြီး၊ ဆရာ့ ဆရာကြီးတွေကစပြီး ထွက်သွားကြတာလဲ။
အဖြေကတော့ရှင်ရှင်းလေးပါပဲ ။
အသက်ကြီးလေလေ လူမသိ၊ သူမသိလွန်ကျူးထားမိတဲ့အပြစ်တွေ
များလေလေမို့လို့ပါ။ နောက်တစ်ချက်ကို တရားတော်ကို ပိုသိလေလေ
မိမိဟာ အပြစ်သားဖြစ်ကြောင်း၊ အပြစ်မကင်းကြောင်းပိုသိလေလေမို့ပါ။
သူတို့ရှေ့မှာ ထိုင်နေတဲ့သူက လောကမှာ အပြစ်တင်စရာ တစိုးတစိမှမရှိတဲ့သူ၊
ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းကိုဆောင်ကြဉ်းလာတဲ့သူဖြစ်ပါတယ်။
အဲဒီသူရှိနေတဲ့အခါ သူတို့ရဲ့ အပြစ်တွေက စိတ်နှလုံးမှာ အလိုလိုပေါ်လာတယ်။
အဲဒီတော့ မှားယွင်းခြင်းအမှုကို ပြုလို့ သူတို့တွေဖမ်းခေါ်လာတဲ့မိန်းမနဲ့ သူတို့နဲ့
သခင်ယေရှုရဲ့ ရှေ့မှာ ဘာများကွာတော့လို့လဲ။
ဟိုမိန်းမက အပြစ်ပြုနေတာကို လူသိသွားတယ်၊
သူတို့တွေက အပြစ်ပြုခဲ့တာ၊ ပြုနေတာကို လူမသိပေမယ့်
သခင်ယေရှုရှေ့မှာ မိမိရဲ့စိတ်နှလုံးက မိမိကိုဖော်ပြနေတယ်။
လောလောဆယ်မှာ အပြစ်သားချင်းတူနေပြီ။
အဲဒီတော့ သူတို့တွေလက်ထဲက ကျောက်ခဲတွေကို လွှတ်ချပြီးထွက်သွားကြတယ်။
ကဲ..... ဒီအဖြစ်အပျက်မျိုး ကျနော်တို့ပတ်ဝန်းကျင်၊ကျနော်တို့ အသိုင်းအ၀ိုင်းမှာ ဖြစ်လာပါပြီတဲ့........
ဘယ်သူကျောက်ခဲနဲ့ စပစ်မှာလဲ.....
ခင်ဗျားလား၊ ကျနော်လား ........ ဒါမှမဟုတ် အသင်းတော်ရဲ့ အမှုတော်ဆောင်တွေလား။
သေချာတာကတော့ ကျောက်ခဲကို လွှတ်ချမယ့်သူတော့ ရှိမှာမဟုတ်ဘူး။
အဲဒါ ဘာကြောင့်လဲဆိုတော့ ဒီကနေ့ ယုံကြည်သူတွေ၊
အထူးသဖြင့် အမှုတော်ဆောင်တွေက မိမိရဲ့ဖြောင့်မတ်ခြင်းကို
လူသိထင်ရှားဖြစ်ချင်ကြတာကြောင့် ဒီလိုအဖြစ်အပျက်မျိုးဟာ
သူတို့အတွက် အခွင့်အရေးဖြစ်နေတတ်ပါတယ်။
အဲနောက်တစ်ခုက မိတ်ဆွေတို့၊ ကျနော်တို့ကိုယ်တိုင် အမှားတစ်ခုကျူးလွန်မိတဲ့အချိန်မျိုးရှိခဲ့ဖူးမှာပါ။
အဲဒီအချိန်မှာ ဘယ်လိုကြုံခဲ့ရသလဲ။ ကျနော့် မိတ်ဆွေတွေကို မေးခွန်းတစ်ခုမေးခွင့်ပြုပါ။
ခင်ဗျားတို့ ကျောက်ခဲမှန်ဘူးလား။ ( ကျေးဇူးပြုပြီး ဆရာရောလို့ ပြန်မမေးပါနဲ့ဗျာ။ )
တကယ်တော့ ဒီလိုဖြစ်လာရတာတွေဟာ ကျနော်တို့ရဲ့ ပတ်ဝန်းကျင်၊ အသိုင်းအ၀ိုင်းမှာ
သခင်ယေရှုရှိမနေတာကြောင့် မိမိကိုယ်မိမိတော့အပြစ်ကင်းတယ်လို့ မြင်ပြီး
သူတစ်ပါးရဲ့ အမှားကိုကျောက်ခဲနဲ့ ပစ်ချင်နေကြတာပါ။
ကျမ်းစာထဲမှာတော့ ကျောက်ခဲကိုယ်စီကိုင်ထားတဲ့သူတွေဟာ
ကိုယ့်လက်ထဲက ကျောက်ခဲကိုလွှတ်ချပြီး ထွက်သွားကြပါတယ်။
သူတို့ရဲ့ ပထမလုပ်ဆောင်မှုဖြစ်တဲ့ လက်ထဲက ကျောက်ခဲတွေကို
လွှတ်ချလိုက်တာဟာ မှန်ကန်တဲ့လုပ်ရပ်ဖြစ်ပေမယ့်
ဒုတိယလုပ်ဆောင်မှုဖြစ်တဲ့ ထွက်သွားကြတာကတော့
မှားယွင်းခြင်းအမှုကို ပြုတဲ့ မိန်းမရဲ့အမှားထက် ပိုပြီး မိုက်မဲတဲ့လုပ်ရပ်ဖြစ်ပါတယ်။
တကယ်တမ်းဖြစ်သင့်တာက သခင်ယေရှုရဲ့အနားကို ချဉ်းကပ်ပြီး
မိမိဟာလည်း အပြစ်ပြုမှားယွင်းတဲ့သူတစ်ယောက်ဖြစ်ကြောင်း
နောင်တနဲ့ဝန်ခံပြီး သခင့်ရဲ့ အပြစ်လွှတ်ခြင်းကိုတောင်းခံသင့်ပါတယ်။
ဒါပေမယ့် ဘယ်သူကမှ အဲဒီလိုလုပ်ဆောင်ခြင်းမရှိခဲ့ပါဘူး။
အဲဒီတော့ ကျနော့်ညီအစ်ကို၊ မောင်နှမတွေရဲ့အနီးမှာပဲဖြစ်ဖြစ်
မိမိရဲ့ အသင်းတော်မှာဖြစ်ဖြစ် မှားယွင်းမှုကိုပြုမိတဲ့သူရှိလာရင်
ကျနော်တို့လုပ်ဆောင်ရမှာက ကျောက်ခဲတွေကိုင်ထားဖို့ မဟုတ်ပါသလို၊
အတည်ပေါက်နဲ့ ကိုယ်ကစပြီး ပစ်ဖို့မဟုတ်ပါဘူး။
လက်ထဲက ကျောက်ခဲတွေကိုလွှတ်ချပြီး မိမိဟာလည်း သူ့လိုပဲအပြစ်လုပ်ခဲ့ဖူးသလို၊
အခုလည်း လုပ်မိနေတာတောင် ခွင့်လွှတ်ချစ်တဲ့ သခင်ယေရှုကို ချီးမွမ်းပြီး
လက်ဝါးကားတိုင်ပေါ်မှာ သခင်ယေရှုအသေခံခဲ့ခြင်းဟာ
အပြစ်သားအားလုံးအတွက်ဆိုတာကို ဆင်ခြင်နှလုံးသွင်းပြီး လဲနေသူကို ဖေးကူရမှာဖြစ်ပါတယ်။
ညီအစ်ကို၊ မောင်နှမအားလုံးကို ဒီနှုတ်ကပတ်တော်အားဖြင့် ဘုရားသခင်စကားပြောပါစေ။

Share

Twitter Delicious Facebook Digg Stumbleupon Favorites