သခင်အလိုတော်ရှိသောနှလုံးသား

                                             

 သမ္မာအလင်းဘလော့ဂ်ရဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာပါ။


ဒီဇင်ဘာတစ်လလုံးကစလို့ အခုအချိန်ထိ အကြောင်းအမျိုးမျိုးကြောင့် ဘလော့
ဂ်မှာ တရားဟောချက်အသစ်တွေ ထပ်မတင်ဖြစ်တာတွေအတွက် အထူးပဲ
တောင်းပန်ပါတယ်။ ဒီကနေ့တော့ ကျနော်တို့ ခရစ်ယာန်အသက်တာကို အကြီးအကျယ်ထောက်ပြ သတိပေးထားတဲ့ အကြောင်းအရာအားဖြင့် နှုတ်ကပတ်တော်ကို စလိုက်ကြရအောင်။

“ သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ၀င်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံး၌ ရှိတော်မူသော ငါ့ခမည်းတော်၏ အလိုကို ဆောင်သောသူသာလျှင် ၀င်ရလိမ့်မည်။ ထို့နေ့၌ကား သခင်၊ သခင် အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမသြ၀ါဒပေးပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီမဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီ မဟုတ်လောဟု အများးသောသူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျဉ်းမသိ။ အဓမ္မအမှုကိုပြုသောသူတို့ ငါ့ထံမှဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည် “ (မဿဲ ၇း ၂၁-၂၃ )
ဒီကျမ်းချက်ကို ဂိုဏ်းဂနတော်တော်များများက ကိုယ့်ငါးချဉ်၊ ကိုယ်ချဉ်တဲ့အပြောမျိုးနဲ့ သုံးတတ်၊ ပြောတတ် သွန်သင်တတ်ကြပါတယ်။ အဲဒီလို ဟောပြောသွန်သင်မှုတွေကို ပြုနေတဲ့သူတွေ ကိုယ်တိုင်ကရော ဒီကျမ်းချက်ဟာ သူတို့ကိုပါ သတိပေးနေတယ်ဆိုတာ သိကြပါရဲ့လား။ ကျမ်းစာကတော့ ပွင့်ပွင့်လင်းလင်းပါပဲ။ ဘယ်လိုလုပ်ဆောင်မှုမျိုးကိုပဲ လုပ်ခဲ့ပါစေ။ သင်တို့ကို ငါအလျဉ်းမသိလို့ ငြင်းပယ်ခံရမယ်လို့ ဖော်ပြထားပါတယ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏ အလိုကိုဆောင်သောသူသာလျှင် ၀င်ရလိမ့်မည်ဆိုတော့ ခမည်းတော်ရဲ့အလိုက ဘာလဲဆိုတာ ကျနော်တို့အတွက် သေရေးရှင်ရေး မေးခွန်းဖြစ်လာပါတယ်။ သမ္မာကျမ်းစာကတော့ ဒီမေးခွန်းကို ထောင့်စိအောင် အဖြေပေးထားပါတယ်။
“ လူအပေါင်တို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကို သိစေခြင်းငှာ ဘုရားသခင်အလိုတော်ရှိ၏ ။ “ ( ၁တိ ၂း ၄ )
ဘုရားသခင်က လူမျိုးတကာကို ကယ်တင်ခြင်းရစေချင်သလို သမ္မာတရားကို သိစေချင်ပါတယ်။ ကဲ..ဒါဖြင့်ရင် ကျနော်တို့တွေ အထက်မှာဖော်ပြခဲ့တဲ့ ကျမ်းချက် ရှင်မဿဲခရစ်ဝင် ၇း ၂၁-၂၃  မှာလည်း ကယ်တင်ခြင်းတရားကို ဟောကြပြောကြသလို သခင်ယေရှုရဲ့အခွင့်နဲ့ များစွာသော တန်ခိုးတွေပြနိုင်တယ်။ နတ်ဆိုးတွေကို နှင်ထုတ်တဲ့အမှုတွေ လုပ်ခဲ့ကြပါလျက်နဲ့ ဘာကြောင့်များ “ သင်တို့ကို ငါအလျဉ်းမသိ။ အဓမ္မအမှုကိုပြုသော သူတို့ ငါ့ထံမှ ဖယ်ကြ “ လို့ ပယ်ပယ်နယ်နယ် အပြောခံရတာပါလဲ။ ကြည့်ကြပါဦးဗျာ။ မသိတာတောင်မှ ရေးတေးတေးမသိတာမဟုတ်ဘူး၊ အလျဉ်းကိုမသိတာတဲ့။ ကောင်းတဲ့အရာတွေလည်း အများကြီးပြုခဲ့ပါလျက်နဲ့ အဓမ္မအမှုကို ပြုတဲ့သူလို့ သမုတ်ခံရတယ်။ ဘာကြောင့်များပါလိမ့်။ ကဲ….. သမ္မာတရားက ဘယ်လို အဖြေပေးမလဲဆိုတာ ကြားနာခံယူနိုင်ဖို့ မိတ်ဆွေရဲ့ ၀ိညာဉ်ရေးရာ မျက်စိတွေ၊ နားတွေကို ကျယ်ကျယ်ဖွင့်ထားလိုက်ပါ။
မိတ်ဆွေ…… ခရစ်ယာန်အသက်တာဆိုတာ ဘုရားသခင်အတွက်လုပ်ဆောင်နေရတဲ့ အသက်ရှင်မှုပုံစံ၊ ကြိုးစားပမ်းစားနဲ့ အမှုတော်ကို ထမ်းဆောင်နေရတဲ့ အစေခံအသက်တာလို့ ထင်နေပါသလား။ အဲဒီလို ထင်မှတ်နေရင်တော့ အထက်ကဖော်ပြခဲ့တဲ့ ကျမ်းချက်ထဲက သခင်ယေရှုရဲ့ အငြင်းပယ်ခံရတဲ့သူတွေ ခင်ဗျားနဲ့ဘာမှမကွာဘူးလို့ သတိပေးပါရစေ။ ကျနော်တို့ ယုံကြည်သူတွေရဲ့ မျှော်လင့်ချက်ဖြစ်တဲ့ ကောင်းကင်နိုင်ငံရဲ့ တရားစီရင်ခန်းမှာ လူ့လောကမှာနေစဉ်က ကျနော်တို့ လုပ်ဆောင်ခဲ့တာတွေကြောင့် ဆုပေးခံရမယ်လို့ ထင်နေပါသလား။ လူ့လောကမှာနေစဉ်က ဘုရားသခင်အတွက် ခင်ဗျားဘာတွေလုပ်ခဲ့တယ်ဆိုတာကို ကောင်းကင်နိုင်ငံကို ယူသွားနိုင်မယ်လို့ ခင်ဗျားထင်နေရင်တော့ မိတ်ဆွေ စိတ်ကြီးဝင်နေပြီလို့ပဲ ပြောချင်ပါတယ်။ ကျနော်တို့တွေ ကောင်းကင်နိုင်ငံအထိ ယူသွားနိုင်မယ့်အရာက ကျနော်တို့ ခင်ဗျားတို့အတွက် ယေရှုဘာလုပ်ပေးခဲ့တယ်ဆိုတာကို ဘယ်လောက်ယုံကြည်သလဲဆိုတဲ့အရာ (တစ်နည်းအားဖြင့်) ကိုယ့်ရဲ့ သတို့သားအပေါ် တုံ့ပြန်မှု မေတ္တာတရား ပဲဖြစ်ပါတယ်။ အဲဒီတော့ မိတ်ဆွေကို သတိပေးပါရစေ။ ဘုရားသခင်က ခင်ဗျားသူ့အတွက် ဘာလုပ်ခဲ့တယ်ဆိုတာထက် ခင်ဗျားအတွက် သခင်ယေရှု ဘာလုပ်ပေးခဲ့တယ်ဆိုတာကို ဘယ်လောက်နားလည်သလဲ ဆိုတာကို ပိုပြီးစိတ်ဝင်စားပါတယ်။ ပိုပြီး တိတိကျကျသိရအောင် ဗျာဒိတ် ၃း ၇-၁၃ ၊ ၂၀း ၁၁-၁၅၊ ၁ယော ၄း၁၇ တို့ကို ဖတ်ကြည့်ကြရအောင်။
တရားစီရင်ဆုံးဖြတ်တဲ့နေ့ကို ရောက်လာတဲ့အခါမှာ ရဲရဲရင့်ရင့်နဲ့ခေါင်းမော့ရင်ကော့ နေနိုင်အောင် လုပ်ဆောင်ပေးနိုင်တဲ့ တစ်ခုတည်းသောအရာက သခင်ယေရှုရဲ့ လုပ်ဆောင်မှုတွေကနေ ဖော်ပြနေတဲ့ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ခင်ဗျားဘယ်လောက် သိနားလည်တယ် ဆိုတဲ့ တုံ့ပြန်မေတ္တာပါပဲ။ အဲဒီမေတ္တာကသာ ခင်ဗျား ဒီလောကမှာ ရှိနေစဉ်မှာကို သခင်ယေရှုရဲ့ ဘုရားသခင်အပေါ်မှာ ထားရှိတဲ့ ယုံကြည်စိတ်ချမှု ဘယ်သောအခါမှ သေခြင်းတရားရဲ့အောက်မှာ ကျရှုံးမသွားဘူးဆိုတဲ့ စိတ်ချမှုမျိုးကို ရစေမှာဖြစ်ပါတယ်။ ယော ၁၆း ၂၇၊ ယော ၁၇း ၂၄-၂၆၊ မဿဲ ၂၆း ၅၃
ဘုရားသခင်ရဲ့အမှုတော်မြတ်မှာ ပါဝင်နေကြတဲ့သူတွေအတွက်တော့ ဒီတရားဒေသနာက လက်မခံချင်စရာဖြစ်နေမယ်လို့ ထင်ပါတယ်။ ဘုရားသခင်ရဲ့ အမှုတော်မြတ်မှာ နေ့စားအလုပ်သမား စိတ်ဓါတ်မျိုးနဲ့ “ ငါကြိုးစားရမယ်……ဒါမှ ဘုရားသခင်က ကောင်းကောင်းဆုချမှာ “ ဆိုပြီး ထမ်းဆောင်နေရင်တော့ မဿဲ ၂၀း ၁-၁၆ ကို သခင်ယေရှုက လွန်ခဲ့တဲ့ နှစ် (၂၀၀၀)ကျော်ကတည်းက ခင်ဗျားအတွက် ကြိုပြီးတော့ ဟောခဲ့တာဖြစ်ပါလိမ့်မယ်။ နောက်ဆုံးသောနေ့ရဲ့ တရားစီရင်ချိန်မှာ ရဲရဲရင့်ရင့်ရှိနေနိုင်ဖို့ ကျနော်တို့ရဲ့ နှလုံးသားတွေကို ပြင်ဆင်ထားကြရအောင်။
“ ထိုသို့အလို့ငှာ ငါသည်အမှုဆောင်ရွက်၍ ငါ၌ တန်ခိုးတော်ပြုပြင် အားထုတ်တော်မူသည်အတိုင်း ကြိုးစားအားထုတ်လေ့ရှိ၏ ။ “ ကောလောသဲ ၁း ၂၉
“ သို့သော်လည်း ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့်သာ ငါဖြစ်သည်အတိုင်း ငါဖြစ်၏ ။ ငါခံရသောကျေးဇူးတော်ကိုလည်း အကျိုးမဲ့ခံရသည်မဟုတ်။ အခြားသော တမန်တော်အပေါင်းတို့ထက် ငါသည်သာ၍ ကြိုးစားခြင်းကို ပြု၏ ။ ထိုသို့ဆိုသော်လည်း ငါကြိုးစားသည်မဟုတ်။ ငါနှင့်အတူရှိသော ဘုရားသခင်၏ ကျေးဇူးတော်သည် ကြိုးစားတော်မူ၏ ။ “ ၁ကော ၁၅း ၁၀
ဒီတရားဒေသနာကို ဖတ်ပြီးတဲ့နောက် မိတ်ဆွေရဲ့စိတ်ထဲမှာ မတင်မကျဖြစ်နေခဲ့ရင် ၁သက် ၃း၁၂ ကို ၀ိညာဉ်မျက်စိနဲ့ ဖတ်ကြည့်ကြပါလို့ တိုက်တွန်းပါရစေ။
အယောက်စီတိုင်းကို ဘုရားသခင်ကောင်းကြီးပေးပါစေ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites