မေးခွန်းတိုင်းရဲ့အဖြေ


မင်္ဂလာပါ။ ဒီဘလော့ဂ်ကို လာရောက်လည်ပတ်ကြသူတွေအားလုံး သခင်ယေရှုခရစ်တော်ရဲ့
ငြိမ်သက်ခြင်း၊ ၀မ်းမြောက်ခြင်းနဲ့အတူ ကောင်းကြီးမင်္ဂလာများတို့ကို ခံစားနိုင်ကြပါစေလို့
ဦးစွာဆုတောင်းပေးလိုက်ပါတယ်။
ဒီနေ့ ကျနော်တို့တွေ ခွန်အားယူကြမယ့် နှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်ကတော့
" မေးခွန်းတိုင်းရဲ့အဖြေ "ပဲဖြစ်ပါတယ်။
တောလည်ရာကျမ်း ၂၁း ၈-၉မှာ ထာဝရဘုရားကို လူတွေကပြစ်မှားကြတဲ့အတွက်
မီးမြွေတွေအကိုက်ခံရပြီးသေကြတာကို တွေ့ရပါတယ်။
အဲဒီလူတွေဘာကြောင့် မီးမြွေကိုက်တာခံရတာလဲဆိုတာထက်
မီးမြွေအကိုက်ခံရချိန်မှာ လူတွေရဲ့တောင်းဆိုမှုနဲ့ ဘုရားသခင်ရဲ့အဖြေပေးမှုရဲ့
ကွာခြားမှုကိုပဲ ကျနော်တို့အဓိကထားပြီးလေ့လာကြည့်ကြရအောင်။
လူတွေက မြွေကိုက်ခံရတာကနေ သက်သာဖို့အတွက် မြွေတွေကိုဖယ်ရှားပေးဖို့
မောရှေကနေတဆင့် တောင်းဆိုကြပါတယ်။ ဒါက လူ့အကြံ၊ လူ့အထင်ပါ။
ဘုရားကတော့ မီးမြွေရုပ်ကိုလုပ်ပြီး တိုင်ပေါ်မှာမြှောက်ထားခိုင်းပါတယ်။
ဘုရားပြောတဲ့အတိုင်း လုပ်ဆောင်လိုက်တဲ့အခါ လူတွေအားလုံးချမ်းသာရာရသွားကြပါတယ်။
တကယ်တော့ ကျနော်တို့လူတွေအားလုံးရဲ့ နေ့စဉ်အသက်တာဟာ
ဒီကျမ်းချက်ထဲကလူတွေလိုပဲ မြွေကိုက်ခံနေရတာပါ။
စားရေးဆိုတဲ့မြွေ၊ ၀တ်ရေးဆိုတဲ့မြွေ၊ နေရေးဆိုတဲ့မြွေ၊ ကျန်းမာရေး၊ အိမ်ထောင်ရေး၊ သားရေးသမီးရေး၊ ကလေးကျောင်းလခအစရှိသဖြင့် မြောက်မြားလှတဲ့မြွေတွေကြားမှာနပမ်းလုံးရင်း
အကိုက်ခံတလှည့်၊ သက်သာတလှည့်နဲ့ ရှင်သန်နေကြရတာပါ။
ကျနော်တို့ အထင်ကတော့ ဒီအရာတွေရဲ့ အကိုက်ခံရတဲ့ဝေဒနာကိုပျောက်အောင်
ဒီအရာတွေကို မရှိမှဖြစ်မယ်လို့ထင်ကြတယ်။
ဘုရားရဲ့အဖြေက ..... အဲဒီလိုကိုက်နေတဲ့မြွေတွေထဲကနေပဲ အဖြေထုတ်ပေးလိုက်ခြင်းပါ။
မိတ်ဆွေရဲ့ အသက်တာမှာ ဘယ်လိုမြွေမျိုးကကိုက်နေပါသလဲ။
အဲဒီအခြေအနေထဲကနေပဲ မြွေရုပ်ကိုလုပ်ပြီးတိုင်ပေါ်မှာမြှောက်ထားသလို ယေရှုကို မြင့်မြင့်မြှောက်ထားပါ။
မိတ်ဆွေခံစားနေရတဲ့ ဝေဒနာကနေချမ်းသာရာရသွားပါလိမ့်မယ်။
ကိုယ့်အလုပ်ရှင် (Boss)က မိတ်ဆွေကို နာကျင်စေနေပါသလား။
ဒါမှမဟုတ် ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေက မိတ်ဆွေကို နာကျင်စေပါသလား။
မိမိရဲ့လုပ်ငန်း၊ မိမိရဲ့ပတ်ဝန်းကျင်၊ မိမိရဲ့လုပ်ဖော်ဆောင်ဘက်တွေက
မိတ်ဆွေကို နာကျင်စေတဲ့သူတွေဖြစ်နေပါသလား။
အဲဒီအရာတွေကို ဖယ်ရှားပေးဖို့ မိတ်ဆွေဘုရားသခင်ကို ဆုတောင်းနေတယ်ဆိုရင်
တောင်းမောကြီးပဲဖြစ်ပြီး အဖြေရမှာမဟုတ်ပါဘူး။
တကယ့်အဖြေက ဒီနှုတ်ကပတ်တော်မှာ ဘုရားကဖွင့်ဆိုထားပြီးသားပါ။
အဲဒီအရာတွေအားလုံးရဲ့အထက်မှာ သခင်ယေရှုကို မြင့်မြင့်ချီးမြှောက်ပါ။
မိတ်ဆွေရဲ့ဘ၀မှာ ချမ်းသာရာရလာပါလိမ့်မယ်။

၁ကော ၁၀း၁၃မှာ .... မိတ်ဆွေမခံနိုင်တဲ့ စုံစမ်းနှောက်ယှက်ခြင်းကို မပေးဘူးလို့ဖော်ပြထားတဲ့အပြင်
မိတ်ဆွေခံစားရတဲ့ စုံစမ်းနှောက်ယှက်ခြင်းမှာ အဖြေပါပြီးသားဖြစ်တယ်လို့လည်း အတိအလင်းဖော်ပြထားပါတယ်။ တကယ်တော့ ဘုရားသခင်အခွင့်ပေးတဲ့ စုံစမ်းနှောက်ယှက်ခြင်း၊
တနည်းအားဖြင့် ဘုရားသခင်စစ်တဲ့စာမေးပွဲတိုင်းမှာ မေးခွန်းထဲမှာကို အဖြေကပါပြီးသားဖြစ်ပါတယ်။
တစ်ခါတုန်းက ..... အစိုးရဌာနတစ်ခုမှာ လစ်လပ်ရာထူးတစ်ခုအတွက် လူသစ်ခေါ်ပြီးအင်တာဗျူးဖြေရပါတယ်။ အဲဒီလိုအင်တာဗျူးဝင်ဖြေတဲ့အထဲမှာ လူကြီးသမီးတစ်ယောက်လည်းပါနေတယ်။
အင်တာဗျူးမေးတဲ့သူက ဗဟုသုတမေးခွန်းတွေမေးတဲ့အခါမှာ တခြားသူတွေကိုကျတော့
လပေါ်ကို ပထမဆုံးရောက်ခဲ့သူကဘယ်သူလဲ၊ ကွန်ပြူတာကိုစတင်တီထွင်သူအစရှိသဖြင့်
ခက်ခဲတဲ့မေးခွန်းတွေကို မေးပြီး လူကြီးသမီးဖြေရမယ့်အလှည့်ကျတော့
စာတိုက်ပုံးအရောင်ကဘာအရောင်လဲ၊ အချက်ပြမီးပွိုင့်မှာ အရောင်ဘယ်နှစ်ရောင်ပါသလဲဆိုတဲ့
အရမ်းလွယ်တဲ့မေးခွန်းတွေကို မေးပါတယ်။
အဲ..... အင်္ဂလိပ်စာကျွမ်းကျင်မှုကို စစ်တဲ့အခါကျတော့လည်း
တခြားသူတွေကို ပုတ်သင်ညိုတို့၊ ထန်းရည်တို့၊ မုန့်လေပွေတို့ကို
အင်္ဂလိပ်လိုဘယ်လိုခေါ်သလဲမေးတဲ့အတွက် ဘယ်သူမှ မဖြေနိုင်ကြပါဘူး၊
လူကြီးသမီးဖြေရမယ့်အလှည့်ကျတော့ ကော်ဖီကိုစာလုံးပေါင်းပြခိုင်းပါတယ်။
အဲဒီလောက်လွယ်တဲ့မေးခွန်းကို လူကြီးသမီးကဖြေတဲ့အခါ ........
Kaw (ကော်) - Phy ( ဖီ ) ကော်ဖီလို့ဖြေပါတယ်။
အဲဒါကို ဘုတ်အဖွဲ့က တီထွင်ဆန်းသစ်မှုရှိတယ်လို့ သတ်မှတ်တဲ့အပြင်
အလုပ်အတွက် အရည်အချင်းပြည့်မီသူဖြစ်တယ်ဆိုပြီး အလုပ်ခန့်လိုက်ပါတယ်။
ကျနော်ဘာကို ဆိုလိုချင်တာလဲဆိုတော့
လောကမှာအမြင့်ဆုံးသောဘုရားသခင်ရဲ့သားသမီးဖြစ်ကြတဲ့ ကျနော်တို့ရဲ့အသက်တာမှာ
ဖြေဆိုရတဲ့စာမေးပွဲတွေ၊ ကျနော်တို့ အစမ်းသပ်ခံရတဲ့စုံစမ်းခြင်းတွေကလည်း
အခုပြောသွားတဲ့ အကြောင်းအရာထဲကလိုပါပဲ။
ကျနော်တို့ကို ဘုရားသခင်စစ်တဲ့စာမေးပွဲတိုင်းဟာ ကျရှုံးစေမယ့်အရာမဟုတ်ပါဘူး၊
ကျနော်တို့ကို ဂုဏ်ထူးပေးချင်လို့၊ အဆင့်တစ်ခုတိုးပေးချင်လို့ ကျနော်တို့ဖြေနိုင်လောက်တဲ့မေးခွန်းကို
ရှာကြံပြီး မေးလာတာဖြစ်ပါတယ်။ မိတ်ဆွေရဲ့အသက်တာမှာ တွေ့ကြုံနေရတဲ့အခက်အခဲတွေ၊
နာကျင်ခါးသီးမှုတွေအထဲမှာ မိတ်ဆွေအတွက် အောင်မြင်မှုအသီးအပွင့်တွေပါရှိနေပါတယ်။
လက်ရှိခံစားနေရတဲ့ နာကျင်မှု၊ ခါးသီးမှု၊ အခက်အခဲထဲကနေပဲ ယေရှုကို ချီးမြှောက်လိုက်ပါ။
အဲဒီအရာအားလုံးဟာ မိတ်ဆွေအတွက် ကောင်းကြီးမင်္ဂလာတွေအဖြစ် အံ့သြဖွယ်ဖြစ်လာပါလိမ့်မယ်။
မိတ်ဆွေအတွက် ခါးသီးဆိုးယုတ်လှတဲ့ မေးခွန်းတိုင်းရဲ့အဖြေက
မိတ်ဆွေရဲ့အသက်တာမှာ ယေရှုကိုချီးမြှောက်မှုအပေါ်မှာပဲရှိပါတယ်။
ကဲ.... အဲဒီတော့ ဒီနေ့ကစလို့မိတ်ဆွေရဲ့အနားမှာဝိုင်းနေတဲ့
အရာအားလုံးထက် ယေရှုကိုပိုပြီးချီးမြှောက်လိုက်ရအောင်။ ။ အာမင်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites