ကဲ ….. ပဌနာတော်နဲ့အကြောင်းကို စလိုက်ကြရအောင်ဗျာ ။
၁။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ကျွန်ုပ်တို့၏အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော်……
ဘုရားသခင်ဆိုတာကို သေမလောက်ကြောက်ကြတဲ့ခေတ်ကာလမှာ ကျွန်ုပ်တို့၏အဘ လို့ သခင်ယေရှုက ခေါ်ဝေါ်သုံးစွဲလိုက်ခြင်းဟာ ဖာရိရှဲတွေ၊ ယဇ်ပုရောဟိတ်တွေနားထဲမှာတော့ မျောက်ငါးပိကိုင်မိသလို နေမထိထိုင်မသာတွေဖြစ်စေတဲ့အပြင် ယမ်းပုံမီးကျဖြစ်စေခဲ့ပါတယ်။
ဒါ့အပြင် သခင်ယေရှုက ဖာရိရှဲတွေ၊ ဘာသာရေးခေါင်းဆောင်တွေကို မာရ်နတ်ရဲ့သားတွေ၊ သင်တို့ရဲ့အဘကမာရ်နတ် လို့ပြောခဲ့ပါသေးတယ်။ ယော ၈း ၄၄ သခင်ယေရှုက အဲဒီလိုမျိုးသူ့ကိုယ်သူတော့ ဘုရားသခင်ရဲ့သား၊ ဘုရားသခင်ကို အဘလို့ပြောပြီး ဖာရိရှဲတွေ၊ ဘာသာရေးခေါင်းဆောင်တွေကိုကျတော့ မာရ်နတ်ရဲ့သားတွေ၊ မာရ်နတ်က မင်းတို့အဘလို့ ဆိုတာကြောင့် ယုဒလူတွေက သတ်ဖို့တောင်ကြံစည်ခဲ့ကြပါတယ်။ ယော ၅း ၁၈
ကျနော်တို့ယုံကြည်သူတွေရဲ့အသက်တာမှာ ဘုရားသခင်ကိုကြောက်ရွံ့ခြင်းဆိုတာ မရှိမဖြစ် ရှိသင့်တာမှန်ပေမယ့် ကြောက်ရွံ့ခြင်းတစ်ခုတည်းအားဖြင့် ကိုးကွယ်ယုံကြည်နေဖို့ မဟုတ်ဘဲ ချစ်ကြောက်ရိုသေခြင်းအားဖြင့် ဆည်းကပ်ဖို့အတွက် ပဋ္ဌနာတော်ကို အစချီတာနဲ့ တပြိုင်နက် နည်းပေးလမ်းပြခဲ့တာဖြစ်ပါတယ်။
တနည်းအားဖြင့် ဆုတောင်းချက်တစ်ခုမှာ ပါရှိသင့်တဲ့ အချက်(၄)ချက်ကို အတိုကောက်ခေါ်တဲ့ ACTS ဆိုတဲ့ ဝေါဟာရတွေထဲက
A ဆိုတဲ့ Adoration - မြတ်နိုးမှုရှိခြင်း ( ဆာလံ ၁၀၃း၁- ၂ ) ကိုသွန်သင်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ ကျနော်တို့အသက်တာရဲ့ ကိုးကွယ်မှုစက်ဝိုင်းကို ပုံဖော်ကြည့်ရင်
ဘုရားသခင်ကိုချစ်မြတ်နိုးခြင်း ၊ ရိုသေလေးစားခြင်း ၊ ကြောက်ရွံ့ခြင်းဆိုတဲ့အပိုင်း(၃)ပိုင်းလုံးပါဝင်ဖို့ လိုအပ်ပါတယ်။ အဲဒီလိုမှမဟုတ်ရင်တော့ ဘုရားသခင်ကို ကိုးကွယ်ဆည်းကပ်ခြင်းရဲ့အနှစ်သာရဟာ ပြည့်စုံမှာမဟုတ်ပါဘူး။ ၁ယော ၄း ၈ မှာတော့ ချစ်ခြင်းမရှိသောသူသည် ဘုရားသခင်ကိုမသိ၊ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူတယ်လို့ဖော်ပြထားပါတယ်။
အကြောင်းမူကား၊ ဘုရားသခင်သည် ကြောက်တတ်သော စိတ်သဘော ကိုငါတို့အား ပေးတော်မူသည်မဟုတ်။ တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ ရှင်းလင်းသောစိတ်သဘောကို ပေးတော်မူ၏။ ၂တိ ၁း ၇
နောက်ဆက်တွဲဖြစ်တဲ့ နာမတော်အားရိုသေလေးမြတ်ခြင်းရှိပါစေသော် ဆိုတဲ့အချက်နဲ့ ပတ်သက်လို့ ဘုရားသခင်ရဲ့နာမတော်တွေအကြောင်းကို တဆက်တည်းဖော်ပြပေးလိုက်ပါတယ်။
Names of God from the Old Testament:
à Jehovah Hesed Loving God Exodus 34:6
à Jehovah Tsebaaoth The Lord of hosts 1 Samuel 17:45
à Jehovah Elyon God Most High Psalm 7:18
à Jehovah Jireh God my Provider Genesis 22:14
à Jehovah Roï The Lord my Shepherd Psalm 23:1
à Jehovah Nissi The Lord my banner Exodus 17:15
à Jehovah Shalom The Lord my peace Judges 6:24
à Jehovah Shammah The Lord who is there Ezekiel 48:35
à Jehovah Tsidkenou The Lord our Righteousness Jeremiah 23:6
à Jehovah Mekadesh The Lord who sanctifies Leviticus 20:8
à Jehovah Raphé The Lord who heals Exodus 15:26
à Elohim God in Three Persons Genesis 1:1
à El-Elohé Israël The Lord God of Israel Genesis 33:20
à Adonaï My Lord Genesis 15:2
à El Shaddaï All-powerful Lord Genesis 17:1
à El Olam Eternal Lord Genesis 21:33
à El Gibbor Strong God (Champion) Isaiah 9:5
à El Elyon Most High God Genesis 14:18
Names of Christ from Isaiah 9.6:
à Wonderful Counsellor
à Mighty God
à Everlasting Father
à Prince of Peace
Seven names of Christ from John’s Gospel:
à I am the Bread of Life (6.35, 51)
à I am the Light of the World (8.12)
à I am the Door (10.7,9)
à I am the Good Shepherd (10.11,14)
à I am the Resurrection and the Life (11.25)
à I am the Way, the Truth and the Life (14.6)
à I am the True Vine (15.1,5)
ဒီနာမတော်တွေကို လေးနက်စွာဆင်ခြင်သဘောပေါက်ခြင်းအားဖြင့် မိတ်ဆွေရဲ့အသက်တာနဲ့ ယုံကြည်ခြင်းကို ကောင်းစွာအထောက်အကူပြုမှာဖြစ်ပါတယ်။ ကိုယ်စီးတဲ့မြင်း အထီးလား၊ အမလား သိတာ ပိုကောင်းတာပေါ့ဗျာ။
၂။ နိုင်ငံတော်တည်ထောင်ပါစေသော်။ အဲဒီခေတ်ကာလက အစ္စရေးလူမျိုးတစ်ယောက်ရဲ့ အတောင့်တဆုံးအရာကို မေးကြည့်ရင်
သူတို့နိုင်ငံရဲ့ လွတ်လပ်ရေး လို့ဖြေမှာ မြေကြီးလက်ခတ်မလွဲပါပဲ။ သခင်ယေရှုလက်ဝါးကားတိုင်မှာ အသေခံပြီးတဲ့နောက်ရှင်ပြန်ထမြောက်လာပြီး တပည့်တော်တွေနဲ့အတူ ရက်ပေါင်းလေးဆယ် နေထိုင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ သန့်ရှင်းသောဝိညာဉ်တော်နဲ့ပတ်သက်ပြီး သခင်ယေရှုက သွန်သင်တော်မူတဲ့အခါမှာ တပည့်တော်တွေတလွဲမေးခွန်းထုတ်ပုံကိုကြည့်ရင် သိနိုင်ပါတယ်။
ထိုတမန်တော်တို့ကို စုဝေးစေတော်မူပြီးလျှင်၊ ယေရုရှလင်မြို့မှ မထွက်မသွားဘဲ ခမည်းတော်၏ ဂတိကိုငံ့နေမည်အကြောင်းမှာတော်မူ၍၊ ထိုဂတိတော်ကိုငါဟောပြောသဖြင့် သင်တို့သည် ကြားသိရကြပြီ။ ကတိတော်အချက်ဟူမူကား ယောဟန်သည် ရေ၌ ဗတ္တိဇံ ကိုပေး၏။ သင်တို့သည် မကြာမမြင့်မှီ သန့်ရှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံ ကိုခံရကြလိမ့်မည်ဟု မိန့်တော်မူ၏။ ထိုတမန်တော်တို့သည်လည်း စုဝေး၍၊ သခင်ဘုရား၊ ယခုအခါကိုယ်တော်သည် ဣသရေလအမျိုး သားတို့အား နိုင်ငံကိုပြန်ပေးတော်မူမည်လောဟု မေးလျှောက်ကြလျှင် ….. တမန်တော် ၁း၎- ၆
ယေရှုက၊ ငါ၏နိုင်ငံသည် ဤလောက နှင့်မစပ်ဆိုင်။ ငါ၏နိုင်ငံသည် ဤလောကနှင့်စပ်ဆိုင်လျှင်၊ ငါသည် ယုဒလူတို့လက်သို့ မရောက်စေခြင်းငှါ ငါ၏လူတို့သည် တိုက်လှန်ကြလိမ့်မည်။ ယခုမူကား ငါ၏နိုင်ငံသည် ဤဒေသအရပ်နှင့် မစပ်ဆိုင်ဟု မိန့်တော်မူ၏။ ပိလတ်မင်းကလည်း၊ သို့ဖြစ်လျှင် သင်သည်ရှင်ဘုရင်မှန်သလောဟုမေးသော်၊ ယေရှုက၊ မင်းကြီးမေးသည်အတိုင်း ငါသည် ရှင်ဘုရင်မှန်၏။ သမ္မာတရားဘက်၌ သက်သေခံခြင်းငှါ ငါသည်မွေးဘွား ခြင်းကိုခံ၍ ဤလောကသို့ကြွလာပြီ။ သမ္မာတရား နှင့်စပ်ဆိုင်သမျှသောသူတို့သည် ငါ့စကားကိုနား ထောင်ကြသည်ဟု မိန့်တော်မူ၏။ ယော ၁၈း ၃၆- ၃၇
ငါသည် ဘုရားသခင်၏၀ိညာဉ်တော်ကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်လျှင် အကယ်စင်စစ် သင်တို့၌ ဘုရားသခင်၏နိုင်ငံတော်တည်ချိန်ရောက်လေပြီ။ မဿဲ ၁၂း ၂၈
ဘုရားသခင်ရဲ့နိုင်ငံတော်ဆိုတာနဲ့ပတ်သက်လို့ သြ၀ါဒတွေဘယ်လိုပဲ ကွဲပြားနေပါစေ။ သခင်ယေရှုတည်းဟူသော ဘုရင်တကာတို့ရဲ့ ဘုရင်၊ သခင်တကာတို့ရဲ့ သခင်ကို ယုံကြည်သူတွေ ရှိတဲ့အရပ်၊ တစ်နည်းအားဖြင့် သခင်ယေရှုကို အသက်တာရဲ့သခင်၊ ဘုရင်အဖြစ် လက်ခံသူတွေရှိတဲ့ နေရာဟာ ဘုရားသခင်ရဲ့နိုင်ငံတော်ဖြစ်သလို ကျနော်တို့သည်လည်း အဲဒီနိုင်ငံတော်ရဲ့သံတမန်အဖြစ် ဒီလောကမှာ အထူးတာဝန် အပ်နှင်းခြင်းခံရသူတွေဖြစ်ပါတယ်။ ဘုရားသခင်ရဲ့နိုင်ငံတော်နဲ့စပ်လျဉ်းပြီး ၁ကော ၄း ၂၀မှာ ပေါလုက - ဘုရားသခင်၏နိုင်ငံတော်သည် စကား၌တည်သည်မဟုတ်၊ တန်ခိုး၌တည်၏ လို့ ဖော်ပြထားသလို ရောမ ၁၄း ၁၇မှာလည်း ဘုရားသခင်၏နိုင်ငံတော်သည် အစားအသောက်၌ မတည်။ ဖြောင့်မတ်ခြင်း၊ ငြိမ်သက်ခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ခံရသော ၀မ်းမြောက်ခြင်း၌ တည်၏ လို့လည်း ဖော်ပြထားပါတယ်။ ပိုပြီးတော့ သိသာထင်ရှားအောင် လုကာ ၁၇း၂၀- ၂၁ကိုဖတ်ကြည့်ကြရအောင်ဗျာ။
ဖာရိရှဲတို့သည်လာ၍၊ ဘုရားသခင်၏နိုင်ငံတော်သည် အဘယ်ကာလမှ တည်ပါမည်နည်းဟု မေးလျှောက်ကြလျှင် ယေရှုက၊ ကောင်းကင်နိုင်ငံတော်သည် မျက်မြင်သောအရာ၌မတည်။ ဤအရပ်၌ ကြည့်ပါ။ ထိုအရပ်၌ကြည့်ပါ ဟုပြောစရာအခွင့်မရှိ။ အကြောင်းမူကား၊ ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏အထဲ၌ ရှိသည်ဟု မိန့်တော်မူ၏။
ဘုရားသခင်ရဲ့ဘုန်းတန်ခိုးထင်ရှားတဲ့အရပ်ဟာ ဘုရားသခင်ရဲ့နိုင်ငံတော်တည်ရာအရပ်ဖြစ်သလို ဖြောင့်မတ်ခြင်း၊ ငြိမ်သက်ခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ခံစားရတဲ့ ၀မ်းမြောက်ခြင်းမှာ တည်တယ်လို့ ကျမ်းစာကဆိုပါတယ်။ အဲဒီအရာတွေ ခင်ဗျားရဲ့အသက်တာမှာရှိနေတယ်ဆိုရင် ခင်ဗျားရဲ့နှလုံးသားဟာ ဘုရားသခင်ရဲ့နိုင်ငံတော်တည်ရာပဲပေါ့ဗျာ ..............
၃။ အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော်။
ဒီနေရာမှာ ကျနော်တို့ယုံကြည်သူတွေအတွက် သိပ်ကိုအရေးပါတဲ့ အနှစ်သာရတစ်ခုရှိနေ ပါတယ်။ အကျင့်တရားအားဖြင့် ဘုရားသခင်ဆီကိုချဉ်းကပ်လိုကြတဲ့ ဘာသာရေးခရစ်ယာန်တွေက ဘုရားသခင်ရဲ့အလိုတော်နှင့်ညီသောအကျင့် ဆိုတဲ့စကားကို ရေပက်မ၀င်အောင်ပြောဆိုသုံးစွဲကြသလို ခရစ်ယာန်ကောင်းပီသရေးနည်းနာနိဿယတွေကိုပဲ တတွင်တွင်ဟောနေတတ်ကြပါတယ်။ သခင်ယေရှုကတော့ အလိုတော်နှင့်ညီသောအကျင့်ဆိုတာကို ယော ၆း ၂၈- ၂၉ မှာ အတိအလင်း ဖော်ပြထားပါတယ်။ ဘုရားသခင်ရဲ့အလိုတော်က ဘာလဲဆိုတာကို နောက်ထပ်ကျမ်းချက်တချို့ အားဖြင့် ထပ်လေ့လာကြည့်ရအောင်။
လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကိုသိစေခြင်းငှာ ဘုရားသခင်အလိုတော်ရှိ၏။ ၁တိ ၂း ၎
ထိုနည်းတူ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဤသူငယ်တစ်ယောက်ကိုမျှ ပျက်စီးစေခြင်းငှာ အလိုတော်မရှိ။ မဿဲ ၁၈း ၁၄
အကြောင်းမူကား၊ ခပ်သိမ်းသော ပြည့်စုံခြင်းကို သားတော်၌ ကျိန်းဝပ်စေခြင်းငှါ၎င်း၊ လက်ဝါး ကပ်တိုင်မှာ သွန်းသောအသွေးတော်အားဖြင့် ရန်ကိုငြိမ်းစေ၍၊ ကောင်းကင် အရာဖြစ်စေ၊ မြေကြီးအရာဖြစ်စေ၊ ခပ်သိမ်းသောအရာတို့ကို သားတော်အားဖြင့် ဘုရားသခင်နှင့် မိဿဟာယဖွဲ့စေခြင်းငှါ၎င်း အလိုရှိတော်မူ၏။ ကောလောသဲ ၁း ၁၉- ၂၀
တပါးအမျိုးသားတို့တွင် ဤနက်နဲ သောအရာနှင့်ဆိုင်သော မဟာစည်းစိမ်ကား၊ အဘယ်မျှလောက်ကြီးသည်ကို သန့်ရှင်းသူတို့သည် သိစေခြင်းငှါ၊ ဘုရားသခင် အလိုရှိတော်မူ၏။ ထိုစည်းစိမ်ကား၊ ဘုန်းအသရေကို မြော်လင့်ခြင်းအကြောင်းတည်း ဟူသော သင်တို့အထဲ၌ တည်တော်မူသော ခရစ်တော်ပေတည်း။ ကောလောသဲ ၁း ၂၇
ကောင်းကင်ဘုံရှင် ဘုရားသခင်ရဲ့အလိုတော်က သူဖန်ဆင်းထားတဲ့သားသမီးတွေ အပြစ်ငရဲကို မကျရောက်ဘဲကယ်တင်ခြင်းခံရဖို့၊ သားတော်ယေရှုကိုယုံကြည်ဖို့၊ သမ္မာတရားကိုသိစေဖို့ ဆိုတဲ့ အချက်တွေပဲဖြစ်ပါတယ်။ ဒီထက်ပိုပြီးပြောရရင်တော့ ကောင်းကင်ဘုံရဲ့ပြည့်စုံခြင်းဆိုတာ ငြိမ်သက်ခြင်း၊ ၀မ်းမြောက်ခြင်း၊ ဖျားနာမှုကင်းခြင်း၊ ကြွယ်ဝချမ်းသာခြင်းတို့ဖြစ်ပါတယ်။
၎။ အသက်မွေးလောက်သောအစာကို ကျွန်ုပ်တို့အား ယနေ့ပေးသနားတော်မူပါ။ ကျနော်ယုံကြည်သူဖြစ်ခါစက ဒီအချက်အပေါ်မှာ အတော်ကလေးကို နားမလည်နိုင်အောင် ဖြစ်ခဲ့ရပါတယ်။ သမ္မာတရားကို တကယ်တမ်းပိုင်းခြားနားလည်လာတော့မှ ကျောင်းမှန်းကန်းမှန်း သိလာပါတော့တယ်။ ဒီကနေ့ယုံကြည်သူတချို့လည်း အဲဒီအချက်ကို သတိမမူမိဘဲဖြစ်နေကြပါတယ်။ ဒီအချက်ကိုနားလည်ဖို့ဆိုရင် ပဌနာတော်ကို သင်ပေးခြင်းခံရတဲ့ တပည့်တော်တွေဖြစ်တဲ့ အစ္စရေးလူမျိုး တွေရဲ့အကြောင်းကို သိထားဖို့လိုပါလိမ့်မယ်။ တောလည်ရာကျမ်း ၁၁း ၄- ၆ ကိုလေ့လာကြည့်ရင် မစားရရင် နားပူနားဆာလုပ်တတ်တဲ့လူမျိုးတွေဖြစ်တယ်ဆိုတာကို နားလည်နိုင်မှာဖြစ်သလို တောလည်ရာကျမ်း ၁၁း ၁၆- ၂၃ နဲ့ တောလည်ရာကျမ်း ၁၁း ၃၁- ၃၃ မှာလေ့လာကြည့်ရင် အဲဒီလူမျိုးအပေါ်မှာ ဘုရားသခင်ဘယ်လောက်တောင် အမျက်ထွက်တယ်ဆိုတာကို သိမြင်ပါလိမ့်မယ်။ တကယ်တမ်းကျတော့ အစ္စရေးလူမျိုးတွေဟာ မစားရရင် နားပူနားဆာလုပ်တတ်သလို၊ စားရရင်လည်း နှာခေါင်းကနေပြန်ထွက်အောင်ကို ငတ်ကြီးကျတဲ့လူမျိုးဖြစ်ပါတယ်။ အဲဒီလိုရာဇ၀င်နဲ့ လူမျိုးကို သခင်ယေရှုက အသက်မွေးလောက်သောအစာကို တစ်နေ့စာတစ်နေ့တောင်းခိုင်းခဲ့တာပါ။ တကယ်လို့သာ ဘုရားသခင်ပေးတဲ့အစာက အသက်မမွေးလောက်ရင်လည်း ဗျစ်တောက်ဗျစ်တောက် လုပ်ဦးမှာကို ကြိုသိနေသလို၊ တစ်နေ့စာတစ်နေ့မပေးဘဲ ပေါပေါသီသီပေးလိုက်ရင်လည်း နှာခေါင်းက ပြန်ထွက်အောင် ငတ်ကြီးကျမယ်ဆိုတာသိနေလို့ အခုလိုသွန်သင်ပေးခဲ့ခြင်းဖြစ်ပါတယ်။