ယုံကြည်သူတို့၏ကောင်းကြီးမင်္ဂလာ



cross

ကျနော်တို့ရဲ့ ပတ်ဝန်းကျင်မှာ မကြာခဏဆိုသလို ကြားနေမိတဲ့စကားတွေကြောင့် ဒီနှုတ်ကပတ်တော်ကို ဘလော့ခ်ပေါ်တင်ဖြစ်တာပါ။
“ ကောင်းကြီးခံစားရမှာပေါ့ ……….. သူက ဆုတောင်းအားကြီးတာကိုး….”
“ ကျမ်းစာဖတ်ပါ… ဆုတောင်းပါ…. ဆယ်ဘို့တစ်ဘို့ မှန်မှန်ထည့်ပါ “အဲဒီလိုဆိုရင် ကောင်းကြီးမင်္ဂလာခံစားရမယ်။
အဲဒီလိုစကားမျိုးတွေ၊ သွန်သင်မှုတွေကြားမိတဲ့အခါတိုင်း ကျနော်အတော့်ကို စိတ်မကောင်းဖြစ်မိပါတယ်၊ ကျနော်တို့ရဲ့ စကားတွေ၊ ကျနော်တို့ရဲ့ ဟောပြောသွန်သင်မှုတွေက ခရစ်တော်ကို လျှော့တွက်လွန်းပြီး ကိုယ်ရည်သွေးလွန်းနေကြပါလားလို့ ခံစားမိပါတယ်။ တကယ်တော့ ကျနော်တို့ကိုးကွယ် ယုံကြည်တဲ့ ဘုရားသခင်ဟာ “ ဆန်ပေးမှဆီရ “ တဲ့နှလုံးသားမျိုးနဲ့ ကျနော်တို့ကို ဆက် ဆံနေတာ လုံးဝမဟုတ်ပါဘူး။ ကျနော်တို့က အဲဒီလိုခံယူဟောပြောကြတဲ့အခါ တချို့ကလက်မခံချင်ကြပါဘူး။ ကျနော်တို့ကတော့ သမ္မာကျမ်းစာကိုပဲဖြစ်ဖြစ်၊ ယုံကြည်ခံယူမှုတစ်ခုကိုပဲဖြစ်ဖြစ် အနက်ဖွင့်ကြတဲ့နေရာမှာ သခင်ယေရှုခရစ်တော်ရဲ့လုပ်ဆောင်မှုနဲ့ သူရဲ့တန်ဖိုးကိုပဲ တွေ့အောင်ရှာပါတယ်။   မိတ်ဆွေကြားဖူးခဲ့တဲ့တခြားသွန်သင်ဟောပြောမှုတွေဖြစ်တဲ့ “ ကျနော်တို့အနေနဲ့ ဘုရားအတွက်ဘာလုပ်ရဲရမယ်တို့ …. အကုန်လုံးကိုစွန့်လွှတ်ရဲရမယ်တို့ …. ဆုတောင်းအားကြီးရမယ်တို့ …. ’’ ဆိုတဲ့အရာမျိုးတွေနဲ့တော့ တူနိုင်မှာမဟုတ်ပါဘူး။ ဒီနေရာမှာ ကျနော်တို့အနေနဲ့ မေတ္တာရပ်ခံချင်တာတခုကတော့ မိတ်ဆွေနားလည်မှုမလွဲဖို့ပါပဲ။ အခုကျနော်တို့ ဖော်ပြပြီးခဲ့တဲ့အကြောင်းအရာတွေထဲမှာ ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်း၊ ဆယ်ဖို့တစ်ဖို့ထည့်ခြင်းတွေကို ဆန့်ကျင်တာမျိုး၊ မလိုအပ်ဘူးလို့ ငြင်းပယ်တာမျိုး လုံးဝမပါ ပါဘူး။
ယုံကြည်သူတစ်ယောက်ရဲ့အသက်တာမှာ အဲဒီအရာတွေလိုအပ်ပေမယ့် အဲဒီအရာတွေကို လုပ်ဆောင်နေလို့ ဘုရားသခင်ဆီက ကောင်းကြီးမင်္ဂလာကိုခံစားရတာလို့ မထင်မိစေဖို့ သတိပေးပါရစေ။ ကျမ်းစာမဖတ်၊ ဆုမတောင်း၊ ဆယ်ဖို့တစ်ဖို့မမှန်ရင် ဘုရားသခင်က ကောင်းကြီးမပေးတော့ဘူးလား။ ကျမ်းစာဖတ်၊ ဆုတောင်း၊ ဆယ်ဖို့တစ်ဖို့မှန်မှ ဘုရားသခင်က ကောင်းကြီးပေးတာလား။ ဒါဖြင့်ရင် ကျနော်တို့ရဲ့ကောင်းကြီးမင်္ဂလာခံစားရခြင်းက အဲဒီအရာတွေကိုလုပ်ဆောင်နိုင်ခြင်းအပေါ်မူတည်နေတာပေါ့။ ကဲ…. ကျမ်းစာက ဘယ်လိုဖော်ပြထားသလဲ လေ့လာကြည့်ကြရအောင်။
ငါ့တန်ခိုး၊ ငါ့လက်သတ္တိအားဖြင့် ဤစည်းစိမ်ကိုငါရတတ်သည်ဟု စိတ်ထဲမှာအောက်မေ့ခြင်းအပြစ်ကို သတိနှင့်ကြဉ်ရှောင်လော့။ သင်၏ဘုရားသခင်ထာဝရဘုရားကိုသာ အောက်မေ့ရမည်။ အကြောင်းမူကား သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပဋိညာဉ်တရားတော်ကို ယနေ့ကဲ့သို့တည်စေလိုသောငှာ စည်းစိမ်ရတတ်သောအစွမ်းသတ္တိကို ဘုရားသခင်ပေးတော်မူ၏။ (တရားဟောရာကျမ်း ၈း ၁၇- ၁၈)
ဒီကျမ်းချက်ကိုလေ့လာကြည့်တဲ့အခါ ကျနော်တို့ရဲ့တန်ခိုး၊ အစွမ်းသတ္တိ တစ်နည်းအားဖြင့် လုပ်ဆောင်မှုကြောင့် စည်းစိမ်  ( ကောင်းကြီးမင်္ဂလာ )ခံစားရတယ်လို့ စိတ်ထဲမှာအောက်မေ့တဲ့ အပြစ် ကိုရှောင်ကြဉ်ခိုင်းထားတာကိုတွေ့ရမှာဖြစ်သလို စည်းစိမ်ချမ်းသာ ( ကောင်းကြီးမင်္ဂလာ )ကိုခံစားရခြင်းရဲ့ အရင်းအမြစ်က ဘုရားသခင်သာလျှင်ဖြစ်ကြောင်း သတိပေးဖော်ပြထားပါတယ်။ ကောင်းကြီးမင်္ဂလာနဲ့စပ်လျဉ်းပြီး သမ္မာကျမ်းစာထဲက နောက်ထပ်အဖြစ်အပျက်တစ်ခုကို ထပ်ပြီးလေ့လာကြည့်ရအောင်။
ဓမ္မရာဇဝင်ပထမစောင် အခန်းကြီး (၃ဝ)ထဲကအဖြစ်အပျက်ကိုလေ့လာကြည့်တဲ့အခါ … ဒါဝိဒ်ဟာ ရှောလုရဲ့ရန်ပြုမှုကနေထွက်ပြေးရင်း အာခိတ်မင်းဆီရောက်နေတဲ့အချိန်၊ အဲဒီအချိန်မှာပဲ အာခိတ်မင်းနဲ့ ဖိလိတ္တိမင်းတွေပေါင်းပြီး စစ်ချီဖို့ပြင်ဆင်နေကြတယ်။ အဲဒီစစ်ပွဲကို ဒါဝိဒ်ကလည်း အာခိတ်မင်းနဲ့အတူလိုက်ဖို့လုပ်တဲ့အခါ ဖိလိတ္တိမင်းတွေက ကန့်ကွက်ကြတာကြောင့် မလိုက်ဖြစ်ဘဲ ပြန်လာရပါတယ်။ အဲဒီလိုနဲ့ ဒါဝိဒ်နဲ့သူ့လူတွေဟာ (၃) ရက်တိတိခရီးနှင်ပြီးလို့ ဇိမလက်မြို့ကိုရောက်တဲ့အခါကျတော့ အာမလက်လူတွေက အဲဒီမြို့ကိုဝင်တိုက်ပြီး မြို့မှာရှိတဲ့ မိန်းမကြီးငယ်မှန်သမျှနဲ့ တခြားလက်ရဥစ္စာတွေ အကုန်လုံးကို သိမ်းယူသွားကြပြီ ဖြစ်ပါတယ်။ ( ၁ ဓမ္မ ၃ဝး၁၅ )
အဲဒီလို အခြေအနေကို ရောက်တဲ့အခါ လူတွေက ဒါဝိဒ်ကိုကျောက်ခဲနဲ့ပေါက်ဖို့ ကြံစည်ကြပါတယ်။ ဒါဝိဒ်ကတော့ ဘုရားသခင်ကိုပဲ ကိုးစားပြီး အာမလက်လူတွေ နောက်ကိုလိုက်ရဖို့အရေး ကို ဘုရားသခင်စီမှာ တောင်းလျှောက်ပါတယ်။               ( ၁ ဓမ္မ ၃ဝး ၆-၈ )
ဒီနေရာမှာ သင်ခန်းယူစရာ အချက် (၂) ချက် ရှိပါတယ်။ (၁) အချက်က ကျနော်တို့ ယုံကြည်သူတွေရဲ့အကျင့်က ဆုံးရှုံးမှု၊ နာကျင်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကိုယ့်ရှေ့ကအမြဲတမ်းရပ်တည် ပေးခဲ့တဲ့ ဘုရားသခင်ကိုတောင် မေးခွန်းထုတ်ချင်၊ ပြဿနာလုပ်ချင်တာကို ဒီကျမ်းချက်က ဖော်ပြပေးနေတာပါပဲ။
နံပါတ် (၂) အချက်က ခေါင်းဆောင်ဖြစ်တဲ့သူဟာ ခံစားချက်နဲ့ မခံချင်စိတ်အပေါ် အခြေပြုပြီး ဘာကိုမှ မဆုံးဖြတ်ရဘူး။ အခြေအနေတိုင်းမှာ ဘုရားသခင်ကိုပဲ ရှေ့တန်းတင်ပြီးဆုံးဖြတ်ရ မယ်ဆိုတာပါပဲ။ အဲဒီလိုနဲ့ ဒါဝိဒ်နဲ့သူ့နောက်လိုက်တွေဟာ အာမလက်လူတွေနောက်ကို လိုက်ရင်း ဗေသော်ချောင်းကို ရောက်တဲ့အခါ နောက်လိုက် (၆ဝဝ) အနက်၊ လူ (၄ဝဝ) ကပဲ ဒါဝိဒ်နဲ့အတူ ဗေသော်ချောင်းကို ကူးပြီး အာမလက်လူတွေနောက်ကို ဆက်လိုက်ကြပါတယ်။ ကျန်တဲ့လူ (၂ဝဝ)ကတော့ ဆက်မလိုက်နိုင်တော့တာကြောင့် ဗေသော်ချောင်းတစ်ဘက်မှ ကျန်ရစ်ခဲ့ကြပါတယ်။        (၁ ဓမ္မ ၃ဝး ၉-၁ဝ)
အာမလက်လူတွေနောက်ကို ဆက်လိုက်ကြတဲ့ ဒါဝိဒ်နဲ့ လူ(၄ဝဝ) ဟာ စားသောက်ကခုန်ပြီး အောင်ပွဲခံနေကြတဲ့ အာမလက်လူတွေကို တွေ့တဲ့အခါမှာတော့ အကြီးအကျယ်ကို တိုက်ပွဲဖြစ် ပါတော့တယ်။ ( ၁ ဓမ္မ ၃ဝး ၁၆-၁၇ ) တိုက်ပွဲအပြီးမှာ ဒါဝိဒ်တို့ဘက်က အောင်ပွဲရပြီး သူတို့ဆီက သိမ်းယူသွားတဲ့ လူတွေ၊ ဥစ္စာပစ္စည်းတွေအပြင် တခြားမြို့တွေကနေ တိုက်ယူလာကြတဲ့ ဥစ္စာပစ္စည်းတွေကိုပါ အမြတ်ရလိုက် ကြပါတယ်။ ( ၁ ဓမ္မ ၃ဝး ၁၈-၂၀ ) အောင်ပွရပြီး ပျော်ရွှင်ပြီးပြန်လာလိုက်ကြတာ ဗေသော်ချောင်းကိုကူပြီးတဲ့နောက်တော့ ပြဿနာက စပါတော့တယ်။ ဒါဝိဒ်နဲ့အတူ စစ်တိုက်လိုက်ကြတဲ့ လူ (၄ဝဝ) က ဗေသော်ချောင်းကို လိုက်မကူးဘဲ ကျန်ရစ်တဲ့ လူ(၂ဝဝ) ကို သူတို့ရဲ့ သား၊မယားတွေကလွဲပြီး ဘာကိုမှမပေးကြပါဘူး။ စစ်ပွဲကို အတူမတိုက်ဘဲ အနိုင်ရတဲ့အခါကျမှ သိမ်းယူလာတဲ့ ဥစ္စာပစ္စည်း တွေကို အချောင်လိုချင်လို့မရဘူးလို့ ပြောဆိုကြပါတယ်။ ကျနော်တို့ လူတွေရဲ့ သတ်မှတ်ချက်က “ လုပ်ရင်ရမယ်၊ မလုပ်ရင်မရဘူး “ ဆိုတဲ့ ပုံသေနည်းအပေါ်မှာ အခြေတည်ပြီး အဖြေထုတ်တာပါ။ စစ်ကို အတူတိုက်ရင် နိုင်တဲ့ဥစ္စာပစ္စည်း ကိုရမယ်။ မတိုက်ရင်မရဘူး။ တစ်နည်းအားဖြင့် လုပ်မှရမယ်ဆိုတဲ့ သဘောမျိုးပါ။ အဲဒီပြဿနာကို ဒါဝိဒ်က ဖြေရှင်းတဲ့အခါကျတော့ စစ်ကိုအတူတိုက်ခဲ့သော သူဖြစ်စေ၊ မတိုက်သောသူဖြစ်စေ အညီအမျှဝေပေးဖို့ ဆုံးဖြတ်ပါတယ်။ အဲဒါဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ဖော်ဆိုခြင်းဖြစ်ပါတယ်။ ဘုရားသခင်က ကျနော်တို့ ဘာလုပ်ခဲ့တယ်၊ ဘာလုပ်နေတယ် ဆိုတာအပေါ် ဂရုမစိုက်ပါဘူး။ ကျနော်တို့ ဘယ်သူ့ဘက်မှာ ရှိနေတယ်ဆိုတာကိုပဲ ကြည့်တာပါ။ ကျနော်တို့ဟာ သခင်ယေရှုတည်းဟူသော မာရ်နတ်အပေါ်၊ လောကအပေါ် စစ်နိုင်တဲ့အရှင်ဘက်မှာ ရှိနေမယ်ဆိုရင် အဲဒီအောင်ပွဲဟာ ကျနော်တို့နဲ့ ဆိုင်ပါတယ်။ ဒါဝိဒ်အားဖြင့် မိမိဆုံးရှုံးသွားတဲ့အရာတွေအပြင် အာမလက်လူတွေ တခြားမြို့တွေကနေ သိမ်းပိုက်ထားတဲ့ အရာတွေကိုပါ အမြတ်ရလိုက် ကြသလို သခင်ယေရှုအားဖြင့် ကျနော်တို့ဆုံးရှုံးသွားတဲ့ အရိုက်အရာတွေအပြင် ကျေးဇူးနဲ့ကရုဏာကိုပါ အမြတ်ထပ်ရလိုက်ခြင်းဟာ တကယ့်ကောင်းကြီး မင်္ဂလာပါ။ ( ၁ ဓမ္မ ၃ဝး ၂၁-၂၄ )
ဒီအဖြစ်အပျက်ကနေ ပုံသေနည်း (၂) ခုထုတ်ကြည့်တဲ့အခါ၊ လူတွေအသိအမှတ်ပြုတဲ့ ပုံသေနည်းနဲ့ ဘုရားသခင် အသိအမှတ်ပြုတဲ့ ပုံသေနည်းတို့ကို အောက်ပါအတိုင်း တွေ့ရပါတယ်။
လူပုံသေနည်း       -           ငါလုပ်                ဘုရားကလက်ခံ                ငါကောင်းကြီးရ/ဆုရ
ဘုရားပုံသေနည်း  -           ယေရှုလုပ်           လူလက်ခံ                        ယေရှုဘုန်းတော်ထင်ရှား
ကဲ….ဒီတရားဒေသနာကို ကျမ်းချက်တစ်ချက်နဲ့ အဆုံးသတ်ကြရအောင်ဗျာ။
ကျေးဇူးတော်အားဖြင့် ရှိလျှင်၊ ကိုယ်ကျင့်သော အကျင့်အားဖြင့်မရှိ။ ရှိလျှင် ကျေးဇူးသည် ကျေးဇူးမဟုတ်။ ကိုယ်ကျင့်သော အကျင့်အား ဖြင့်ရှိလျှင်၊ ကျေးဇူးအားဖြင့်မရှိ။ ရှိလျှင် ကိုယ်ကျင့်သောအကျင့်သည် အကျင့်မဟုတ်။  ( ရောမ ၁၁း ၆ )  

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites