အလိုတော်နှင့်အညီနာခံခြင်း

obey

ဒီနေ့တော့ ကျနော်တို့ အသက်တာမှာ ဖန်တစ်ရာထပ်အောင် ကြားဖူးနေပြီးသားဖြစ်တဲ့ " နာခံခြင်း " အကြောင်းကိုလေ့လာကြည့်ကြရအောင်။ယုံကြည်သူခရစ်ယာန်ကောင်းတစ်ယောက်ဖြစ်ဖို့အတွက် ဘုရားသခင်၌သော်လည်းကောင်း၊အသင်းတော်၌သော်လည်းကောင်း နာခံခြင်းအပြည့်ရှိဖို့လိုအပ်တယ်ဆိုတဲ့ ဟောပြောသွန်သင်မှုတွေအပြင်၊ ဆရာသမားတွေရဲ့ သွန်သင်မှုအပေါ် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ လိုက်နာရမယ် ၊ အဲဒါ...နာခံခြင်းအသက်တာကို သွန်သင်ခံရခြင်းဖြစ်တယ် ဆိုတဲ့ ဟောပြောသွန်သင်မှုတွေကို ကျနော်တို့ ညီအစ်ကို မောင်နှမတွေ ကြုံဖူးကြမယ်ထင်ပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ ကျနော်တို့ရဲ့နာခံခြင်းက ဘယ်လောက်ရာခိုင်နှုန်းအထိ အမှတ်ရနိုင်မလဲ။ ဘုရားသခင်ရဲ့အလိုတော်ကို နာခံရမယ်ဆိုတာ ကျနော် လက်ခံပါတယ်။ ဒါပေမယ့် ကျနော်တို့လို လူသားတစ်ယောက်အနေနဲ့ နာခံခြင်း ဘာသာရပ်မှာ အမှတ်(၁ဝဝ)ရပြီး ပြည့်စုံနိုင်ဖို့တော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်သလိုဘယ်တော့မှလည်း ဖြစ်လာမှာ မဟုတ်ပါဘူး။ တချို့ပြောကြတာကို ကျနော်ကြားဖူးပါတယ်။ ကျနော်တို့ရဲ့ အသက်တာကို ဘုရားသခင်က စာမေးပွဲစစ်တဲ့အခါ အောင်မြင်တော့မှ အသက်တာမှာ တိုးတက်အောင်မြင်မှုနဲ့ ကောင်းကြီးမင်္ဂလာကို ခံစားရတယ် ဆိုတာမျိုးပါ။ ကဲ.... အဲဒီလိုဆိုရင် ဘုရားသခင်စစ်တဲ့ နာခံခြင်းစာမေးပွဲကို ကျနော်တို့ အောင်ပါ့မလား။ အသက်တာမှာ ကြီးပွားတိုးတက်မှု၊ ရင့်ကျက်မှုနဲ့ ကောင်းကြီးမင်္ဂလာတွေ ခံစားနိုင် ဖို့အတွက် နာခံခြင်းစာမေးပွဲကို ဘယ်လိုအောင်မြင်နိုင်မလဲဆိုတာ နှုတ်ကပတ်တော်အားဖြင့် လေ့လာကြည့်ကြ ရအောင်.........။ အရင်ဆုံး ဓမ္မရာဇ၀င်ပထမစောင် ၂၂း၁-၂ ကိုကြည့်တဲ့အခါ ရှောလုရဲ့ ရန်ကနေရှောင်တိမ်းနေရတဲ့ ဒါဝိဒ် ရဲ့ ပုန်းခိုရာဖြစ်တဲ့ အဒုလံဥမင်၊ အဲဒီဥမင်မှာ ဒါဝိဒ်နဲ့အတူ စုဝေးလာကြတဲ့ လူ(၄ဝဝ) ရဲ့အကြောင်းကိုဖော်ပြ ထားတာတွေ့ရမှာ ဖြစ်ပါတယ်။ ကျမ်းစာမှာတော့ အဲဒီ (၄ဝဝ) ဟာ ဘယ်လိုလူတွေလဲဆိုတာကို လေ့လာကြည့် တဲ့အခါမှာ အမှုရောက်သောသူ၊ ကြွေးတင်သောသူ၊ စိတ်ညစ်သောသူတွေလို့ အတိအလင်းဖော်ပြထားပါတယ်။
အစ္စရေးနိုင်ငံရဲ့သမိုင်းမှာ အအောင်မြင်ဆုံးသော ခေတ်ကာလတစ်ခုကို ဒါဝိဒ်ဟာအဲဒီလူတွေကို အသုံးပြုပြီး တည်ထောင်နိုင်ခဲ့တာဟာ တကယ့်ကိုအံ့သြစရာပါပဲ။ ကျနော်တို့သာ ဒါဝိဒ်ရဲ့နေရာမှာဆိုရင် တသွေး၊ တသံ၊ တမိန့်နဲ့ အုပ်ချုပ်လို့ရနိုင်မယ့်သူတွေ၊ တိုက်ရည်ခိုက်ရည်ရှိတဲ့ စစ်သူရဲတွေကို စည်းရုံးသိမ်းသွင်းနိုင်ဖို့ပဲ ကြံစည် မိမှာပါ။ ဒါပေမယ့် ဒါဝိဒ်ကတော့ ကိုယ့်ဆီမှာ ရှိနေတဲ့သူတွေဟာ ဘယ်လိုလူတွေလဲ သိသိကြီးနဲ့ သူ့ရဲ့ဘုရား သခင်ကို ယုံကြည်ကိုးစားခြင်း၊ ၀န်ခံခြင်းအားဖြင့် ပိုပြီးကောင်းတဲ့သူတွေ၊ တော်တတ်ထက်မြက်တဲ့ သူတွေကို မျှော်မနေဘဲ ရှိနေတဲ့သူနဲ့ အောင်မြင်မှုကို ရယူနိုင်ခဲ့ပါတယ်။ တကယ်တော့ ဒါဝိဒ်နဲ့ လူ(၄၀၀) တို့ခိုလှုံရာ အဒုလံဥမင်ဟာ ကျနော်တို့ရဲ့ အသင်းတော်ကို ပုံဆောင်တာဖြစ်ပြီး၊ ဒါဝိဒ်မင်းကြီးကတော့ သခင်ယေရှုခရစ် တော်ကို ပုံဆောင်သလို အမှုရောက်သောသူ၊ အကြွေးတင်သောသူ၊ စိတ်ညစ်သောသူ (၄၀၀) ဟာ ကျနော်တို့ ယုံကြည်သူတွေကို ပုံဆောင်တာဖြစ်ပါတယ်။ တခါတရံမှာ ကျနော်တို့အသင်းတော် ခေါင်းဆောင်တွေဟာ မိမိ လူတွေမှာ ရှိနေတာထက်ပိုပြီး တောင်းဆိုမိတတ်ကြပါတယ်။ ဘယ်လိုပဲကြိုးစားကြပါစေ ကျနော်တို့ရဲ့ နာခံခြင်း ဟာ ဘုရားသခင်အလိုတော်ကို ဘယ်တော့မှပြည့်မီနိုင်မှာမဟုတ်တာတော့ အမှန်ပါပဲ။ ဘုရားသခင်ရဲ့အလို တော်နဲ့အညီ၊ ဘုရားသခင်ကို ရာခိုင်နှုန်းပြည့်ယုံကြည် နာခံနိုင်သောသူသည် သခင်ယေရှုတစ်ပါးတည်းသာ ဖြစ် ပါတယ် ။ (ရောမ ၅း၁၉) " အကြောင်းမူကား၊ တယောက်သောသူသည် နားမထောင်သောအားဖြင့်၊ လူများ တို့သည် အပြစ်ရောက်သည်နည်းတူ တယောက်သောသူသည် နားထောင်သောအားဖြင့်၊ လူများတို့သည် ဖြောင့် မတ်ရာသို့ ရောက်ရကြ၏။ "
လူသားတစ်ယောက်ဖြစ်ပြီး အားနည်းချက်၊ လွန်ကျူးမှုတွေ များလှတဲ့ ဒါဝိဒ်ရဲ့ ဘုရားသခင်အပေါ် ယုံကြည်ခြင်း၊ နာခံခြင်းအားဖြင့် သမိုင်းကြောင်းတလျှောက်မှာ အတောက်ပြောင်ဆုံးသော အစ္စရေးနိုင်ငံတော်ကို ထူထောင်နိုင်ခဲ့ရိုးမှန်ရင် ဘုရားစင်စစ် ဖြစ်သလို အား နည်းချက်၊ လွန်ကျူးမှု လုံးဝကင်းတဲ့ သခင်ယေရှုရဲ့ ဖခမည်းတော်အပေါ် ယုံကြည်ခြင်း၊ နာခံခြင်းဟာ အကောင်းမွန် အအောင်မြင်ဆုံး သော ဘုရားသခင်ရဲ့ နိုင်ငံတော်နဲ့ အသင်းတော်ကို တည်ထောင်နိုင်မှာ မလွဲပါဘူး။ အဲဒီတော့ကာ ကျနော်တို့ရဲ့ အသက်တာ၊ ကျနော် တို့ရဲ့အသင်းတော်တွေ အောင်မြင်ဖို့အတွက်က လိမ္မာပါးနပ်လှတဲ့သူတွေ၊ နာခံနားထောင်တတ်တဲ့သူတွေကို သခင်ယေရှုက တောင့်တ မျှော်လင့်နေမယ်လို့ မိတ်ဆွေထင်ပါသလား။ အဒုလံဥမင်ထဲမှာ ခိုလှုံကြနေကြတဲ့ လူ(၄၀၀)နဲ့တူတဲ့ ကျနော်တို့ဘက်က လုပ်ဆောင်ရမယ့် တစ်ခုတည်းသော အရာက ဘုရားသခင်အပေါ် နာခံခြင်းအပြည့်ရှိတဲ့ သခင်ယေရှုရဲ့နောက်ကို လိုက်ဖို့ပဲ ဖြစ်ပါတယ်။
အကယ်လို့များ နာခံခြင်းအသက်တာဆိုတာ ကိုယ့်ရဲ့ခေါင်းဆောင်က ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ လက်ညှိုးထောင်၊ ခေါင်း ညိတ်ရတာမျိုးလို့ တစ်စုံတစ်ယောက်ကပြောခဲ့ရင် အသင်းတော်သမိုင်းကို ပြန်လေ့လာကြည့်ပါလို့ပဲ တိုက်တွန်းချင်သလို (ရောမ ၅း၁၉) ကို သေချာဖတ်ကြည့်ဖို့ပဲ တိုက်တွန်းချင်ပါတယ်။
အယောက်စီတိုင်းအပေါ်မှာဘုရားသခင်ကောင်းကြီးပေးပါစေ။
ချစ်ခြင်းအားဖြင့်
သမ္မာအလင်း

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites