ကောရိ န္တု သြဝါဒစာပဌမစောင် ( ၁၃း ၄-၈ )

၎မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်း မရှိ၊ မာန်မာနမရှိ။ ၅လျောက်ပတ်စွာမကျင့်တတ်၊ ကိုယ်အကျိုးကို မရှာတတ်၊ ဒေါသအမျက်မထွက်တတ်၊ အပြစ်ရှိ သည်ဟု မထင်တတ်၊ ၆မတရားသောအမှု၌ ဝမ်းမြောက်ခြင်းမရှိတတ်၊ သမ္မာတရား၌ဝမ်းမြောက်တတ်၏။ ၇ခပ်သိမ်း သောအရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။ ခပ်သိမ်းသောအရာကို မြော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။ ၈မေတ္တာသည် ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏။ ပရောဖက် ဥာဏ်သော်၎င်း၊ အမျိုးမျိုးသောဘာသာစကားကို ပြောနိုင်သောအခွင့်သော်၎င်း၊ သိပ္ပံအတတ်သော်၎င်း၊ ကွယ်ပျောက်လိမ့်မည်။

ဆာလံကျမ်း ( ၉၈း ၁ )

၁ထာဝရဘုရားအား အသစ်သောသီချင်းကို ဆိုကြလော့၊၊ အံ့ဘွယ်သောအမှုတို့ကို ပြုတော်မူပြီ၊၊ လက်ျာလက်တော်နှင့် သန့်ရှင်းသောလက်ရုံးတော်သည် ကိုယ်တော်အဘို့ ကယ်တင်ခြင်းအမှုကို ပြုလေပြီ၊၊

ရှင်လုကာခရစ်ဝင် ( ၅း ၄ )

စကားတော်ပြတ်သောအခါ၊ ရေနက်ရာအရပ်သို့ ရွှေ့ဦးလော့။ ပိုက်ကွန်ကိုချ၍ ငါးကိုအုပ်စမ်း လော့ဟု ရှိမုန်အား မိန့်တော်မူ၏။

ယေရမိအနာဂတ္တိကျမ်း ( ၂၀း ၇ )

၇အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို သွေးဆောင်တော်မူသည်အတိုင်း၊ အကျွန်ုပ် လိုက်ပါပြီ။ ကိုယ်တော်သည် အကျွန်ုပ်ထက်အားကြီး၍ နိုင်တော်မူပြီ။

ဧဖက်သြ၀ါဒစာ ( ၄း ၂၆-၂၇ )

၂၆အမျက်ထွက်ရာတွင် အပြစ်မရှိ စေနှင့်။ ၂၇အမျက် မပြေဘဲ နေမဝင်စေနှင့်။ မာရ်နတ်ကို အခွင့်မပေးကြနှင့်။

လေပြင်းမုန်တိုင်းများထဲမှသင်ခန်းစာ (မဿဲ ၁၄း၂၂-၃၂)







ယေရှုသည် စည်းဝေးသောသူတို့ကိုလွှတ်တော်မူစဉ်တွင်၊

တပည့်တော်တို့ကို လှေစီး စေ၍ကမ်း တဘက်သို့ အရင်ကူးစေတော်မူ၏။

စည်းဝေးသောသူတို့ကိုလွှတ်ပြီးမှ ဆုတောင်းပဌနာပြုအံ့သောငှါ

တောင်ပေါ်၌ ဆိတ်ကွယ်ရာအရပ်သို့ တက်ကြွသဖြင့်၊ ညအချိန်ရောက်သောအခါ၊

တယောက်တည်း ရှိနေတော်မူ၏။ လှေမူကား အိုင်အလယ်၌ရှိ၍

လေမသင့်သောကြောင့် လှိုင်းတံပိုးလှုပ်ရှားခြင်းကို ပြင်းစွာခံရ၏။

ညသုံးချက်တီးကျော်ချိန်၌ ယေရှုသည် အိုင်ပေါ်မှာစက်တော်ဖြန့်လျက်

တပည့်တော်တို့ ရှိရာသို့ ကြွတော်မူ၏။

ထိုသို့ အိုင်ပေါ်မှာစက်တော် ဖြန့်၍ကြွတော်မူသည်ကို 

သူတို့သည်မြင်လျှင် ထိတ်လန့်၍၊ ဖုတ်တစ္ဆေ ဖြစ်သည်ဟု 

ကြောက်သောစိတ်နှင့် အော်ဟစ်ကြ၏။

ယေရှုသည် ချက်ခြင်းနှုတ်ဆက်၍ တည်ကြည်သောစိတ်ရှိကြလော့။

ငါပင်ဖြစ်သည်။ မကြောက်လန့် ကြနှင့်ဟု မိန့်တော်မူ၏။

ပေတရုကလည်း၊ သခင်ကိုယ်တော်မှန်လျှင်အကျွန်ုပ်သည် ကိုယ်တော်ထံသို့ ရေပေါ်မှာ

လာရမည်အကြောင်းမိန့်တော်မူပါဟု လျှောက်လျှင်၊ လာခဲ့လော့ဟုမိန့်တော်မူ၏။

ပေတရုသည်လှေပေါ်က ဆင်း၍ ယေရှုထံသို့ရောက်အံ့သောငှါ ရေပေါ်မှာလှမ်းသွား၏။

လေပြင်းသည်ကိုမြင်လျှင် ကြောင့်လန့်၍ နစ်မွန်းလုသည် ရှိသော်၊ 

ကယ်မတော်မူပါသခင်ဟု ဟစ်ကြော်လေ၏။ 

ယေရှုသည်လက်တော်ကိုချက်ချင်းဆန့်၍ ပေတရုကို ကိုင်တော်မူလျက်၊ 

ယုံကြည်အားနည်းသောသူ၊ အဘယ်ကြောင့်ယုံမှားသောစိတ်ဝင်သနည်းဟု မေးတော်မူ၏။

လှေပေါ်သို့ ရောက်ကြလျှင် လေသည်ငြိမ်းလေ၏။ 

လှေသားတို့သည် ချဉ်းကပ်၍၊ စင်စစ်ကိုယ်တော်သည် ဘုရားသခင်၏

သားတော်မှန်ပါသည်ဟု ညွတ်ပြပ်၍လျှောက်ကြ၏။


၁။လှိုင်းတံပိုးမုန်တိုင်းများသည်ဘုရားသခင်အခွင့်တော်ကြောင့်အသက်တာတွင်တွေ့တတ်သည်။

ထိုခရီးစဉ်သိုသွားရန် ခရစ်တော်စေခိုင်းခြင်းဖြစ်သော်လည်း မုန်တိုင်းကျသည်။

ထိုနည်းတူ အသက်တာတွင်မဖိတ်ခေါ်ဘဲ ပြဿနာများရောက်လာတတ်သည်။

အဘယ်ကြောင့်နည်း။

ဘုရားသခင်သည် အစစ်ခံနိုင်သော ယုံကြည်ခြင်းကို လိုချင်သောကြောင် ကြုံတွေ့စေသည်။

ယောဘက အခက်အခဲများကိုကျော်လွှားပြီးနောက် နောက်ဆုံးတွင်ရွှေကဲ့သိုကျန်မည်ဟုဆိုခဲ့သည်။

ထို့ကြောင့် ထိုအခက်အခဲကို မည်ကဲ့သို့တုံ့ပြန်မလဲဆိုသည့် အချက်သည် အလွန်ရေးကြီးသည်။

ယောသပ်ဘ၀တွင် စိတ်နာစရာအတွေ့အကြုံများစွာကိုတွေ့ရသော်လည်း သူ့တုံ့ပြန်မှုမှန်ကန်သည်။

အချိန်တန်သောအခါ ဘုရားသခင်ချီးမြှောက်ခြင်းကို ခံရသည်။


၂။အမြင်အားဖြင့်အသက်ရှင်ဘို့မဟုတ်ဘဲယုံ ကြည်ခြင်းဖြင့်အသက်ရှင်ပါ။

ဘုရားသခင်ပေါ်တွင်ဖြစ်စေ၊ လူအပေါ်တွင်ဖြစ်စေ အဆိုးမမြင်ဘို့လိုသည်။

တပည့်တော်များက မုန်တိုင်းကြားထဲတွင် ခရစ်တော်ကို ဖုတ်တစ္ဆေဟုမြင်ခဲ့သည်။

ပေတရုမူကား သခင်မှန်လျှင်လာပါရစေဟု ခွင့်တောင်းခဲ့သူဖြစ်သည်။

ခရစ်တော်၏ လာပါ ဟူသော အသံတော်ကိုကြားသောအခါ ရေပေါ်တွင်လမ်းလျှောက်ခဲ့သည်။

အခြားသောသူတို့၏ ပြောသောစကားများဖြင့်မဟုတ်ဘဲ ဘုရားစကားတော်အားဖြင့် အသက်ရှင်ရမည်။

We walk by faith not by sight.

ကျမ်းစာလာသည်နှင့် အညီ၊ ဘုရားသခင်ကိုချစ်သောသူတို့ အဘို့အလိုငှါ၊ 

ဘုရားသခင်ပြင်ဆင်တော်မူသောအရာတို့ကို  လူမျက်စိဖြင့်မမြင်၊ နားဖြင့် မကြား၊
  
စိတ်နှလုံးဖြင့် မကြံစည်သေး။ ၁ကော ၂း၉ 

ဘုရားသခင်ကြံစည်ခြင်းကိုမျက်စိဖြင့် မမြင်နိုင်ပါ။

ယုံကြည်ခြင်းဖြင့် လျှောက်လှမ်းရန် မိမိလူတိုကို သင်တန်းပေးခဲ့သည်။

ယောရှုနှင့်အဖွဲ့အား ယေရိခေါမြို့ရိုး ပြိုလဲစေရန် (၇)ရက်ပတ်လုံးစကားမပြောဘဲ ပတ်ခိုင်းသည်။

နောက်ဆုံးနေတွင် ၇ပတ် ပတ်ပြီး ကြွေးကြော်သောအခါ မြို့ရိုးသည်အကုန်အစင်ပြိုလဲသည်။

ယုံကြည်ခြင်းဖြင့် ခြေလှမ်းခြင်းသည် နားမလည်နိုင်သော်လည်း လိုက်လျှောက်အသက်ရှင်သောအခါ

ဘုရားသခင်ဂုဏ်ပြုသည်။ အောင်မြင်ခြင်းကိုမြင်တွေ့ရမည်။

အာဗြဟံသည်လည်း မမြင်သေးသောမွေခံရာမြေကိုဘုရားသခင်စကားအား

ယုံကြည်ခြင်းဖြင့် ခံယူလိုက်လျှောက်ခဲ့သည်။ လူမျိုးကြီးဖြစ်ခဲ့သည်။

အမှန်စင်စစ် ပေတရုကို ရေထဲသိုဆွဲချသောအရာသည် သံသယစိတ်ဖြစ်သည်။

သံသယစိတ်နှင့် ကြောက်စိတ်သည်ဒွန်တွဲနေသည်။

ယုံကြည်ခြင်းတွင် တန်းခိုးရှိသကဲ့သိုကြောက်ခြင်း၊ သံသယတွင်လည်း negative power ရှိသည်။

သံသယနှင့်ကြောက်ခြင်းကို ကင်းလွတ်စေသောအရာသည် ဘုရားမေတ္တာတော်ကို ခံစားရန် ဖြစ်သည်။

ကြောက်တတ်သောစိတ်သဘောသည် ဘုရားထံမှမလာပါ။

ဘုရားသခင်သည်ချစ်တတ်သောစိတ်၊ ရှင်းလင်းသောစိတ်၊

တန်ခိုးပါသောစိတ်ကိုသာပေးသည်။ ၁တိ၁း၇

ကြောက်ရွံ့သောသဘောကို ပယ်ရှားပေးသောအရာသည်

ဘုရားသခင်၏ စုံလင်သောချစ်ခြင်းမေတ္တာတော်ကို နားလည်ခံစားခြင်းဖြစ်သည်။ ၁ယော ၄း၁၈

ဒံယေလနှင့်သူငယ်ချင်း ()ယောက်သည် ရှင်ဘုရင်၏အမိန်ကို မနာခံခြင်းကြောင့်

၇ဆပြင်း သောမီးထဲသိုချခြင်း ခံရသည်။ မီးထဲသိုချခြင်းခံရမည်ကိုသိသော်လည်း ဘုရားသခင်ပေါ်တွင် 

သူတို့အားလုံး သစ္စာရှိသည်။ မကြောက်ရန် အခိုင်လုံဆုံး အကြောင်းရှိသည်။

ဘုရားသခင်အတူရှိကြောင်း သူတိုကောင်းစွာနားလည်ထားခြင်းက သူတို့ကိုလုံခြုံစေသည်။

ထိုကြောင့် အမြင်အားဖြင့်မဟုတ်ဘဲ ဘုရားသခင်ကိုယုံကြည်ခြင်းဖြင့် ခြေလှမ်းရန်ဖြစ်သည်။


၃။ ခရစ်တော်ကို စေ့စေ့ထောက်ရပါ။

ခရစ်တော်ကားတိုင်ပေါ်တွင် လုပ်ဆောင်ခဲ့သောအမှုကို စေ့စေ့ထောက်ရှုပါ။

တောလည်ရာ (၂၂) တွင် ဘုရားသခင်ကိုပုန်ကန်သော အစ္စရေးလူမျိုးများ မြွေကိုက်ခံရသည်။ 

ဘုရားသခင်သည် သူတိုလွတ်မြောက်ရာလမ်းကို ပြင်ဆင်ပေးသည်။

တိုင်ပေါ်တွင်ရှိသောမြွေကို မျှော်ကြည့်ခြင်းဖြင့် ကျန်းမာခြင်းရမည်ဖြစ်ကြောင်း

ဘုရားသခင်ပြောသည်။ ထိုမြွေသည် ခရစ်တော်ကိုပုံဆောင်သည်။ 

မည်သို့ပုံဆောင်သနည်း။

လက်ဝါးကားတိုင်တွင် ခရစ်တော်သည်အပြစ်ရှိသမျှကို ယူဆာင်သောကြောင့်

ကျိန်ခြင်းခံမြွေနှင့် ပုံနှိုင်းထားခြင်းဖြစ်သည်။

အနာရောဂါ ကိုက်စားခြင်းခံရသူများ၊ မူးယစ်ဆေးဝါး၊ မကောင်းသောအကျင့်များမ

လွတ်မြောက်နိုင်ပါကလက်ဝါးကားတိုင်ကိုမျှော်ကြည့်ပါ။

မိမိကိုယ်ပိုင်အားနှင့် ရုန်းကန်ဖို့ ကြိုးစားပါနှင့်။ ခရစ်တော်ကိုသာ မျှော်ကြည့်ပါ။

ယောဟန်()တွင် မှားယွင်းသည့်အမှုပြုနေသော အမျိုးသမီးကိုခရစ်တော်ရှေ့သို့ 

ဖာရိရှဲတို့ ခေါ်ဆောင်လာသည်။

အမှန်အားဖြင့် ခရစ်တော်အားအပြစ်တင်ခွင့်ကို ရှာခြင်းဖြစ်သည်။

ပညတ်တော်များကိုလိုက်လျှောက်ပြီး မိမိကိုယ်ကိုယ်အပြစ်ကင်းသည်ဟု 

ဟန်ဆောင်နေသောသူများအား အရှင်းလင်းဆုံးသော ပညတ်အလင်းကို ခရစ်တော်ဖော်ပြခဲ့သည်။ 

အပြစ်ကင်းသောသူက ခဲနှင့်အရင်ပစ်ပါစေဟု ခရစ်တော်ပြောသောအခါ 

မည်သူမှမပြစ်ရဲဘဲထွက်သွားကြသည်။

တရားစီရင်ခွင့်ရှိသော၊ အပြစ်နှင့်ကင်းသောယေရှုကမစီရင်ခဲ့ပါ။

သင့်ကိုငါလည်းမစီရင်၊ နောက်တဖန်အပြစ်မပြုနှင့်ဟု မိန့်တော်မူသည်။

နောက်တဖန်အပြစ်မပြုနှင့်ဟူသော စကား၏အရင် အပြစ်ခွင့်လွှတ်ခြင်းလာသည်။

မိမိကိုယ်ကိုမကြည့်ပါနှင့်။ မိမိလုပ်ဆောင်မှုကိုမကြည့်ဘဲ ခရစ်တော်လုပ်ဆောင်ပေးခြင်းကိုကြည့်ပါ။ 

တချို့သောယုံကြည်သူတိုသည် ယေရှုကိုမြင်သောအမြင် စောင်းတတ်သည်။

ယေရှုသည် အပြစ်တင်ရန် အချိန်ပြည့်စောင့်ကြည့်နေသော ဘုရားမဟုတ်ပါ။

ခရစ်တော်ကိုယုံကြည်သောသူတို့၌အပြစ်စီရင်ခြင်းမရှိတော့ပါ။ ရောမ ၈း၁

ပေတရုလည်း ကြည့်ရှုသောအရာလွဲချော်သောကြောင့် သံသယ၀င်လာသည်။

ယေရှုကိုမကြည့်ဘဲ ပတ်ဝန်းကျင်ကို ကြည့်သောကြောင့်ဖြစ်သည်။

ထို့ကြောင့် ယေရှုကိုစေ့စေ့ကြည့်ပါ။

ထိုလှေပေါ်သိုခရစ်တော်ရောက်လာသောအခါ အရာခပ်သိမ်း ငြိမ်သက်သွားသည်။

မုန်တိုင်းစဲသည်။ ခရစ်တော်ကိုသာ မျှော်ကြည့်ပါ။



Rev. Pau Zel Mang
Full Gospel Assembly, Yangon


လဲသော်လည်း …. မဆုံးရာ



ကျနော်တို့ရဲ့ဘ၀မှာ နောက်ကျသွားပြီ၊ ဖြစ်နိုင်စရာမရှိတော့ဘူးလို့ အကြိမ်ကြိမ် ခံစားခဲ့ဖူးမယ်ထင်ပါတယ်။ အချိန်ကာလဆိုတဲ့ နှိုင်းရ တစ်ခုအတွင်းမှာ ကျင်လည်နေကြတဲ့ ကျနော်တို့တွေအတွက် အချိန်ဟာ တကယ့်ကို အရေးကြီးလှတဲ့အဖြေတွေ၊ ရလဒ်တွေ၊ အောင်မြင်မှုတွေ၊ ရာဇ၀င်သမိုင်းတွေကို ပုံဖော်ထုဆစ်ပေးခဲ့တဲ့ ပန်းပုဆရာတစ်ဆူလို့ ပြောရင် လွန်မယ်မထင်ပါဘူး။ သမ္မာကျမ်းစာကိုကြည့်တဲ့အခါ အချိန်းအချက်ပြုနိုင်မယ့် နေ့ရက်တွေ၊ ကာလတွေ ပေါ်ပေါက် လာဖို့ရည်ရွယ်ချက်နဲ့ ဘုရားသခင်က မိုးကောင်းကင်မျက်နှာကျက်မှာ အလင်းအိမ်ကို ဖန်ဆင်းခဲ့တယ်ဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ကမ္ဘာ ၁း ၁၄
ဒီနေရာမှာ ကျနော်တို့တွေ နားလည်ဖို့ အရေးကြီးတဲ့အချက်တစ်ချက် ရှိပါတယ်။ ဘုရားသခင်ဟာ အချိန်ကာလရဲ့ ဘောင်အတွင်းမှာ ဖြစ်ပေါ်လာတဲ့ဘုရားမဟုတ်သလို အချိန်ကာလ အပိုင်းအခြားတစ်ခုအလွန်မှာ ပျောက်ပျက်သွားတဲ့ ဘုရားလည်းမဟုတ်ဘူးဆိုတာပါပဲ။ ဘုရားသခင်ဟာ အချိန်ကာလရဲ့ အုပ်စိုးမှုအောက်မှာ ဖြစ်ပေါ်လာတဲ့သူမဟုတ်ဘဲ အချိန်ကာလကိုတောင် ဖန်ဆင်းခဲ့တဲ့သူ တစ်နည်းအားဖြင့် အချိန်ကာလကို အုပ်စိုးစေခိုင်းသောသူ ဖြစ်ပါတယ်။ ကျနော်တို့ လူသားကတော့ အချိန်ကာလရဲ့ အကန့်အသတ်အောက်မှာ အတိုင်းအတာတစ်ခုအတွင်း အသက်ရှင်ပြီးတဲ့နောက် အဲဒီ အချိန်ကာလအလွန်မှာ ပျောက်ကွယ်သွားကြသူတွေပဲဖြစ်ပါတယ်။ ကျနော်တို့လို ပုထုဇဉ်လူသားတွေအတွက် အချိန် ဆိုတာ သိပ်ကိုအရေးကြီးတဲ့အရာဖြစ်သလို အနိုင်ကနေ အရှုံးဖြစ်သွားအောင်၊ အလင်းကနေ အမှောင်ဖြစ်သွားအောင်ကို တတ်စွမ်းနိုင်ပေမယ့် ဘုရားသခင်အတွက်တော့ အချိန်ဆိုတဲ့ နှိုင်းရသဘောတရားက အရေးမကြီးပါဘူး။ ကျနော်အခုလို စကားပလ္လင်ခံနေရတာက ဘုရားသခင်ဟာ ဘယ်တော့မှ အချိန်နောက်မကျဘူး ဆိုတာကို ဒီတရားဟောချက်ကို ဖတ်နေတဲ့ မိတ်ဆွေကို နားလည်စေချင်တာကြောင့်ဖြစ်ပါတယ်။
ကျနော်တို့တွေရဲ့ ဘ၀မှာ တစ်ခါတလေကျတော့ လက်ရှိအခြေအနေနဲ့ အချိန်အခါကို ထည့်တွက်စဉ်းစားကြည့်ရင် မဖြစ်နိုင်တော့ဘူး။ အရမ်းကိုနောက်ကျနေပြီဆိုတဲ့ အဖြေမျိုးကို အသိစိတ်က တပ်အပ်သိနေတတ်သလို၊ အတွေ့အကြုံနဲ့ သိထားတတ်ထားတဲ့ပညာတွေအရ ချင့်ချိန်ကြည့်ပြန်တော့လည်း မဖြစ်နိုင်တော့ဘူးဆိုတဲ့ အဖြေက မြေကြီးလက်ခတ် မလွဲအောင်ကို သေချာနေပါတယ်။ အဲလိုအခြေအနေမျိုးမှာ ကျနော်တို့တွေ ဘယ်လိုယုံကြည်ခြင်းမျိုးနဲ့ ဘုရားသခင်ရဲ့ တတ်စွမ်းနိုင်ခြင်းအပေါ်မှာ ရပ်တည်ကြမှာလဲ။ ဘယ်လိုစိတ်ချမှုမျိုးနဲ့ ပကတိအခြေအနေကို ဆန့်ကျင်ပြီး နှုတ်ကပတ်တော် ကို ၀န်ခံကြမှာလဲဆိုတာ သိပ်ကို အရေးကြီးပါတယ်။ အဲဒီလိုအခြေအနေမျိုးကို နဖူးတွေ့၊ ဒူးတွေ့ ကြုံခဲ့ဖူးတဲ့လူတစ်ယောက်ရဲ့ အသက်တာကနေ ကျနော်တို့တွေ သင်ခန်းစာယူကြည့်ကြရအောင်ဗျာ။
ထာဝရဘုရားကလည်း အချင်းလူသား ဤအရိုးတို့သည် အသက်ရှင်နိုင်သလောဟု မေးတော်မူလျှင် ငါက    အိုအရှင် ထာဝရဘုရား ကိုယ်တော်သိတော်မူသည်ဟု လျှောက်လေ၏။ ယေဇကျေလ ၃၇း ၃
ဒီအဖြစ်အပျက်ကိုကြည့်တဲ့အခါ ဘုရားသခင်က ပရောဖက်ယေဇကျေလကို အရိုးတွေနဲ့ပြည့်နှက်နေတဲ့ ချိုင့်ဝှမ်းတစ်ခုဆီကို ခေါ်သွားပြီးတဲ့နောက် အဲဒီအရိုးတွေဟာ အသက်ရှင်နိုင်သလားလို့ မေးပါတယ်။ ဒီမေးခွန်းကို ပရောဖက် ယေဇကျေလပြန်ဖြေပုံကို ကြည့်ပြီး ကျနော်ဆင်ခြင်မိတာ(၂)ချက်ရှိပါတယ်။
၁။ ကိုယ့်မျက်စိရှေ့မှာတွေ့မြင်နေရတဲ့ လက်ရှိအခြေအနေကိုကြည့်ရင် အရိုးတွေက အတော့်ကို ကြာမြင့်နေပြီဖြစ်လို့ ခြောက်နေပြီဖြစ်ပါတယ်။ ၃၇း ၂
အခြေအနေနဲ့ အချိန်အခါအရ အသက်ရှင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့တာ သေချာနေပါပြီဆိုတာ တော်ရုံတန်ရုံနလပိန်းတုံးတောင် နားလည်ပါတယ်။
အဲဒီမေးခွန်းမျိုးကို ကျနော်တို့ကို မေးခဲ့ရင် ကျနော်တို့ဘက်က ပြန်ဖြေနိုင်တဲ့အဖြေ(၂)မျိုးက (၁) မရှင်နိုင်ဘူး (၂) ရှင်နိုင်တယ်ဆိုတဲ့ ကွဲပြားခြားနားတဲ့အဖြေ ထွက်လာနိုင်ပါတယ်။ မရှင်နိုင်ဘူးလို့ ဖြေခဲ့ရင် ကျနော်တို့တွေရဲ့ အဖြေဟာ လက်ရှိအခြေအနေကို ထည့်တွက်စဉ်းစားထားတဲ့ ပါးနပ်နားလည်မှုကနေ ပေါ်ထွက်လာတဲ့အဖြေ ဖြစ်ပါတယ်။ တနည်းအားဖြင့် မိမိရဲ့သိနားလည်ခြင်းအပေါ်မှာ မူတည်တဲ့အဖြေလို့ ပြောရမှာဖြစ်ပါတယ်။
ရှင်နိုင်တယ်လို့ ဖြေခဲ့ရင်လည်း ကျနော်တို့ရဲ့ ယုံကြည်ခြင်းအပေါ်မှာ မူတည်တဲ့အဖြေမျိုးဖြစ်နေနိုင်ပါတယ်။ ယုံကြည်သူတွေမှာရှိနေတတ်တဲ့ ရောဂါတစ်မျိုးက ယုံကြည်ခြင်းရောဂါ ဖြစ်ပါတယ်။ ဘုရားသခင်ရဲ့အလိုတော်က ဘာမှန်းမသိဘဲ ကိုယ့်ဟာကိုယ် စွတ်ယုံနေတတ်တာ၊ ဘုရားမပါဘဲ ကိုယ်လိုချင်ရာကို စိတ်စွဲပြီး ဇွတ်ယုံနေတာကို ဆိုလိုတာပါ။
ပရောဖက်ယေဇကျေလကတော့ အဲဒီလိုအခြေအနေနှစ်မျိုးလုံးနဲ့ မပတ်သက်တဲ့အဖြေကို ပေးသွားပါတယ်။
အိုအရှင်ထာဝရဘုရား၊  ကိုယ်တော်သိတော်မူသည်ဟု လျှောက်လေ၏၊
ပရောဖက်ယေဇကျေလရဲ့အဖြေက လက်ရှိအခြေအနေပေါ်မှာ ရပ်တည်တာမျိုးမဟုတ်သလို သူရဲ့ သိနားလည်ခြင်း အပေါ်မှာ ရပ်တည်တာမျိုးလည်း မဟုတ်ပါဘူး။ ကျနော်တို့ရဲ့အသက်တာမှာ သဘာဝလွန်နိမိတ်လက္ခဏာတွေနဲ့ ပတ်သက်လာရင် ခင်ဗျားသိတာ၊ မသိတာထက် ဘုရားသခင်သိတာကို နားလည်ပြီး ရပ်တည်ဖို့ လိုအပ်ပါတယ်။ ကျနော်တို့ရဲ့အသက်တာမှာ ဘုရားသခင်မပါဘဲ ကိုယ့်ဟာကိုယ်သိ၊ ကိုယ့်ဟာကိုယ်တတ်နေခဲ့ကြတာ ဘယ်နှကြိမ်တောင် ရှိခဲ့ဖူးပြီလဲ။ ပြဿနာအခက်အခဲအပေါ်မှာ ကျနော်တို့ရဲ့ သိခြင်း၊ ယုံကြည်ခြင်းထက် ဘုရားသခင်၌ပုံအပ်ထားတာက ပိုပြီး အဆင်ပြေလွယ်ကူပါတယ်။ ပရောဖက်ယေဇကျေလရဲ့အဖြေက သိပ်ကိုရိုးရှင်းပြီး ပေါ့ပေါ့ပါးပါးရှိတဲ့အဖြေဖြစ်ပါတယ်။ ငါယုံကြည်တယ်၊ ငါယုံကြည်တယ် … လို့ ဖျစ်ညှစ်ပြီး ၀န်ခံနေတာထက်စာရင် ဘုရားသခင်ဆီမှာ ကိုယ်တော်သိပါတယ်လို့ ပုံအပ်လိုက်တာက ပိုပြီး မြန်ဆန်လွယ်ကူတဲ့ ဖြေရှင်းနည်းဖြစ်ပါတယ်။
မှာထားတော်မူသည်အတိုင်း ငါသည် ပရောဖက်ပြု၏။ ပရောဖက်ပြုစဉ်တွင် အသံမြည်၏။ လှုပ်ရှားခြင်းလည်းရှိ၏။ အရိုးတို့သည် တခုအနီးသို့တခု ချဉ်းကပ်ကြ၏။ ၃၇း ၇
အခုလို အခြေအနေမျိုးဖြစ်မလာခင်မှာ အရိုးတွေဟာ ဟိုတစ်ချောင်း ဒီတစ်ချောင်းနဲ့ တစစီပြန့်ကျဲနေတာဖြစ်ပါတယ်။ လက်ဖျံရိုးကတစ်နေရာ၊ ခြေသလုံးကတစ်နေရာ၊ နံရိုးကတစ်နေရာ၊ မေးရိုးကတစ်နေရာ … အဲဒီလိုမြင်ကွင်းကို မြင်ယောင်ကြည့်ရတာ အတော့်ကို ပရမ်းပတာဆန်လွန်းလှပါတယ်။ ဒါပေမယ့် ဘုရားသခင်မိန့်မှာထားတဲ့အတိုင်း ပြုတဲ့အခါ အရိုးတွေဟာ တစ်ချောင်းရှိရာကို တစ်ချောင်း ချဉ်းကပ်လာကြတယ်လို့ ကျမ်းစာကဆိုထားပါတယ်။ ကျနော်တို့ယုံကြည်သူတွေဟာလည်း ကိုယ့်ဟာကိုယ် တစ်ဦးကောင်း၊ တစ်ယောက်ကောင်းရပ်တည်မယ်ဆိုရင် ဘာမှ သုံးစားလို့မရတဲ့ အရိုးတွေပဲ ဖြစ်ပါတယ်။ ကျနော်တို့တွေအားလုံး တစ်ဦးနဲ့တစ်ဦးချိတ်ဆက်ပူးပေါင်းတဲ့အခါမှ ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။ ယုံကြည်သူအသက်တာမှာ မိတ်သဟာယဖွဲ့ခြင်းဆိုတာ သိပ်ကိုအရေးကြီးပါတယ်။ ဘုရားသခင်နဲ့မိတ်သဟာယ၊ ယုံကြည်သူအချင်းချင်းမိတ်သဟာယဆိုတဲ့ အပိုင်းနှစ်ပိုင်းလုံးက အသက်တာအတွက် မရှိမဖြစ် အစိတ်အပိုင်းဖြစ်ပါတယ်။ ကျနော်တို့တွေ ဘုရားသခင်အားဖြင့် မိတ်သဟာယဖွဲ့ကြတဲ့အခါ သူ့ဟာသူတကွဲတပြားရပ်တည်ရင် ဘာမှသုံးစားလို့မရတဲ့ အရိုးတွေဟာ တစ်ချောင်းကိုတစ်ချောင်းချဉ်းကပ်ပြီး အပြန်အလှန် အမှီသဟဲပြုခြင်း၊ ကူညီမစအားပေးခြင်းတို့ ဖြစ်ပေါ်လာ ကြပါတယ်။
ငါကြည့်ရှုစဉ်တွင် အကြောတို့သည်ပေါ်လာ၍ အသားလည်းတက်၏။ အရေလည်းဖုံးလွှမ်း၏။ သို့ရာတွင် အသက်မရှိသေး။ ၃၇း ၈
အထက်ပါကျမ်းပိုဒ်မှာ ကြည့်တဲ့အခါ အရိုးတွေဟာ တစ်ချောင်းနဲ့တစ်ချောင်း ချဉ်းကပ်ပြီး ဆက်စပ်လိုက်တဲ့အခါ အကြောတွေ၊ အသားတွေ တက်လာပြီး ပြည့်ပြည့်ဖြိုးဖြိုး ဖြစ်လာတာကိုတွေ့ရပေမယ့် အသက်မရှင်သေးဘူးလို့ ဆိုထားပါတယ်။ ကျနော်တို့တွေရဲ့ မိတ်သဟာယဖွဲ့ခြင်း၊ အတူတကွလက်တွဲလုပ်ဆောင်ခြင်းတွေဟာလည်း တခါတရံမှာ အဲဒီလိုပဲ အသက်မပါတဲ့စုစည်းခြင်းမျိုး ဖြစ်တတ်ပါတယ်။ ကျနော်တို့ရဲ့ စုဝေးခြင်းတွေမှာ အသက်ပါဖို့ ဘာလိုအပ်ပါသလဲ။ ဆက်လေ့လာကြည့်ကြရအောင်ဗျာ။
မှာထားတော်မူသည့်အတိုင်း ငါသည် ပရောဖက်ပြု၍ လေသည် သူတို့အထဲသို့ဝင်သဖြင့် သူတို့သည် အသက်ရှင်၍ အလွန်များသော ဗိုလ်ခြေဖြစ်လျက် မတ်တပ်နေကြ၏။ ၃၇း ၁၀
ကျမ်းစာမှာ သန့်ရှင်းသောဝိညာဉ်တော်ကို အောက်ပါပုံဆောင်ချက်တွေနဲ့လည်း ဖော်ပြတတ်တာကို သိထားဖို့လိုပါတယ်။
သန့်ရှင်းသောဝိညာဉ်တော်၏ပုံဆောင်ချက်အမျိုးမျိုး

၁။ ချိုးငှက် (Dove)
မာကု ၁း၁၀ ၊ နူးညံ့သိမ်မွေ့ခြင်း၊ သန့်ရှင်းခြင်း၊ ငြိမ်သက်ခြင်းကို ပုံဆောင်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် နူးညံ့သိမ်မွေ့သောကြောင့် လူတို့၏ဆန္ဒမပါဘဲ အဘယ်အမှုကိုမျှမပြု။

၂။ ဆီ (Oil)
ထွက်မြောက် ၂၉း၇၊ ၂၈း၄၁၊ လုကာ ၄း၁၈ ၊ ဆီနှင့်လိမ်းသဖြင့်၊ ဆီကိုယူ၍ သူ၏ခေါင်းပေါ်မှာလောင်းသဖြင့် ဟောပြောခြင်းငှါ ဘိသိက်ခြင်း

၃။ မီး (Fire)
တမန် ၂း၁-၄၊ ဝတ်ပြု ၂း၂၄၊ ၁၀း၂၊ ၃ရာ ၁၈း၃၈-၃၉၊ ထွက် ၃း၂။

၎။ ဝတ်ရုံ (Clothes)
၎ရာ ၂း၈-၁၃၊ တမန် ၁-၈

၅။ အာမခံပစ္စည်း (Pledge, Ransom)
၂ကော ၁း၂၂

၆။ တံဆိပ် (Seal)
၂ကော ၁း၂၂၊ မဿဲ ၂၇း၆၆၊ ဧဖက် ၁း၁-၎

၇။ ရေ (Water)
ယော ၇း၃၇-၃၉၊ ၄း၁၉၊ ယေဇ ၃၆း၂၅-၂၇၊ ဟေရှာ ၁၂း၃၊ ယောလ ၂း၂

၈။ လေ (Wind)
ယော ၃း၈၊ ၁ကော ၁၂း၁၁

ဒီအချက်တွေကိုကြည့်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကို ပုံဆောင်ဖော်ပြတဲ့အခါမှာ လေ ကိုလည်း အသုံးပြုပြီး ကျမ်းစာကဖော်ပြတယ်ဆိုတာ သိရမှာဖြစ်ပါတယ်။ ကျနော်တို့ရဲ့ စုဖွဲ့ခြင်း၊ စုဝေးခြင်းအလယ်မှာ သန့်ရှင်းသောဝိညာဉ်တော်မပါသေးဘူးဆိုရင်တော့ အသက်မရှိသေးဘူးလို့ နားလည်သဘောပေါက်ရမှာဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ၀တ်ပြုကိုးကွယ်ခြင်းတွေ၊ လေဟာပြင်တရားပွဲတွေ၊ ရက်တို/ရက်ရှည်ကျမ်းစာသင်တန်းတွေအားလုံးမှာ သန့်ရှင်းသောဝိညာဉ်တော်မပါဘူးဆိုရင်တော့ ၀ိညာဉ်မပါတဲ့ အသေကောင်တွေ စုဝေးနေခြင်းသာဖြစ်ပါတယ်လို့ ပြောရင် အခန့်မသင့်ရင် အရိုက်တောင်ခံရနိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ သမ္မာတရားရဲ့ဆိုလိုချက်အတိုင်း ပြောတာဖြစ်ပါတယ်။ လေက ၀င်ရောက်နေရာယူလိုက်တဲ့အခါ ခုနက ပရောဖက်ယေဇကျေလမြင်နေရတဲ့ အသေကောင်တွေဟာ အသက်ရှင်တဲ့ များစွာသောဗိုလ်ခြေတွေဖြစ်လာတာကို တွေ့ရပါတယ်။ ကျနော်တို့အသက်တာမှာလည်း ကိုယ့်မျက်စိရှေ့မှာ မြင်တွေ့နေရတဲ့ အသေကောင်တွေ( ကျနော်တို့ကိုယ်တိုင်လည်း ပါပါတယ်)ဟာလည်း သန့်ရှင်းသောဝိညာဉ်တော်နဲ့ ပြည့်ဝလာတဲ့အခါ များစွာသောဗိုလ်ခြေအဖြစ် ထာဝရဘုရားအတွက် တိုက်နိုင်ခိုက်နိုင်၊ လုပ်နိုင်ကိုင်နိုင်တဲ့ အားကောင်းမောင်းသန် ယုံကြည်သူတွေဖြစ်လာပါလိမ့်မယ်။ အချုပ်အားဖြင့် ပြောရရင်တော့ နံပါတ်(၁)အချက်အနေနဲ့
ကျနော်တို့ရဲ့ အသက်တာမှာ ဘယ်တော့မှ နောက်မကျသေးပါဘူး။ အောင်မြင်မှုရဖို့အတွက် အသက်နဲ့ခန္ဓာ မြဲနေသေးသရွေ့ လက်မလျှော့ပါနဲ့။ ကျနော်တို့ကိုးကွယ်တဲ့ဘုရားက ခြောက်သွေ့နေတဲ့ အရိုးတွေကိုတောင် အသက်ရှင်စေနိုင်တဲ့ ဘုရားဖြစ်ပါတယ်။
ယုံကြည်သူအချင်းချင်း မိတ်သဟာယဖွဲ့တဲ့နေရာမှာလည်း သန့်ရှင်းသောဝိညာဉ်တော်ကို နေရာပေးပါ၊ ထုံးလမ်းစဉ်လာအရ စုဝေးတာမျိုးဆိုရင်တော့ အသက်မရှိတဲ့စုဝေးခြင်းသာဖြစ်ပါလိမ့်မယ်။
ယုံကြည်သူတိုင်းရဲ့အသက်တာမှာ ဘုရားသခင်ရဲ့ အနက်ရှိုင်းဆုံးချစ်ခြင်းမေတ္တာ၊ များစွာသောကောင်းကြီးမင်္ဂလာနဲ့ အမြင့်မားဆုံးမျက်နှာသာပေးခြင်းကို ခံစားရရှိနိုင်ကြပါစေလို့ ဆန္ဒမွန်ပြုရင်း ……

ချစ်ခြင်းအားဖြင့်
သမ္မာအလင်း

အလိုတော်နှင့်ညီသော ယုံကြည်ခြင်း



သမ္မာအလင်းရဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ဒီနေ့မှာတော့ ကျနော်တို့ရဲ့ပရိသတ်တွေ ဆင်ခြင်ခွန်အား ယူစရာ နှုတ်ကပတ်တော်တစ်ပုဒ်ကို တင်ပြပေးလိုက်ရပါတယ်။ ပထမဆုံး ဟေဗြဲ ၁၁း ၁ ကိုကြည့်ကြရအောင်ဗျာ။
ယုံကြည်ခြင်းသည် မြော်လင့်သောအရာတို့ကို မျက်မှောက်ပြုခြင်းဖြစ်၏။ မမြင်သေးသောအရာတို့ကို သိမှတ်စွဲလမ်းခြင်း အကြောင်းဖြစ်၏။
ဒီကျမ်းချက်ကိုကြည့်တဲ့အခါ ယုံကြည်ခြင်းဆိုတဲ့အရာက မိမိမျှော်လင့်တဲ့အရာကို အခုလက်ငင်းကို မိမိရှေ့မှောက်မှာ ထင်ထင်ရှားရှား ရှိနေသလိုမျိုး ခံယူခြင်းဖြစ်သလို မမြင်ရသေးတဲ့အရာကို စားလည်းဒီစိတ်၊ သွားလည်းဒီစိတ်နဲ့ အသိတရားထဲမှာ မှတ်မှတ်သားသားနဲ့ စွဲလန်းနေခြင်းမျိုးဖြစ်ပါတယ်။ ဟုတ်ပြီ။ အဲဒီတော့ကာ ဒီကနေ့ ကျနော်တို့တွေရဲ့ ယုံကြည်ခြင်းကို နှုတ်ကပတ်တော်ဆိုတဲ့ ပေတံနဲ့တိုင်းတာကြည့်ရအောင်။ ကျနော်တို့တွေ ဆုတောင်းတဲ့အခါ ကျနော်တို့ရဲ့ ယုံကြည်ခြင်းကို ပုံသေနည်း (Formula) တစ်ခု ထုတ်ကြည့်ရင် ဘယ်လို ပုံသေနည်းမျိုးဖြစ်မယ်လို့ မိတ်ဆွေထင်ပါသလဲ။ အဲဒီပုံသေနည်းနဲ့ ဘုရားသခင်အလိုတော်နဲ့ညီတဲ့ ယုံကြည်ခြင်းရဲ့ ပုံသေနည်း(Formula) ဘာတွေကွာခြားမယ်ဆိုတာ အဖြေရှာကြည့်ရအောင်ဗျာ။

ကျနော်တို့ရဲ့ ယုံကြည်ခြင်း
ဆုတောင်း                          အဖြေရ                              ယုံကြည်ခြင်းဖြစ်ပေါ်လာ

အလိုတော်နှင့်ညီသော ယုံကြည်ခြင်း
          ယုံကြည်ခြင်း                           အဖြေရ                            ဆုတောင်း

လူ့သဘာဝရဲ့ ယုံကြည်ခြင်းက ကိုယ်ဆုတောင်းတဲ့အခါ အဖြေရလာမှ ယုံကြည်ခြင်းဖြစ်ပေါ်လာတာပါ။      ဘုရားသဘာဝရဲ့ ယုံကြည်ခြင်းကတော့ ယုံကြည်ခြင်းအားဖြင့် မိမိလိုအပ်တဲ့အရာကို အဖြေရပြီးသားဆိုတဲ့ ခံယူချက်နဲ့ အားမလျှော့ဘဲ ဆုတောင်းခြင်းဖြစ်ပါတယ်။
          ဒီအကြောင်းအရာကို ဓမ္မရာဇ၀င်တတိယစောင် ၁၈း ၄၁- ၄၆ မှာ တွေ့ရမှာဖြစ်ပါတယ်။ ဒီကျမ်းချက်ကို ကြည့်တဲ့ အခါပုရောဖက် ဧလိယက အာဟပ်မင်းကို များစွာသောမိုး ရွာမည့်အသံရှိပါတယ် လို့ ပြောပြီး အစာကိုသုံးဆောင်ဖို့ အမြန်တက်သွားခိုင်းပါတယ်။ သေသေချာချာစဉ်းစားကြည့်နော်။ ခေတ်မီနည်းစနစ်တွေနဲ့ တိုင်းတာတွက်ချက်တဲ့ မိုးလေ၀သ ခန့်မှန်းချက်တွေမှာတောင်မှ ဒီလောက် တိကျပြတ်သားတဲ့ ခန့်မှန်းချက်မျိုးမဟုတ်ဘဲ ရွာရန်ရာနှုန်း ဘယ်လောက်ရှိပါတယ် လို့ပဲ ကျနော်တို့ ကြုံဖူးပါတယ်။ ယုံကြည်ခြင်းဆိုတာ အနှောင့်လွတ်၊ အသွားလွတ် အခြေအနေမျိုးမဟုတ်ပါဘူး။ အာဟပ်မင်းကြီးခင်ဗျာ … ကျနော်မျိုးတော့ မိုးရွာနိုင်ခြေရှိတဲ့ အသံကို ကြားမိသလိုလိုပဲ …. ဆိုတဲ့ မတင်မကျ စကားမျိုးကို ပုရောဖက်ဧလိယရဲ့ နှုတ်က လုံးဝမပြောခဲ့ပါဘူး။ များစွာသောမိုး ရွာမည့်အသံရှိသည်လို့ ပစ္စုပ္ပန်ကို တည့်တည့်ရည်ရွယ်ပြီး ပိုင်စိုးပိုင်နင်း ပြောတာဖြစ်ပါတယ်။
သင်ခန်းစာ(၁) ယုံကြည်ခြင်းဆိုတာ တောင်စဉ်ရေမရ စကားတွေပြောနေခြင်းမျိုးမဟုတ်ပါဘူး။ ထိထိမိမိနဲ့ လက်ရှိအခြေအနေကို ဆန့်ကျင်ဘက်ပြုပြီး ပြောဆိုခံယူခြင်း ဖြစ်ပါတယ်။

ကျနော်တို့နားလည်ရမယ့်အချက်တစ်ချက်က ယုံကြည်ခြင်းကို ထုတ်ဖော်ဝန်ခံတဲ့နေရာမှာ မိမိအနားမှာရှိနေတဲ့ လူပုဂ္ဂိုလ်ရဲ့ အရှိန်အ၀ါကြောင့် တွန့်ဆုတ်သွားခြင်းမျိုးမရှိဖို့ အရေးကြီးပါတယ်။ ပုရောဖက်ဧလိယအခုလိုစကားမျိုးကို ပြောလိုက်တာပါချည်ပါချဲ့တစ်ယောက်ကို ပြောတာမဟုတ်ဘူး။
စေတလုံးပိုင်ရှင်ဖြစ်တဲ့ ဘုရင်ကိုပြောတာနော်။ အာဟပ်မင်းကို ဒီစကားပြောတဲ့ အချိန်မှာ ဧလိယဟာ များစွာသောမိုးရဲ့အသံကို သူ့နားနဲ့ဆတ်ဆတ်ကြားနေရလို့ ကြားရတဲ့အတိုင်း ပြောတာ ဖြစ်ပါတယ်။
သင်ခန်းစာ(၂) ကိုယ့်ဘေးမှာရှိနေတဲ့ ဆင် လောက်ကြီးတဲ့သူတွေကြောင့် ခင်ဗျားရဲ့ ယုံကြည်ခြင်းကို ၀န်ခံရာမှာ ခြင်  လောက်ဖြစ်မသွားပါစေနဲ့။ 

အဲဒီလို အာဟပ်မင်းကိုပြောပြီးတဲ့နောက်မှ ဧလိယဟာကရမေလတောင်ပေါ်တက်ပြီး မြေမှာ ပြားပြားဝပ်ပြီး မျက်နှာကို ဒူးကြားမှာ ထားပြီး ဆုတောင်းပါတော့တယ်။ ဒီနေရာမှာ ကျနော်တို့တွေ သတိပြုရမယ့် အချက်တစ်ချက် ရှိပါတယ်။ အဲဒါကတော့ ဧလိယဟာ အခုလိုဆုတောင်းခင်ကတည်းက သူ့ရဲ့ယုံကြည်ခြင်းအားဖြင့် စိတ်နှလုံးထဲမှာ မိုးရွာမည့်အဖြေကို ရပြီးသားဖြစ်သလို မိုးရွာမည့်အသံကိုလည်း နားနဲ့ဆတ်ဆတ်ကြားပြီးသား ဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။ တကယ်တော့ ဘုရားသခင်ရဲ့ အလိုတော်နှင့်ညီသော ယုံကြည်ခြင်းဟာ မတောင်းလျှောက်မီကတည်းက ရပြီးပြီ ဆိုတဲ့ စိတ်ချမှုမျိုးနဲ့ ပြည့်စုံနေခြင်းဖြစ်ပါတယ်။ ယုံကြည်ခြင်းကို နှုတ်ကနေဖွင့်ပြောလိုက်ခြင်းဟာ လူတွေရှေ့မှာ ၀န်ခံခြင်းဖြစ်ပြီး ယုံကြည်ခြင်းပါလျက် ဆုတောင်းခြင်းဟာ ဘုရားသခင်ကို ၀န်ခံခြင်းဖြစ်ပါတယ်။ တချို့သော ယုံကြည်သူတွေက ယုံကြည်ခြင်းအားဖြင့် ယေရှုနာမ၌သိမ်းပိုက်တယ်ဆိုပြီး တွေ့လေရာကို လက်ညှိုးထိုးပြီး အရူးချီးပန်း လျှောက်ပြောနေကြ တာကို ကျနော်တွေ့ဖူးမြင်ဖူးပါတယ်။ တချို့ကျတော့လည်း ဒူးအမာရွတ်တက်အောင် ဆုတောင်းပြီး တောင်းတာက ကိုယ့်အပိုင်း ပေးတာမပေးတာ ဘုရားအပိုင်းလို့ ခံယူထားတဲ့သူတွေလည်း တွေ့ဖူးပါတယ်။ အဲဒီလိုလူတွေဟာ တကယ်တော့ မျက်နှာစာတစ်ဘက်ပဲပါတဲ ဒင်္ဂါးပြားတွေလိုပါပဲ။ ဟုတ်မလိုလိုနဲ့ အလုပ်မဖြစ်တဲ့ ယုံကြည်ခြင်းမျိုးဖြစ်ပါတယ်။
သင်ခန်းစာ(၃) ယုံကြည်ခြင်းရှိသောသူသည် မိမိ၏ယုံကြည်ခြင်းကို ဆုတောင်းခြင်းအားဖြင့် ဘုရားသခင်ရှေ့၌ ၀န်ခံသမှုပြုသည်။ 

ပရောဖက်ဧလိယဟာ အဲဒီလိုဆုတောင်းနေရင်းက သူ့ရဲ့ကျွန်ကို ပင်လယ်ဘက်ကို ကြည့်ခိုင်းတဲ့အခါမှာ ဘာမှမရှိဘူးဆိုတဲ့ အဖြေကြောင့် ခုနှစ်ကြိမ်တိုင်အောင် ပြန်ကြည့်ခိုင်းပါတယ်။ ယုံကြည်ခြင်းရှိတယ်ဆိုတာ အနှုတ်လက္ခဏာ၊ အဖျက်သဘော တွေနဲ့ ကင်းဝေးစွာ အသက်ရှင်ရတဲ့အခြေအနေမျိုးမဟုတ်ပါဘူး။ အဲဒီလို အနှုတ်လက္ခဏာတွေ၊ အဖျက်သဘောစကားတွေ ကြားမှာ မိမိယုံကြည်ထားတဲ့အတိုင်း မဆုတ်မနစ် မြဲမြံခြင်းစွာ အသက်ရှင်ခြင်းဖြစ်ပါတယ်။ ဧလိယဟာ ဘာမှမတွေ့ဘူး ဆိုတဲ့ သူ့ကျွန်ရဲ့(၆)ကြိမ်တိုင်တိုင် စကားကြောင့် စိတ်မလျှော့၊ အားမပျက်ပါဘူး။ အဲဒါကြောင့်လည်း ယုံကြည်ခြင်းဆိုတာ သိမှတ်စွဲလမ်းခြင်း ဖြစ်တယ်လို့ ကျမ်းစာကပြောခြင်း ဖြစ်ပါတယ်။ ကျနော်တို့တွေရော ဘယ်နှကြိမ်တိုင်အောင် ကိုယ့်ရဲ့ ယုံကြည်ခြင်းကို အထိပါးခံနိုင်မှာလဲ။ အနှုတ်လက္ခဏာစကားတွေကြားမှာ ဘယ်လောက်များ ခိုင်ခံ့နိုင်မှာလဲ။ ကျနော်တို့ ယုံကြည်ရာအပေါ်မှာ မလျှော့သောဇွဲလုံ့လနဲ့ အသက်ရှင်ကြဖို့ လိုအပ်ပါတယ်။ ယုံကြည်ခြင်းဆိုတာ နေရာတိုင်းမှာ ဥုံဖွ ဆိုပြီး ဖြစ်ပေါ်လာတဲ့အခြေအနေမျိုးမဟုတ်ပါဘူး။
သင်ခန်းစာ(၄) ယုံကြည်ခြင်းဆိုတာ အားသာရာဘက်ကို ရေလိုက်ငါးလိုက်လုပ်ခြင်းမျိုးမဟုတ်ဘဲ ဇွဲနဘဲနဲ့ အတွန်းအတိုက် ခံပြီး ကိုယ်ယုံကြည်ရာအပေါ်မှာ အဖြေမရမချင်း မြဲမြံစွာရပ်တည်တဲ့ သတ္တိဖြစ်ပါတယ်။ 

ဧလိယရဲ့ကျွန်ဟာ ပင်လယ်ကို ခုနှစ်ကြိမ်မြောက်ကြည့်တဲ့အခါမှတော့ လူလက်နဲ့တူတဲ့ မိုးတိမ်ငယ်တစ်ခုဟာ ပင်လယ်ထဲက တက်လာတာကို တွေ့တယ်လို့ သတင်းပို့လာပါတော့တယ်။ မိုးတိမ်တိုက်ကြီး၊ တိမ်စိုင်ကြီးမဟုတ်ဘူးနော်။ လူလက်နဲ့တူတဲ့ မိုတိမ်ငယ်တဲ့ …. ။ အဲဒီစကားကိုကြားတဲ့အခါ ပရောဖက်ဧလိယဟာ အာဟပ်မင်းဆီသွားပြီး မိုးရွာတဲ့အခါ ခရီးလမ်းမှာ ခက်ခဲမှာမို့ အမြန်ဆုံးပြန်ပါတော့လို့ လျှောက်ပါတယ်။ မိုးတိမ်ငယ်လို့ သိထားတဲ့ ဧလိယဟာ အာဟပ်မင်းကို မိုးဖွဲဖွဲရွာမယ်၊ မိုးရွာတော့မယ်လို့ တထစ်လျှော့ပြီး စကားကို ဖော့မပြောပါဘူး။ ခရီးလမ်းမှာ အနှောက်အယှက်ဖြစ်လောက်အောင်ကို မိုးရွာမယ်လို့ ပြောပါတယ်။
သင်ခန်းစာ(၅) ယုံကြည်ခြင်းဆိုတာ အခုတစ်မျိုး၊ တော်ကြာတစ်မျိုးမဟုတ်ပါဘူး။ မိမိယုံကြည်ရာကို အစကနေ အဆုံး စွဲကိုင်အသက်ရှင်ခြင်းဖြစ်ပါတယ်။ 

ခရီးအသွားအလာပျက်လောက်အောင် ရွာမည့်မိုးက လူလက်နဲ့တူတဲ့ မိုးတိမ်ငယ်ဆီကနေ ဖြစ်လာမယ်လို့ ဧလိယက ယုံကြည်ထားပါတယ်။ ကျနော်တို့ရဲ့ အသက်တာမှာရော ခင်ဗျားရဲ့မိုးတိမ်ငယ်က ဘာလဲ။ စီးပွားရေးလား၊ ကျန်းမာရေးလား၊ အရင်းအနှီးလား၊ ပညာရေးလား။ အဲဒီမိုးတိမ်ငယ်လေးကနေပဲ ဘုရားသခင်ရဲ့ နိမိတ်လက္ခဏာမိုးက ကြီးကြီးကျယ်ကျယ် ရွာသွန်းပါလိမ့်မယ်။
သင်ခန်းစာ(၆) ယုံကြည်ခြင်းဆိုတာ အခြေအနေနဲ့ အပေးအယူလုပ်ပြီး အလျှော့အတင်းမရှိပါဘူး။ အသေးငယ်ဆုံးသော အခြေအနေကနေ အကြီးမားဆုံးသောအဖြေကို ထုတ်ယူဖို့ဖြစ်ပါတယ်။ 

အာဟပ်မင်းလည်း ရထားကိုစီးပြီးထွက်သွားတဲ့နောက်မှာတော့ မိုးသက်မုန်တိုင်းကျပြီး မိုးကသည်းသည်းမည်းမည်းကို ရွာပါတော့တယ်။ တကယ်တော့ မိုးက အခုမှရွာတာဆိုပေမယ့် ပရောဖက်ဧလိယရဲ့ ယုံကြည်ခြင်းက အစောကြီးကတည်းက သူ့နားထဲမှာ အခုလို မိုးကြီးလေကြီးသံကို ကြားပြီးသားဖြစ်သလို သူ့နှလုံးသားကလည်း ခံယူပြီးသားဖြစ်ပါတယ်။
          ကျနော်တို့တွေရဲ့အသက်တာမှာလည်း ဘယ်အရာတွေအတွက် အဖြေရချင်နေကြပါသလဲ။ ယုံကြည်ခြင်းအားဖြင့် အခုအဖြေရပြီဆိုတဲ့ ခံယူချက်မျိုးနဲ့ ဘုရားရှေ့၊ လူ့ရှေ့မှာ ၀န်ခံလိုက်စမ်းပါ။ မိတ်ဆွေဘ၀မှာ လိုချင်တောင့်တသမျှအရာတိုင်း အကောင်အထည်ပေါ်လာပါလိမ့်မယ်လို့ အားပေးရင်း ဒီနှုတ်ကပတ်တော်ကို နိဂုံးချုပ်အပ်ပါတယ်။ ဘုရားသခင်ကောင်းကြီးပေးပါစေ။

ချစ်ခြင်းအားဖြင့်
သမ္မာအလင်း

         

ဘုရားသခင် အသိအမှတ်ပြုသော ကိုးကွယ်ခြင်း


ကိုးကွယ်ခြင်းဆိုသည်မှာ အလွန်နက်နဲသောအရာဖြစ်ပါသည်။ ကျွန်တော်ရေးသားခဲ့သော တရားဟောချက် ဆောင်းပါးများတွင် အလျဉ်းသင့်သလို ဖော်ပြရေးသားခဲ့ပြီး ဖြစ်ပါသည်။ ယခု ဤဆောင်းပါးတရားဟောချက် ဆောင်းပါးကိုလည်း အသွင်တမျိုးဖြင့် တင်ပြရေးသားထားပါသည်။
ဘုရားသခင်သည် နံဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည် နံဝိညာဉ်ဖြင့်လည်း ကောင်း၊ သစ္စာဖြင့်လည်းကောင်း ကိုးကွယ်ရမည်။ (ယောဟန် ၄း၂၄)

အထက်ပါ ကျမ်းတော်မြတ်အရ ကိုးကွယ်သောသူအပေါင်းတို့သည် ဘုရားသခင်ကို ကိုးကွယ်ရာတွင် နံဝိညာဉ်နှင့်ကိုးကွယ်ရမည်။ သစ္စာလည်း ပါဝင်ရမည် ဖြစ်သည်။ ဘုရားသခင်ကို ကိုးကွယ်ရတွင် နံဝိညာဉ်ရော၊ သစ္စာရော နှစ်မျိုးစလုံးလိုအပ်ပါသည်။ သို့သော် ယနေ့ယုံကြည်သူများ ကိုးကွယ်ခြင်းအမှုပြုရာတွင် မိမိတို့ နားလည်သလိုသာ သစ္စာရှိရှိဖြင့် ကိုးကွယ်နေကြသည်ကို တွေ့မြင်နေရသည်။ ထိုသို့သော ယုံကြည်သူများ၏ အသက်တာကို လေ့လာကြည့်ပါက တနင်္ဂနွေနေ့မို့ ဘုရားကျောင်းတတ်သည်။ ခရစ်ယာန်ဖြစ်လို့ ဆယ်ဘို့ တစ်ဘို့ ထည့်သည်။ ယုံကြည်သူဖြစ်လို့ မိတ်သဟာရ အစီအစဉ်များတွင် ပါဝင်သည် . . . အစရှိသဖြင့် လုပ်ဆောင်နေကြ လုပ်ငန်းစဉ်တရပ်အနေဖြင့် သစ္စာရှိရှိလုပ်ဆောင် 
 ပြုမူနေကြသည်ကို  မြင်တွေ့နေရပါသည်။ သူတို့နားလည်သော သစ္စာတရားကိုသာ ဦးစားပေးဆောင်ရွက်နေကြသည်ကို မြင်တွေ့နေရပါသည်။ ထိုသူတို့၏ အသက်တာတွင် နံဝိညာဉ်ဖြင့် ကိုးကွယ်နေမှုကို ရှာဖွေ၍ မတွေ့နိုင်ချေ။ နံဝိညာဉ်ဘုရားဆိုသည်ကိုလည်း နားမလည်၊
ဝိညာဉ်ဖြင့် မည်သို့ကိုးကွယ်ရမည်ဆိုသည်ကိုလည်း စိတ်မဝင်စားကြချေ။
သမ္မာကျမ်းစာထဲတွင် မိမိတို့ကို ဘုရားသခင်သခင်ပေးသည့် အသက်ဝိညာဉ်ကို ရရှိကာ ဘုရားသခင် ဖွင့်ပြသည့် ဝိညာဉ်အလင်းရသည့်အတိုင်း ကိုးကွယ်၍ သစ္စာတရားကိုလည်း ဖတ်တွယ်ကာ ကိုးကွယ်အသက် ရှင်သောသူအချို့ကို ဖော်ထုတ် လေ့လာခွန်အားယူလိုပါသည်။

ယုံကြည်ခြင်း ပါသော ကိုးကွယ်ခြင်း

ပထမဦးစွာ ကမ္ဘာဦးကျမ်း အခန်းကြီး (၄)တွင် ကာဣန နှင့် အာဗေလ ဆိုသည် ညီအကို နှစ်ဦးအကြောင်းကို ဖော်ပြလိုပါသည်။ ထိုညီအကို နှစ်ဦးစလုံးသည် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းအမှုကို အတူတကွ ပြုကြသော်လည်း သမ္မာကျမ်းစာကမူ ညီအာဗေလ၏ ကိုးကွယ်ခြင်းကိုသာ ဘုရားသခင်က လက္ခံခဲ့ကြောင်း အတည်ပြုဖော်ပြထားပါသည်။ အဘယ်ကြောင့် ကာဣန ၏ ဝတ်ပြုကိုးကွယ်ခြင်းကို ဘုရားသခင်က လစ်လျှူရှုခဲ့ပါသနည်း။
ထိုအကြောင်းအရာကို ဟေဗြဲကျမ်းတွင် ပြန်လည်ဖော်ပြရာတွင် အာဗေလသည် ယုံကြည်ခြင်းအားဖြင့် ယဇ်ပူဇော်ခဲ့ကြောင်း ဖော်ပြထားပါသည်။ ဘုရားသခင်ရှေ့တော်မှောက်သို့ တိုးဝင်ချဉ်းကပ်ရာတွင် ယုံကြည်ခြင်း သည် အလွန်အရေးကြီးပါသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ လူတစ်ဦး၏နှလုံးသားထဲ အသက် ဝိညာဉ်ထဲက ပေါ်ထွက်လာခြင်းသာ ဖြစ်သည်။ 

အကြင်အရပ်၌ လူနှစ်ဦး သုံးဦးတို့သည် ငါ၏နာမကို ထောက်၍ စည်းဝေးကြ၏။ 
ထိုအရပ်၌ သူတို့အလယ် မှာ ငါရှိသည်ဟု မိန်တော်မူ၏။ (ရှင်မဿဲ ၁၈း၂၀)

ထိုကျမ်းစာအရ လူနှစ်ယောက် သုံးယောက်တို့သည် ခရစ်တော်၏နာမ၌ စုဝေးသည်ဆိုပါက ဤနေရာတွင် ကိုယ်တော်အတူတည်ရှိနေကြောင်း သင်ယုံကြည်နိုင်ပါသလား။ အကယ်၍ သင်သည် အမှန်တကယ် ယုံကြည် နိုင်သည်ဆိုပါက ဘုရားသခင်ရှေ့သို့လာရောက်သောသူတို့သည်။ အပြောအဆိုဝတ်စားဆင်ယင်ပုံကို ဂရုစိုက်ရမည်ဖြစ်သည်။ ယုံကြည်သူများ၏ ဇာတိသဘောတို့ကို ယူဆောင်လာမည်မဟုတ်ပေ။ ဘုရားကျောင်းသို့လာခြင်းဖြင့် သစ္စာဝတ်ကို ပြုကြသော်လည်း
မိမိတို့၏ အပြုအမူတို့သည် ဇာတိသဘောတို့ကို သယ်ဆောင်လာသောကြောင့် ၀ိညာဉ်ဖြင့် ကိုးကွယ်နေသည်ဟုမဆိုနိုင်ပေ။ ဟေဗြဲကျမ်းကိုရေးသားခဲ့သောသူက မမြင်ရသော အရာကို ယုံကြည်ခြင်းဖြင့် ကျင့်ဆောင်သည်ဟု ဖော်ပြခဲ့ပါသည်။ ဆိုလိုသည်မှာ ကိုယ်တိုင်မမြင်တွေ့သော်လည်း မိမိ၏ စိတ်ဝိညာဉ် အလင်းက ဖော်ပြသည့်အတိုင်း ယုံကြည်သောစိတ်ဖြင့် ပြုမူဆောင်ရွက်သည်ဟု ဆိုလိုပါသည်။ ရောမသြဝါဒစာထဲတွင် အာဗြဟံကိုယ်တိုင်က မိမိယုံကြည်သည့်အတိုင်း ပြုမူသည်ဟု ဖေါ်ပြပါသည်။ ကျွန်တော်တို့သည် ယုံကြည်သည့်အတိုင်း ပြုမူမည်ဟု ဆုံးဖြတ်ထားပါက ကျမ်းစာက ဖော်ပြသည့် အတိုင်း
ယုံကြည်သည်ဆိုပါက အဘယ်ကြောင့် ယုံကြည်သူများသည် ဘုရားကျောင်းတွင်ဝတ်ပြုကိုးကွယ်ရာတွင် မိမိတို့ ဆန္ဒအလိုအတိုင်း ပြုမူနေကြပါသနည်း။ ထိုသို့ ပြုမူကိုးကွယ်သူများကို ကာဣန ကိုးကွယ် သကဲ့သို့ ပြုမူဆောင်ရွက်နေသောသူများဟု ဆိုနိုင်ပါသည်။ ထိုသူတို့တွင် ယုံကြည်ခြင်း မပါရှိချေ။

သစ္စာတရားကို ဖက်တွယ်ပြီး ကိုးကွယ်မှုပြုခြင်း

တဖန် ဒံယေလ အနာဂတ္တိကျမ်းတွင် ဖော်ပြထားသော အဖြစ်အပျက်ကို ပြန်လည်လေ့လာကြည့်ပါက ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါဆိုသော လူငယ်သုံးဦး၏ အသက်တာကို မြင်တွေ့နိုင်ပါသည်။
ထိုသူတို့၏ ဝတ်ပြုကိုးကွယ်ခြင်းကို ပြန်လည်လေ့လာကြည့်ပါက ယုံကြည်ခြင်းပါဝင်၍ သစ္စာတရားကိုလည်း ဖက်တွယ်ထားကြောင်း မြင်တွေ့နိုင်ပါသည်။ ဒံယေလ ၃း၁၇-၁၈ တွင် ထိုလူငယ် သုံးယောက်က ရဲရင်ပြတ်သားစွာဖြင့် ဘုရင်က ရှိခိုးဝတ်ပြုခိုင်းသော ရုပ်တုကြီးကို ဦးမချ ဝတ်မပြုနိုင်ကြောင်း ဘုရင်ကို ပြောဆိုခဲ့သည်။ ဘုရားသခင်က ကယ်နှုတ်မည်ဟု ယုံကြည်ခြင်းအပြည့်ဖြင့်
ပြန်လည်ပြောဆိုခဲ့သည်။ အကယ်၍ မကယ်နှုတ်ခဲ့လျှင်လည်း အသက်ရှင်သော ဘုရားသခင်မှလွဲ၍ မည်သည့်အရာကိုမျှ ဝတ်ပြုကိုးကွယ်ခြင်း မပြုနိုင်ကြောင်း ပြောဆိုကာ ငြင်းပယ်ခဲ့လေသည်။
ထိုသူတို့၏ ဝတ်ပြုကိုးကွယ်မှုကို ကြည့်ပါက နှလုံးသား၏ အနက်ရှိုင်းဆုံး နေရာထက် ပိုနက်ရှိုင်းသော ဝိညာဉ်ထဲက ယုံကြည်ခြင်းဖြင့် ဘုရားကို ကိုးကွယ်ခဲ့သည်အပြင် သစ္စာတရားကိုလည်း
ဦးထိပ်ပန်ဆင်ကာ ဘုရားသခင်၏ ရှေ့တော်မှောက်တွင် အသက်ရှင်ရပ်တည်ခဲ့လေသည်။
ယုံကြည်သူတို့သည် ဆုတောင်းချက်များကို တောင်းခံရာတွင် မိမိဆုတောင်းသည့်အတိုင်း အဖြေတစ်စုံတစ်ရာ မရခဲ့လျှင် စိတ်ပျက်လက်လျှော့သွားလေ့ရှိသည်။ ခရစ်ယာန်တစ်ဦး ဖြစ်သောကြောင့် အသက်ရှင်သော ဘုရားကို သိကျွမ်းသူ ဖြစ်သဖြင့် ဆုတောင်းရမည်ဟူသော အချက်ကို သစ္စာရှိရှိဖြင့် လုပ်ဆောင်ခဲ့သော်လည်း ဆုတောင်းချက် အဖြေမရရှိပါက စိတ်ပျက်အားငယ်ကာ ယုံကြည်ခြင်း ပျက်ပြားသွားတတ်ကြပါသည်။ ဆုတောင်းချက် အဖြေမရလျှင် မိမိအသက်တာကို ပြန်လည် ဆန်းစစ်ရမည့်အစား “ဆုတောင်းလျှင်လည်း အလကားပါဘဲ” ဟူသော အသံမျိုးသာ ထွက်ပေါ်လာတော့သည်။ ဘုရားသခင်က ပေးနိုင်သည်၊ အရာခပ်သိမ်းကို တတ်စွမ်းနိုင်သည်၊ အလုံးစုံတို့ကို မစနိုင်သည် ဟူသော ယုံကြည်ချက်ဖြင့် ဘုရားသခင် ထံတိုးဝင်ချဉ်းကပ်ကာ ဘုရားသခင်က မပေးခဲ့လျှင်လည်း မည်သို့မျှ ယုံကြည်ခြင်း ပျက်ပြားသွားမည် မဟုတ်ဟူသော စိတ်ပိုင်းဖြတ်မှုဖြင့် ယုံကြည်ဆုတောင်းသင့်ပါသည်။ သူတို့သည် ဝိညာဉ်ထဲက ကိုးကွယ် ဆုတောင်းနေသူများဟု ဆိုနိုင်ပါမည်လား။ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ အသက်တာနှင့် မိမိအသက် တာကို နိုင်ယှဉ်ကြည့်ကာ မိမိ၏ အသက်တာထဲက ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်နေသည့် ပုံစံကို ပြန်လည် ပြင်ဆင်သင့်ပါသည်။

အချို့သော ခရစ်ယာန် ယုံကြည်သူဆိုသည့် သူများသည် မိမိတို့ကို ကယ်တင်ခြင်းငှါ မစွမ်းနိုင်သော ဗေဒင်ဆရာ၊ နတ်ဆရာများကို အားကိုးခိုလှုံကာ အထက်၊ အောက်၊ စသည့် ယုတ်ညံ့သောနည်းလမ်းတို့ကို အားကိုးမျှော်လင့်နေသောသူများတို့သည် မိမိကိုယ်မိမိ အသက်ရှင်သော ဘုရားကို ယုံကြည်သူများဟု ကြွေးကြော်ထားကြသော်လည်း ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ကိုးကွယ်နေသူများဟု မဆိုနိုင်ပါချေ။

ဘုရားနှင့်အတူ သွားနေရင်း ကိုးကွယ်မှုပျက်ယွင်းသွားသူ

တဖန်ထပ်မံ၍ ဓမ္မရာဇဝင် အခန်းကြီး (၅)တွင် ဖော်ပြထားသော ဗိုလ်ချုပ်ကြီးနေမန်၏ အသက်တာကို တဖန် ဖော်ပြလိုပါသည်။ ထိုသူသည် ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သော်လည်း နူနာစွဲကပ်နေသောအခါ ဣသရေလတိုင်း နိုင်ငံမှ ဧလိရှဲထံ သွားရောက်ကုသခံခဲ့သည်။ ယော်ဒန်မြစ်တွင် ခုနှစ်ကြိမ် နှစ်လိုက်သောအခါ နူနာပျောက်ကင်း သွားလေသည်။ ထိုအခါ အသက်ရှင်သော ဘုရားကို ဝိညာဉ်ထဲက သိကျွမ်းလာခဲ့သည်။ သို့သော်လည်း သူ၏ အနေအထားမှာ မင်းမှုထမ်းဖြစ်သောကြောင့် ရှင်ဘုရင်၏ အလိုကို ဦးစားပေးရသဖြင့် သစ္စာဖြင့် ဝတ်ပြုကိုးကွယ်နိုင်ရန် မဖြစ်နိုင်ကြောင်း ဧလိရှဲထံတွင် ဖွင့်ဟ ဝန်ခံခဲ့ပါသည်။ (၄ရာ ၅း၁၇-၁၈)တွင် ကျွန်တော်သည် မည်သည့်အခါမျှ အခြားဘုရားကို ယဇ်ပူဇော်မှုမပြုတော့ပါ။ သို့သော် သူအမှုထမ်း ခစားနေသော ရှင်ဘုရင်မှာ အခြားကို ကိုးကွယ်သောသူဖြစ်သောကြောင့် ဘုရင်နှင့် ရိမ္မာန် ဘုရားကျောင်းသို့ သွားသောအခါ ကိုယ်ဦးညွှတ်ရမည်ဖြစ်ကြောင်း ကြိုတင်ဝန်ခံထားပါသည်။
အထိုအခြေအနေကို ဧလိရှဲ သဘောပေါက်နားလည်သလို ဘုရားသခင်ကလည်း ထိုသူတို့အတွက် ထူးခြားသော အပြစ်တင်ပြောဆိုမှု မလုပ်ခဲ့ပါ။

ဤနေရာတွင် ပြောလိုသည့် ပုဂ္ဂိုလ်တစ်ဦးရှိပါသည်။ ထိုသူမှာ ဧလိရှဲ၏ တပည့်တစ်ဦးဖြစ်သူ
ဂေဟာဇိ ဆိုသူအကြောင်းဖြစ်သည်။ သူသည် နှုတ်ကပတ်တော်များကို ဧလိရှဲထံမှ သိကျွမ်းပြီးသူ တစ်ဦးဖြစ်သဖြင့် အသက်တာတွင် မည်သို့ ဝတ်ပြုကိုးကွယ်ရမည်ကို သိရှိနားလည်ပြီးသူတစ်ဦး ဖြစ်သည်။ သို့သော် နှုတ်ကပတ်တော် နားလည်ပြီးသူဖြစ်သော်လည်း ဘုရားသခင်၏ ငြင်းပယ်ခြင်း ခံလိုက်ရသည်။ အကြောင်းမှာ နေမာန်သည် နူနာပျောက်ကင်းသွားသောအခါ တန်းဘိုးရှိသော ရုပ်ဝတ္ထုပစ္စည်းများကို ပေးလှူသော်လည်း ဧလိရှဲမှာ ငြင်းပယ်ကာ မခံယူခဲ့ချေ။ ထိုအခါ တပည့်ဖြစ်သူ ဂေဟာဇိက အားမလိုအားမရဖြစ်ကာ သူ့၏ ဆရာဧလိရှဲ မသိမီ နေမန်ထံမှ ထိုပစ္စည်းများကို တောင်းခံကာ ယူလိုက်သည်။ ဧလိရှဲသိသောအခါ ဧလိရှဲက ကျိန်လိုက်သဖြင့် နေမန်၏ နူနာမှာ ဂေဟာဇိထံ ကျရောက်သွားလေတော့သည်။

ဘုရားသခင်ထံသည် ရုပ်ဝတ္ထုပစ္စည်းများကို ပေးနိုင်သူဖြစ်ကြောင်း သိရှိသော်လည်း ယုံကြည်မှုအားနည်းသည်ဟုပြောရမည်ထင်ပါသည်။ နေမန်ထံမှ လိမ်ညာတောင်းခံခဲ့သဖြင့် သစ္စာလည်း ပျက်ခဲ့ပါသည်။ ဘုရားသခင်၏ အမှုတော်ထဲတွင် တစ်သက်လုံး ပါဝင်အသက်ရှင်နေသော်လည်း ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာဖြင့်လည်း ကောင်း ကိုးကွယ်နေသူတော့ မဟုတ်ပါချေ။
ထို့ကြောင့် ဘုရားသခင်၏ အမှုတော်ထဲမှာ ပါဝင်နေရင် ကျိန်စာ သင့်သွားခဲ့ပါသည်။ သင့်အသက်တာကိုလည်း ပြန်လည် ဆန်းစစ်ပါ။ မိမိကိုယ်ကို ဘုရားသခင်နှင့် အမြဲတမ်း သွားလာအသက်ရှင်နေသူ တစ်ဦးအဖြစ် မိမိကိုယ်ကို သတ်မှတ်ထားပါက အမှန်တကယ် ဝိညာဉ်ဖြင့်၎င်း၊ သစ္စာဖြင့်၎င်း ကိုးကွယ်နေသူဖြစ်ပါသလား။
အကယ်၍ မိမိ၏အသက်တာသည် ဘုရားသခင် နှစ်သက်သော ကိုးကွယ်မှုမျိုးမရှိသေးပါက မိမိအသက်တာာကို ပြန်လည် ဆင်ခြင်ကာ ပြင်ဆင်မှုပြုနိုင်ရန် ဝေငှလိုက်ပါသည်။

Rev ဦးမင်းလွင်






သန့်ရှင်းသောဝိညာဉ်တော်



ဓမ္မဟောင်းကာလ၌ သန့်ရှင်းသောဝိညာဉ်တော်သည် လူတစ်ဦးတစ်ယောက်ပေါ်သို့
ခေတ္တခဏသာ ဆင်းသက်၍ လူတစ်ဦးတစ်ယောက်၏အသက်တာကို အသုံးပြုသည်။
ယခုကာလသည် နောက်ဆုံးသောကာလ (သို့) ကျေးဇူးတော်ကာလ (သို့) အသင်းတော်ကာလသို့ ရောက်လာသောအခါ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်တော်တို့ယုံကြည်သူများ၏
အသက်တာထဲ၌ စရံအဖြစ် ကယ်တင်ခြင်းရရှိသည့်နေ့မှစ၍ လက်ခံရရှိခဲ့ ကြသည်။
ယေရှုသည် ရေနှစ်ခြင်းမင်္ဂလာကို ခံယူချိန်မှစ၍ သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝရသည်။
(မာကု ၁း၉၊ မဿဲ ၃း၁၁-၁၇၊ လုကာ ၃း၂၁-၂၂၊ ယော ၁း၂၉-၃၄)
ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝမှသာ အမှုတော်ဆောင်ခြင်းကို စတင်လာသည်။
သို့သော် တပည့်တော်များကတော့ မရိပ်မိဘဲနေကြသည်။ ယေရှုသည် နမိတ်လက္ခဏာများစွာပြသော်လည်း အရင်းအမြစ်ကို တပည့်တော်များသဘောမပေါက်ခဲ့ပါ။ ထို့ကြောင့်ကျမ်းစာကို နားလည်စေခြင်းငှါ တပည့်တော်တို့ ၏ဥာဏ်ကို ဖွင့်တော်မူလျှင်.. လုကာ ၂၄း၄၅
သူတို့လုပ်ရမည့်အလုပ်ဟောရမည့်တရားများကို ပြောပြခဲ့သည်။ သို့သော်ခမည်းတော်၏ ကတိတော်ရှိသည့် အတိုင်း သင်တို့၌ ငါပြုဦးမည်။ သို့ဖြစ်၍ သင်တို့သည် ကောင်းကင်က တန်ခိုးကို မခံမီတိုင်အောင် ယေရုစလင်မြို့၌ နေကြဦးလော့ဟု မိန့်တော်မူ၏။ လုကာ ၂၄း၄၉၊ တမန် ၁း၎
ယေရှုက သူ၏တပည့်တော်များကို ကောင်းကင်ကတန်ခိုးကို စောင့်ဆိုင်းစေသည်။

သန့်ရှင်းသောဝိညာဉ်တော်နှင့်ပတ်သက်သည့် ကတိတော်တချို့

၁။ ယောလ ၂း၂၈-၂၉ - လူမျိုးတကာအပေါ်သို့ (ငါ၏အမှုကိုဆောင်ရွက်သောယောကျာင်္း၊ မိန်းမတို့အပေါ်သို့)
၂။ ဟေရှာယ ၂၈း၁၁ - စကားမပီသောနှုတ်၊ ရိုင်းသောလျှာ (ဝိညာဉ်တော်နှစ်ခြင်းနှင့်ပတ်သက်၍)
၃။ မဿဲ ၃း၁၁ - ငါ့နောက်မှကြွလာသောသူသည် သန့်ရှင်းသောဝိညာဉ်တော်၌၎င်း၊ မီး၌၎င်းဗတ္တိဇံပေးမည်
၎။ မာကု ၁း၈၊ မဿဲ ၃း၁၆၊ လုကာ ၃း၂ - ယေရှုကိုယ်တော်တိုင် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝ၏။

သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်လာခြင်း

၁။ တမန် ၁း၎-၈ - သင်တို့အပေါ်သို့သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုခံရ၍

ကတိတော်ပြည့်စုံခြင်း

၁။ တမန် ၂း၁-၄ - သန့်ရှင်းသောဝိညာဉ်တော်ကို အထက်အရပ်မှသွန်းလောင်းခြင်း
၂။ တမန် ၈း၁၅-၁၇ -ရေနှစ်ခြင်းခံပြီး သန့်ရှင်းသောဝိညာဉ်တော်ကို ခံရကြ၏။ (း၁၆ - တစ်ယောက်အပေါ်မျှ ဝိညာဉ်တော်မသက်ရောက်သေး၊း၁၇ - လက်တင်သောအခါ.. တမန် ၁၉း၆ )
၃။ တမန် ၁၀း၄၄-၄၇ - တရားတော်နာသောသူအပေါင်းတို့အပေါ်၌ သန့်ရှင်းသောဝိညာဉ်တော်သက်ရောက် (း၄၆ - ထိုသူတို့သည် အမျိုးမျိုးသောဘာသာစကားအားဖြင့်ပြော၍ ချီးမွမ်းကြ၏။ ) ယေရှုခရစ်တော်သည် သင့်အား သန့်ရှင်းသောဝိညာဉ်တော်ထဲ၌ နှစ်ခြင်းပေးရန် စောင့်နေပါသည်။
သန့်ရှင်းသောဝိညာဉ်တော်ကို ဟေဗြဲဘာသာစကားအားဖြင့် RUACH (မူရင်း)
သန့်ရှင်းသောဝိညာဉ်တော်ကို ဂရိဘာသာစကားအားဖြင့် PNEUMA (မူရင်း)
တိုက်ခတ်သောလေကို Ruah ဟုခေါ်ဆို၏။ ဝိညာဉ်တော်ဖြစ်သည့်အတိုင်း သဘာဝထက် လွန်ကဲသည်။
သန့်ရှင်းသောဝိညာဉ်တော်သည် ခံစားချက်တန်ခိုးသက်သက်မဟုတ်၊ သန့်ရှင်းသောဝိညာဉ်တော် တွင်လည်း ဂုဏ်အင်္ဂါရှိပါသည်။ ယော ၃း၈ - လေတွင်လွတ်လပ်ခြင်းရှိသကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်တွင် လွတ်လပ်ခြင်း ရှိသည်။ သို့သော်လည်း ဦးတည်ချက်ရှိသည်။ ဘုရားသခင်၏တန်ခိုးတော်လည်းဖြစ်သည်။
၎။ ယော ၅း၇၊ ၂ကော ၃း၁၇၊ ယော ၄း၂၄ - ဘုရားသခင်သည် ဝိညာဉ်ဖြစ်၍ သူ၏တရားတော်သည် လွတ်ခြင်းချမ်းသာကိုပေးတတ်၏။ ဘုရားသခင်သည် နံဝိညာဉ်ဖြစ်၍ ဝိညာဉ်နှင့်ကိုးကွယ်ရမည်။
၅။ ဆာလံ၁၃၉း ၇-၈ - သန့်ရှင်းသောဝိညာဉ်တော်သည် နေရာတိုင်းတွင်ရှိသည်။ (ပုဂ္ဂိုလ် Person ဖြစ်သည်။)
၆။ ရောမ ၈း၂၇ - စဉ်းစားတွေးတောတတ်၏။ စိတ်နှလုံးကို စစ်သောသဘောရှိသည်။
၇။ ၁ကော ၁၂း၁၁၊ ယော ၁၆း၁၃၊ ၁၆း၇၊ တမန် ၁၃း၂ - သန့်ရှင်းသောဝိညာဉ်တော်သည် ဆန္ဒရှိ၍ အလိုရှိသည့်အတိုင်း လုပ်ဆောင်တတ်သည်။
၈။ ဗျာဒိတ် ၃း၆၊ ၃း၁၃၊ ၂၂၊ ၂း၇၊ ၁၁၊ ၁၇၊ ၂၉ - သန့်ရှင်းသောဝိညာဉ်တော်၌ အသံတော်ရှိ၏။ ဝိညာဉ်တော်၏အသံကို ကြားနိုင်သည်။ စကားပြောတတ်၏။ နားရှိသောသူမည်သည်ကား ကြားပါစေ။
၉။ ရောမ ၁၅း၃၀-၃၁၊ ဧဖက် ၄း၃၀ - Emotion ခံစားချက်ရှိသည်။ ချစ်ခြင်းမေတ္တာကရုဏာချစ်ခြင်းရှိသော ဝိညာဉ်တော်ဖြစ်သည်။ စိတ်နာတတ်၏။
၁၀။ မဿဲ ၁၂း၃၁-၃၂၊ ဟေရှာ ၆၃း၁၀ - ပုန်ကန်၍ သန့်ရှင်းသောဝိညာဉ်တော်ကိုစိတ်နာစေကြ၏။ သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားသောသူသည် ယခုဘဝ၊ နောင်ဘဝအပြစ်လွှတ်ခြင်းမရှိ။

သန့်ရှင်းသောဝိညာဉ်တော်၏ပုံဆောင်ချက်အမျိုးမျိုး

၁။ ချိုးငှက် (Dove) - မာကု ၁း၁၀ ၊ နူးညံ့သိမ်မွေ့ခြင်း၊ သန့်ရှင်းခြင်း၊ ငြိမ်သက်ခြင်းကို ပုံဆောင်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် နူးညံ့သိမ်မွေ့သောကြောင့် လူတို့၏ဆန္ဒမပါဘဲ အဘယ်အမှုကိုမျှမပြု။
၂။ ဆီ (Oil) - ထွက်မြောက် ၂၉း၇၊ ၂၈း၄၁၊ လုကာ ၄း၁၈ ၊ ဆီနှင့်လိမ်းသဖြင့်၊ ဆီကိုယူ၍ သူ၏ခေါင်းပေါ်မှာလောင်းသဖြင့်၊ ဟောပြောခြင်းငှါ ဘိသိက်ခြင်း
၃။ မီး (Fire) - တမန် ၂း၁-၄၊ ဝတ်ပြု ၂း၂၄၊ ၁၀း၂၊ ၃ရာ ၁၈း၃၈-၃၉၊ ထွက် ၃း၂၊
၎။ ဝတ်ရုံ (Clothes) - ၄ရာ ၂း၈-၁၃၊ တမန် ၁-၈
၅။ အာမခံပစ္စည်း (Pledge, Ransom) - ၂ကော ၁း၂၂
၆။ တံဆိပ် (Seal) - ၂ကော ၁း၂၂၊ မဿဲ ၂၇း၆၆၊ ဧဖက် ၁း၁-၎
၇။ ရေ (Water) - ယော ၇း၃၇-၃၉၊ ၄း၁၉၊ ယေဇ ၃၆း၂၅-၂၇၊ ဟေရှာ ၁၂း၃၊ ယောလ ၂း၂၈
၈။ လေ (Wind) - ယော ၃း၈၊ ၁ကော ၁၂း၁၁

သန့်ရှင်းသောဝိညာဉ်တော်၏ဆုကျေးဇူးအချို့ (၁ကော ၁၂း၇-၁၁)

၁။ တန်ခိုးတော်ဆု -
၁) တန်ခိုးကိုပြနိုင်သောနမိလက္ခဏာဆု၊ ၂) ယုံကြည်ခြင်းဆု၊ ၃) အနာရောဂါငြိမ်းခြင်းဆု
၂။ ဗျာဒိတ်တော်ဆု -
၁) ပညာ၊ ၂) ထိုးထွင်းခြင်း၊ ၃) စိတ်ဝိညာဉ်ပိုင်းခြားခြင်း၊
၃။ မှုတ်သွင်းခြင်းဆု -
၁) ပရောဖက်ပြုခြင်းဆိုင်ရာဆုကျေးဇူး၊ မြင်ခြင်း၊ ကြားခြင်း၊ ၂) အမျိုးမျိုးသောဘာသာစကား ပြောခြင်း၊
၃) အမျိုးမျိုးသောဘာသာစကား၏အနက်ပြန်ခြင်း
ဆုကျေးဇူး (၃) မျိုးစလုံးသည် သဘာဝထက်လွန် ဆုကျေးဇူးများဖြစ်၍ ခရစ်တော်အပေါ်အုတ်မြစ်ချကာ ညီညွတ်ခြင်း၊ ချစ်ခြင်းမေတ္တာတိုင်ဖြင့်ဆက်လက်၍ ထပ်ဆင့်တည်ဆောက်သည်။
၁ကော ၁၂ - ဆုကျေးဇူးအကြောင်းဖော်ပြ၍ ယေရှုခရစ်တော်၏ခန္ဓာ၌ရှိသောအင်္ဂါ၊
၁ကော ၁၃ - ချစ်ခြင်းမေတ္တာနှင့်ဆုကျေးဇူးမေတ္တာအရင်းခံ၍အသုံးပြုရန်
၁ကော ၁၄ - ဆုကျေးဇူးများစွာရှိသော်လည်း ဘုရားတစ်ပါးတည်းရှိကြောင်း
ရောမ ၅း၅ - သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းပေးသော ဘုရားသခင်၏မေတ္တာသည် Agape ချစ်ခြင်းမေတ္တာဖြစ်ပြီး အတုမဲ့(တုနှိုင်းမဲ့) မေတ္တာဖြစ်သည်။

ပရောဖက်ပြုခြင်းဆိုင်ရာဆု (Prophecy )

ပရောဖက်ပြုခြင်းကို ဟေဗြဲဘာသာဖြင့် NABA ၊ ဂရိဘာသာဖြင့် Prophecy ဟုခေါ်သည်။
၁ကော ၁၂-၁၄ ဤစကားလုံး ၂၂ ကြိမ်ရှိသည်။ ပရောဖက်ပြုခြင်းသည် သာမန်ဘာသာစကားအားဖြင့် သဘာဝထက်လွန်ကဲသောအရာများကို ဖော်ပြသည်။
၁) ပရောဖက်ပြုခြင်းဆုသည် လိုအပ်သောနေရာ၊ လိုအပ်သောအချိန်၌ လိုအပ်သလိုအသုံးပြုရန်ဖြစ်သည်။ အချိန်တိုင်းပြုလုပ်စရာမလိုပါ။
၂) ပရောဖက်ပြုခြင်းဆိုင်ရာဆုကျေးဇူးနှင့်အမှုတော်ဆောင်ခြင်းသည် အသက်တာ၌ ပရောဖက်ပြုခြင်းနှင့် သာ အမှုတော်ဆောင်ရခြင်း။

စစ်မှန်သောပရောဖက်ပြုခြင်း (၁ကော ၁၄း၃)

၁) တည်ဆောက်ခြင်း
၂) တိုက်တွန်းသွေးဆောင်ခြင်း
၃) လူများကိုသက်သာစေခြင်း
တန်ခိုးနှင့်ဆိုင်သောဆုကျေးဇူး
၁) နိမိတ်လက္ခဏာပြနိုင်ခြင်း
၂) ယုံကြည်ခြင်းတန်ခိုး
၃) အနာရောဂါငြိမ်းခြင်းဆုကျေးဇူး
၎) ဗျာဒိတ်ရူပါရုံဆုကျေးဇူး
၅) ထိုးထွင်းခြင်းဆုကျေးဇူး
၆) ကြိုတင်မြင်နိုင်သောဆု
၇) အတွင်းထဲ၌ စီးထွက်သောပရောဖက်ဆု
၁ကော ၁၃း၉ - မစုံမလင်သောအရာ၊ မစုံမလင်စွာပရောဖက်ပြုတတ်သေးသည်။
၁သက် ၅း၁၉-၂၀ - ပရောဖက်ပြုခြင်းကို မထီမဲ့မြင်မပြုရ။ မှန်၊ မမှန်ပရောဖက်ပြုခြင်းခံသောသူသာ စစ်ဆေးနိုင်သည်။ လေးစားရမည်။
ယောန ၃း၎-၁၀ - နိနဝေမြို့ဖျက်ဆီးမည့်အကြောင်း ပရောဖက်ပြုပြီး၊ ဘုရားသခင်သည် ပရောဖက်ပြုချက် ပြည့်ဝစွာ အကျိုးရှိစေကာ နိနဝေမြို့ကို မဖျက်ဆီးဘဲနေ၏။ ဘုရားအကြံကိုပြောင်းလဲစေသည်။
၁ကော ၁၄း၁ - ပရောဖက်ပြုခြင်းဆုကို အလွန်အလိုရှိပါ။
၁ကော ၁၄း၃၁ - လူတိုင်းပရောဖက်ပြုနိုင်၊ တစ်ယောက်ကိုတစ်ယောက်ပရောဖက်ပြုနိုင်၊ အတွင်းထဲက မှုတ်သွင်းခြင်းခံရသောဆုဖြစ်သည်။

ဗျာဒိတ်တော်ဆုကျေးဇူး

၁) အိပ်မက်ရူပါရုံကို စကားလုံးအားဖြင့်ဖော်ပြသည်။ ဥာဏ်ပညာ (ဘုရားသခင်ထံမှလာသောပညာ)
၁ကော ၂း၆-၈ - ဘုရားသခင်၏ဝှက်ထားသောစကားသည် မဖြစ်သေးသောအရာကို ဖော်ပြ၍ ဘုရားသခင်ထံမှ လာသောပညာဖြစ်သည်။
ကမ္ဘာ ၄၁း၆ - ယောသပ်က ဖာရောဘုရင်၏အိပ်မက်ကို ပြန်ပေးသောပညာဥာဏ်သည် ဘုရားသခင်ထံမှဖြစ်သည်။
၂) ထိုးထွင်းခြင်းဥာဏ်ပညာ (အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကို ဖော်ပြသည်)
၎ရာ ၆း၁၁-၁၂ - ဧလိရှဲသိသောဥာဏ်ပညာသည် ထိုးထွင်းခြင်း
ယော ၄း၁၆ - ယေရှုခရစ်တော်က ရှာမာရိမိန်းမကိုသိသောဥာဏ်သည် ထိုးထွင်းခြင်း
ကောလောသဲ ၂း၃ - ဘုရားသခင်ထဲ၌ နက်နဲသောပညာဘဏ္ဍာကိုဝှက်ထားရှိ
၁ကော ၁၂း၁၀ - စိတ်ဝိညာဉ်ကိုပိုင်းခြားခြင်း (ဘုရားသခင်ထံမှလော၊ စာတန်ထံမှလော )
ယော ၁း၄၇ - နာသနေလထဲရှိသောအရာကို ယေရှုခရစ်တော်မြင်ခြင်း
ယော ၂း၂၅ - လူ၏အထဲ၌ရှိသမျှကို ပိုင်းခြားသိခြင်း
တမန် ၁၆း၁၆-၁၈ - နတ်ဆိုးစွဲသောသူအားစိတ်ဝိညာဉ်ပိုင်းခြားသိ၍ နတ်ဆိုးနှင်ထုတ်၊ ဝိညာဉ်ပိုင်းခြားသောဆု ဖြစ်သည်။

ယုံကြည်ခြင်းဆု

ကောင်းကင်မှလာသော ဘုရားသခင်၏ သဘာဝထက်လွန်ကဲ၍ လိုအပ်သောအချိန်၌ သက်ရောက်လာ၏။

သန့်ရှင်းသောဝိညာဉ်တော်၌ပါသော အရည်အချင်းအချို့

၁) ဟေရှာယ ၁၁း၂ - ထာဝရဘုရား၏ဝိညာဉ်တော်တည်းဟူသော
(က) ဥာဏ်ပညာကိုပေးသောဝိညာဉ်
(ခ) ကြံစည်တတ်စွမ်းနိုင်သောသတ္တိကိုပေးသောဝိညာဉ်
(ဂ) ထာဝရဘုရားကိုသိ၍ ကြောက်ရွံ့ခြင်းကိုပေးသောဝိညာဉ်

၂) ယော ၁၄း၁၆-၁၈ -
(က) သမ္မာတရားကိုဖော်ပြသောဝိညာဉ်
(ခ) အစဉ်မပြတ်အတူရှိနေသောဝိညာဉ်

၃) ယော ၁၆း၇-၈ -
(က) ဒုစရိုက်အပြစ်ကိုဖော်ပြမည်
(ခ) အပြစ်ကင်းခြင်းကိုဖော်ပြမည်
(ဂ) အပြစ်စီရင်ခြင်းကို ဖော်ပြမည်။

၎) ယော ၁၄း၂၆ -
(က) ခပ်သိမ်းသောအရာတို့ကို ပြသသွန်သင်မည်
(ခ) ငါပြောသမျှကို မှတ်မိနိုင်သောဥာဏ်ကို ပေးမည်။

၅) ယော ၁၆း၉-၁၀ - (က) ငါ့ကိုမယုံကြည်သောကြောင့် ဒုစရိုက်အပြစ်ကိုဖော်ပြ။
(း၁၀) ဤလောကို အစိုးရသောမင်းသည် အပြစ်စီရင်ခြင်းကိုခံရသောကြောင့် အပြစ်စီရင်ခြင်းကိုဖော်ပြမည်။
(း၁၃)
၁။ သမ္မာတရားနှင့် ပြည့်စုံသောဝိညာဉ်တော်၊
၂။ သမ္မာတရားကိုသင်တို့အား အကြွင်းမဲ့သွန်သင် ပြသလိမ့်မည်။
၃။ ထိုဝိညာဉ်တော်သည် ကိုယ့်အလိုအလျှောက်ဟောပြောသည်မဟုတ်၊ ကြားသမျှဟောပြောလိမ့်မည်။
(း၁၄)
၁။ ထိုသူသည် ငါ၏ဘုန်းကို ထင်ရှားစေလိမ့်မည်။
၂။ ငါနှင့်စပ်ဆိုင်သောအရာကို သင်တို့အားဖော်ပြလိမ့်မည်။

၆) ရောမ ၈း၁၆ - ဘုရားသခင်၏သားဖြစ်ကြောင်း ဝိညာဉ်တော်က သက်သေခံသည်။
၇) ဧဖက် ၃း၁၆ - သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ငါတို့၏အတွင်းလူကို ခွန်အားဖြင့်ပြည့်စေတယ်။
၈) ဧဖက် ၁း၁၄ - ချီဆောင်ခြင်းမခံမီ သန့်ရှင်းသောဝိညာဉ်တော်သည် ငါတို့၏စားရန်ဖြစ်သည်။
၉) ဧဖက် ၁း၁၃ - ကယ်တင်ခြင်းလက်ခံချိန်၌ သန့်ရှင်းသောဝိညာဉ်တော်က တံဆိပ်ခတ်သည်။
၁၀) ဒံယေလ ၄း၉ - သန့်ရှင်းသောဝိညာဉ်တော်က နက်နဲသောအရာရှိသမျှကို ဖွင့်ပြမည်။

သန့်ရှင်းသောဝိညာဉ်တော်၏အသီး

ဂလာတိ ၅း၂၂ - ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်း။
သန့်ရှင်းသောဝိညာဉ်တော်လုပ်ဆောင်ပေးသောအရာအချို့ (ကူညီသော)
၁။ ယုဒ ၁း၂ - သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဌနာပြုခြင်း
၂။ ၁ပေ ၁း၁၂ - သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဟောပြောသောအရာကို ကောင်းကင်တမန်တို့သည် စေ့စေ့ ကြည့်ရှုစဉ်းစားလိုသောစေတနာစိတ်ရှိကြ၏။
၃။ ၁တိ ၁း၁၄ - သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ပေးသောအရာကို စောင့်ရှောက်ပေးခြင်း
၎။ ၂ကော ၃း၈ - သန့်ရှင်းသောဝိညာဉ်တော်သည် ဘုန်းအာနုဘော်တော်နှင့် ပြည့်စုံရလိမ့်မည်။
၅။ ၂ကော ၃း၆ - သန့်ရှင်းသောဝိညာဉ်တော်မူကား ရှင်စေတတ်၏။
၆။ ၁ကော ၂း၁၁ - သန့်ရှင်းသောဝိညာဉ်တော်သည် လူ၏နက်နဲသောအရာ၊ ဘုရားသခင်၏နက်နဲသောအရာကို သိသည်။
၇။ ရောမ ၁၅း၁၃ - သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့် မျှော်လင့်ခြင်းပါရမီနှင့်ကြွယ်ဝစေတယ်။ ယုံကြည်သောစိတ်ရှိ၍ ဝမ်းမြောက်သက်သာခြင်းအမျိုးမျိုးတို့နှင့် ပြည့်စုံမည်အကြောင်း
၈။ တမန် ၉း၁၁ - ပေါလုရှိသည့်နေရာ၊ အခြေအနေကိုသိတယ်။
၉။ ဇာခရိ ၄း၆ - အောင်မြင်ခြင်းပေးတယ်။
၁၀။ တမန် ၂း၁၇-၁၈ - ပရောဖက်ဥာဏ်အားဖြင့် ဟောပြောခွင့်ပေးတယ်။
၁၁။ ရောမ ၈း၂၆-၂၇ - ဘုရားသခင်၏အလိုတော်နှင့်အညီ ဆုတောင်းပေးတယ်။
၁၂။ ရောမ ၈း၁၄ - ဘုရားသားသမီးများကို ဆုံးမပဲ့ပြင်တယ်။

ဆရာမဒေါ်ခင်သန်းမြင့်







Share

Twitter Delicious Facebook Digg Stumbleupon Favorites