လဲသော်လည်း …. မဆုံးရာ



ကျနော်တို့ရဲ့ဘ၀မှာ နောက်ကျသွားပြီ၊ ဖြစ်နိုင်စရာမရှိတော့ဘူးလို့ အကြိမ်ကြိမ် ခံစားခဲ့ဖူးမယ်ထင်ပါတယ်။ အချိန်ကာလဆိုတဲ့ နှိုင်းရ တစ်ခုအတွင်းမှာ ကျင်လည်နေကြတဲ့ ကျနော်တို့တွေအတွက် အချိန်ဟာ တကယ့်ကို အရေးကြီးလှတဲ့အဖြေတွေ၊ ရလဒ်တွေ၊ အောင်မြင်မှုတွေ၊ ရာဇ၀င်သမိုင်းတွေကို ပုံဖော်ထုဆစ်ပေးခဲ့တဲ့ ပန်းပုဆရာတစ်ဆူလို့ ပြောရင် လွန်မယ်မထင်ပါဘူး။ သမ္မာကျမ်းစာကိုကြည့်တဲ့အခါ အချိန်းအချက်ပြုနိုင်မယ့် နေ့ရက်တွေ၊ ကာလတွေ ပေါ်ပေါက် လာဖို့ရည်ရွယ်ချက်နဲ့ ဘုရားသခင်က မိုးကောင်းကင်မျက်နှာကျက်မှာ အလင်းအိမ်ကို ဖန်ဆင်းခဲ့တယ်ဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ကမ္ဘာ ၁း ၁၄
ဒီနေရာမှာ ကျနော်တို့တွေ နားလည်ဖို့ အရေးကြီးတဲ့အချက်တစ်ချက် ရှိပါတယ်။ ဘုရားသခင်ဟာ အချိန်ကာလရဲ့ ဘောင်အတွင်းမှာ ဖြစ်ပေါ်လာတဲ့ဘုရားမဟုတ်သလို အချိန်ကာလ အပိုင်းအခြားတစ်ခုအလွန်မှာ ပျောက်ပျက်သွားတဲ့ ဘုရားလည်းမဟုတ်ဘူးဆိုတာပါပဲ။ ဘုရားသခင်ဟာ အချိန်ကာလရဲ့ အုပ်စိုးမှုအောက်မှာ ဖြစ်ပေါ်လာတဲ့သူမဟုတ်ဘဲ အချိန်ကာလကိုတောင် ဖန်ဆင်းခဲ့တဲ့သူ တစ်နည်းအားဖြင့် အချိန်ကာလကို အုပ်စိုးစေခိုင်းသောသူ ဖြစ်ပါတယ်။ ကျနော်တို့ လူသားကတော့ အချိန်ကာလရဲ့ အကန့်အသတ်အောက်မှာ အတိုင်းအတာတစ်ခုအတွင်း အသက်ရှင်ပြီးတဲ့နောက် အဲဒီ အချိန်ကာလအလွန်မှာ ပျောက်ကွယ်သွားကြသူတွေပဲဖြစ်ပါတယ်။ ကျနော်တို့လို ပုထုဇဉ်လူသားတွေအတွက် အချိန် ဆိုတာ သိပ်ကိုအရေးကြီးတဲ့အရာဖြစ်သလို အနိုင်ကနေ အရှုံးဖြစ်သွားအောင်၊ အလင်းကနေ အမှောင်ဖြစ်သွားအောင်ကို တတ်စွမ်းနိုင်ပေမယ့် ဘုရားသခင်အတွက်တော့ အချိန်ဆိုတဲ့ နှိုင်းရသဘောတရားက အရေးမကြီးပါဘူး။ ကျနော်အခုလို စကားပလ္လင်ခံနေရတာက ဘုရားသခင်ဟာ ဘယ်တော့မှ အချိန်နောက်မကျဘူး ဆိုတာကို ဒီတရားဟောချက်ကို ဖတ်နေတဲ့ မိတ်ဆွေကို နားလည်စေချင်တာကြောင့်ဖြစ်ပါတယ်။
ကျနော်တို့တွေရဲ့ ဘ၀မှာ တစ်ခါတလေကျတော့ လက်ရှိအခြေအနေနဲ့ အချိန်အခါကို ထည့်တွက်စဉ်းစားကြည့်ရင် မဖြစ်နိုင်တော့ဘူး။ အရမ်းကိုနောက်ကျနေပြီဆိုတဲ့ အဖြေမျိုးကို အသိစိတ်က တပ်အပ်သိနေတတ်သလို၊ အတွေ့အကြုံနဲ့ သိထားတတ်ထားတဲ့ပညာတွေအရ ချင့်ချိန်ကြည့်ပြန်တော့လည်း မဖြစ်နိုင်တော့ဘူးဆိုတဲ့ အဖြေက မြေကြီးလက်ခတ် မလွဲအောင်ကို သေချာနေပါတယ်။ အဲလိုအခြေအနေမျိုးမှာ ကျနော်တို့တွေ ဘယ်လိုယုံကြည်ခြင်းမျိုးနဲ့ ဘုရားသခင်ရဲ့ တတ်စွမ်းနိုင်ခြင်းအပေါ်မှာ ရပ်တည်ကြမှာလဲ။ ဘယ်လိုစိတ်ချမှုမျိုးနဲ့ ပကတိအခြေအနေကို ဆန့်ကျင်ပြီး နှုတ်ကပတ်တော် ကို ၀န်ခံကြမှာလဲဆိုတာ သိပ်ကို အရေးကြီးပါတယ်။ အဲဒီလိုအခြေအနေမျိုးကို နဖူးတွေ့၊ ဒူးတွေ့ ကြုံခဲ့ဖူးတဲ့လူတစ်ယောက်ရဲ့ အသက်တာကနေ ကျနော်တို့တွေ သင်ခန်းစာယူကြည့်ကြရအောင်ဗျာ။
ထာဝရဘုရားကလည်း အချင်းလူသား ဤအရိုးတို့သည် အသက်ရှင်နိုင်သလောဟု မေးတော်မူလျှင် ငါက    အိုအရှင် ထာဝရဘုရား ကိုယ်တော်သိတော်မူသည်ဟု လျှောက်လေ၏။ ယေဇကျေလ ၃၇း ၃
ဒီအဖြစ်အပျက်ကိုကြည့်တဲ့အခါ ဘုရားသခင်က ပရောဖက်ယေဇကျေလကို အရိုးတွေနဲ့ပြည့်နှက်နေတဲ့ ချိုင့်ဝှမ်းတစ်ခုဆီကို ခေါ်သွားပြီးတဲ့နောက် အဲဒီအရိုးတွေဟာ အသက်ရှင်နိုင်သလားလို့ မေးပါတယ်။ ဒီမေးခွန်းကို ပရောဖက် ယေဇကျေလပြန်ဖြေပုံကို ကြည့်ပြီး ကျနော်ဆင်ခြင်မိတာ(၂)ချက်ရှိပါတယ်။
၁။ ကိုယ့်မျက်စိရှေ့မှာတွေ့မြင်နေရတဲ့ လက်ရှိအခြေအနေကိုကြည့်ရင် အရိုးတွေက အတော့်ကို ကြာမြင့်နေပြီဖြစ်လို့ ခြောက်နေပြီဖြစ်ပါတယ်။ ၃၇း ၂
အခြေအနေနဲ့ အချိန်အခါအရ အသက်ရှင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့တာ သေချာနေပါပြီဆိုတာ တော်ရုံတန်ရုံနလပိန်းတုံးတောင် နားလည်ပါတယ်။
အဲဒီမေးခွန်းမျိုးကို ကျနော်တို့ကို မေးခဲ့ရင် ကျနော်တို့ဘက်က ပြန်ဖြေနိုင်တဲ့အဖြေ(၂)မျိုးက (၁) မရှင်နိုင်ဘူး (၂) ရှင်နိုင်တယ်ဆိုတဲ့ ကွဲပြားခြားနားတဲ့အဖြေ ထွက်လာနိုင်ပါတယ်။ မရှင်နိုင်ဘူးလို့ ဖြေခဲ့ရင် ကျနော်တို့တွေရဲ့ အဖြေဟာ လက်ရှိအခြေအနေကို ထည့်တွက်စဉ်းစားထားတဲ့ ပါးနပ်နားလည်မှုကနေ ပေါ်ထွက်လာတဲ့အဖြေ ဖြစ်ပါတယ်။ တနည်းအားဖြင့် မိမိရဲ့သိနားလည်ခြင်းအပေါ်မှာ မူတည်တဲ့အဖြေလို့ ပြောရမှာဖြစ်ပါတယ်။
ရှင်နိုင်တယ်လို့ ဖြေခဲ့ရင်လည်း ကျနော်တို့ရဲ့ ယုံကြည်ခြင်းအပေါ်မှာ မူတည်တဲ့အဖြေမျိုးဖြစ်နေနိုင်ပါတယ်။ ယုံကြည်သူတွေမှာရှိနေတတ်တဲ့ ရောဂါတစ်မျိုးက ယုံကြည်ခြင်းရောဂါ ဖြစ်ပါတယ်။ ဘုရားသခင်ရဲ့အလိုတော်က ဘာမှန်းမသိဘဲ ကိုယ့်ဟာကိုယ် စွတ်ယုံနေတတ်တာ၊ ဘုရားမပါဘဲ ကိုယ်လိုချင်ရာကို စိတ်စွဲပြီး ဇွတ်ယုံနေတာကို ဆိုလိုတာပါ။
ပရောဖက်ယေဇကျေလကတော့ အဲဒီလိုအခြေအနေနှစ်မျိုးလုံးနဲ့ မပတ်သက်တဲ့အဖြေကို ပေးသွားပါတယ်။
အိုအရှင်ထာဝရဘုရား၊  ကိုယ်တော်သိတော်မူသည်ဟု လျှောက်လေ၏၊
ပရောဖက်ယေဇကျေလရဲ့အဖြေက လက်ရှိအခြေအနေပေါ်မှာ ရပ်တည်တာမျိုးမဟုတ်သလို သူရဲ့ သိနားလည်ခြင်း အပေါ်မှာ ရပ်တည်တာမျိုးလည်း မဟုတ်ပါဘူး။ ကျနော်တို့ရဲ့အသက်တာမှာ သဘာဝလွန်နိမိတ်လက္ခဏာတွေနဲ့ ပတ်သက်လာရင် ခင်ဗျားသိတာ၊ မသိတာထက် ဘုရားသခင်သိတာကို နားလည်ပြီး ရပ်တည်ဖို့ လိုအပ်ပါတယ်။ ကျနော်တို့ရဲ့အသက်တာမှာ ဘုရားသခင်မပါဘဲ ကိုယ့်ဟာကိုယ်သိ၊ ကိုယ့်ဟာကိုယ်တတ်နေခဲ့ကြတာ ဘယ်နှကြိမ်တောင် ရှိခဲ့ဖူးပြီလဲ။ ပြဿနာအခက်အခဲအပေါ်မှာ ကျနော်တို့ရဲ့ သိခြင်း၊ ယုံကြည်ခြင်းထက် ဘုရားသခင်၌ပုံအပ်ထားတာက ပိုပြီး အဆင်ပြေလွယ်ကူပါတယ်။ ပရောဖက်ယေဇကျေလရဲ့အဖြေက သိပ်ကိုရိုးရှင်းပြီး ပေါ့ပေါ့ပါးပါးရှိတဲ့အဖြေဖြစ်ပါတယ်။ ငါယုံကြည်တယ်၊ ငါယုံကြည်တယ် … လို့ ဖျစ်ညှစ်ပြီး ၀န်ခံနေတာထက်စာရင် ဘုရားသခင်ဆီမှာ ကိုယ်တော်သိပါတယ်လို့ ပုံအပ်လိုက်တာက ပိုပြီး မြန်ဆန်လွယ်ကူတဲ့ ဖြေရှင်းနည်းဖြစ်ပါတယ်။
မှာထားတော်မူသည်အတိုင်း ငါသည် ပရောဖက်ပြု၏။ ပရောဖက်ပြုစဉ်တွင် အသံမြည်၏။ လှုပ်ရှားခြင်းလည်းရှိ၏။ အရိုးတို့သည် တခုအနီးသို့တခု ချဉ်းကပ်ကြ၏။ ၃၇း ၇
အခုလို အခြေအနေမျိုးဖြစ်မလာခင်မှာ အရိုးတွေဟာ ဟိုတစ်ချောင်း ဒီတစ်ချောင်းနဲ့ တစစီပြန့်ကျဲနေတာဖြစ်ပါတယ်။ လက်ဖျံရိုးကတစ်နေရာ၊ ခြေသလုံးကတစ်နေရာ၊ နံရိုးကတစ်နေရာ၊ မေးရိုးကတစ်နေရာ … အဲဒီလိုမြင်ကွင်းကို မြင်ယောင်ကြည့်ရတာ အတော့်ကို ပရမ်းပတာဆန်လွန်းလှပါတယ်။ ဒါပေမယ့် ဘုရားသခင်မိန့်မှာထားတဲ့အတိုင်း ပြုတဲ့အခါ အရိုးတွေဟာ တစ်ချောင်းရှိရာကို တစ်ချောင်း ချဉ်းကပ်လာကြတယ်လို့ ကျမ်းစာကဆိုထားပါတယ်။ ကျနော်တို့ယုံကြည်သူတွေဟာလည်း ကိုယ့်ဟာကိုယ် တစ်ဦးကောင်း၊ တစ်ယောက်ကောင်းရပ်တည်မယ်ဆိုရင် ဘာမှ သုံးစားလို့မရတဲ့ အရိုးတွေပဲ ဖြစ်ပါတယ်။ ကျနော်တို့တွေအားလုံး တစ်ဦးနဲ့တစ်ဦးချိတ်ဆက်ပူးပေါင်းတဲ့အခါမှ ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။ ယုံကြည်သူအသက်တာမှာ မိတ်သဟာယဖွဲ့ခြင်းဆိုတာ သိပ်ကိုအရေးကြီးပါတယ်။ ဘုရားသခင်နဲ့မိတ်သဟာယ၊ ယုံကြည်သူအချင်းချင်းမိတ်သဟာယဆိုတဲ့ အပိုင်းနှစ်ပိုင်းလုံးက အသက်တာအတွက် မရှိမဖြစ် အစိတ်အပိုင်းဖြစ်ပါတယ်။ ကျနော်တို့တွေ ဘုရားသခင်အားဖြင့် မိတ်သဟာယဖွဲ့ကြတဲ့အခါ သူ့ဟာသူတကွဲတပြားရပ်တည်ရင် ဘာမှသုံးစားလို့မရတဲ့ အရိုးတွေဟာ တစ်ချောင်းကိုတစ်ချောင်းချဉ်းကပ်ပြီး အပြန်အလှန် အမှီသဟဲပြုခြင်း၊ ကူညီမစအားပေးခြင်းတို့ ဖြစ်ပေါ်လာ ကြပါတယ်။
ငါကြည့်ရှုစဉ်တွင် အကြောတို့သည်ပေါ်လာ၍ အသားလည်းတက်၏။ အရေလည်းဖုံးလွှမ်း၏။ သို့ရာတွင် အသက်မရှိသေး။ ၃၇း ၈
အထက်ပါကျမ်းပိုဒ်မှာ ကြည့်တဲ့အခါ အရိုးတွေဟာ တစ်ချောင်းနဲ့တစ်ချောင်း ချဉ်းကပ်ပြီး ဆက်စပ်လိုက်တဲ့အခါ အကြောတွေ၊ အသားတွေ တက်လာပြီး ပြည့်ပြည့်ဖြိုးဖြိုး ဖြစ်လာတာကိုတွေ့ရပေမယ့် အသက်မရှင်သေးဘူးလို့ ဆိုထားပါတယ်။ ကျနော်တို့တွေရဲ့ မိတ်သဟာယဖွဲ့ခြင်း၊ အတူတကွလက်တွဲလုပ်ဆောင်ခြင်းတွေဟာလည်း တခါတရံမှာ အဲဒီလိုပဲ အသက်မပါတဲ့စုစည်းခြင်းမျိုး ဖြစ်တတ်ပါတယ်။ ကျနော်တို့ရဲ့ စုဝေးခြင်းတွေမှာ အသက်ပါဖို့ ဘာလိုအပ်ပါသလဲ။ ဆက်လေ့လာကြည့်ကြရအောင်ဗျာ။
မှာထားတော်မူသည့်အတိုင်း ငါသည် ပရောဖက်ပြု၍ လေသည် သူတို့အထဲသို့ဝင်သဖြင့် သူတို့သည် အသက်ရှင်၍ အလွန်များသော ဗိုလ်ခြေဖြစ်လျက် မတ်တပ်နေကြ၏။ ၃၇း ၁၀
ကျမ်းစာမှာ သန့်ရှင်းသောဝိညာဉ်တော်ကို အောက်ပါပုံဆောင်ချက်တွေနဲ့လည်း ဖော်ပြတတ်တာကို သိထားဖို့လိုပါတယ်။
သန့်ရှင်းသောဝိညာဉ်တော်၏ပုံဆောင်ချက်အမျိုးမျိုး

၁။ ချိုးငှက် (Dove)
မာကု ၁း၁၀ ၊ နူးညံ့သိမ်မွေ့ခြင်း၊ သန့်ရှင်းခြင်း၊ ငြိမ်သက်ခြင်းကို ပုံဆောင်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် နူးညံ့သိမ်မွေ့သောကြောင့် လူတို့၏ဆန္ဒမပါဘဲ အဘယ်အမှုကိုမျှမပြု။

၂။ ဆီ (Oil)
ထွက်မြောက် ၂၉း၇၊ ၂၈း၄၁၊ လုကာ ၄း၁၈ ၊ ဆီနှင့်လိမ်းသဖြင့်၊ ဆီကိုယူ၍ သူ၏ခေါင်းပေါ်မှာလောင်းသဖြင့် ဟောပြောခြင်းငှါ ဘိသိက်ခြင်း

၃။ မီး (Fire)
တမန် ၂း၁-၄၊ ဝတ်ပြု ၂း၂၄၊ ၁၀း၂၊ ၃ရာ ၁၈း၃၈-၃၉၊ ထွက် ၃း၂။

၎။ ဝတ်ရုံ (Clothes)
၎ရာ ၂း၈-၁၃၊ တမန် ၁-၈

၅။ အာမခံပစ္စည်း (Pledge, Ransom)
၂ကော ၁း၂၂

၆။ တံဆိပ် (Seal)
၂ကော ၁း၂၂၊ မဿဲ ၂၇း၆၆၊ ဧဖက် ၁း၁-၎

၇။ ရေ (Water)
ယော ၇း၃၇-၃၉၊ ၄း၁၉၊ ယေဇ ၃၆း၂၅-၂၇၊ ဟေရှာ ၁၂း၃၊ ယောလ ၂း၂

၈။ လေ (Wind)
ယော ၃း၈၊ ၁ကော ၁၂း၁၁

ဒီအချက်တွေကိုကြည့်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကို ပုံဆောင်ဖော်ပြတဲ့အခါမှာ လေ ကိုလည်း အသုံးပြုပြီး ကျမ်းစာကဖော်ပြတယ်ဆိုတာ သိရမှာဖြစ်ပါတယ်။ ကျနော်တို့ရဲ့ စုဖွဲ့ခြင်း၊ စုဝေးခြင်းအလယ်မှာ သန့်ရှင်းသောဝိညာဉ်တော်မပါသေးဘူးဆိုရင်တော့ အသက်မရှိသေးဘူးလို့ နားလည်သဘောပေါက်ရမှာဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ၀တ်ပြုကိုးကွယ်ခြင်းတွေ၊ လေဟာပြင်တရားပွဲတွေ၊ ရက်တို/ရက်ရှည်ကျမ်းစာသင်တန်းတွေအားလုံးမှာ သန့်ရှင်းသောဝိညာဉ်တော်မပါဘူးဆိုရင်တော့ ၀ိညာဉ်မပါတဲ့ အသေကောင်တွေ စုဝေးနေခြင်းသာဖြစ်ပါတယ်လို့ ပြောရင် အခန့်မသင့်ရင် အရိုက်တောင်ခံရနိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ သမ္မာတရားရဲ့ဆိုလိုချက်အတိုင်း ပြောတာဖြစ်ပါတယ်။ လေက ၀င်ရောက်နေရာယူလိုက်တဲ့အခါ ခုနက ပရောဖက်ယေဇကျေလမြင်နေရတဲ့ အသေကောင်တွေဟာ အသက်ရှင်တဲ့ များစွာသောဗိုလ်ခြေတွေဖြစ်လာတာကို တွေ့ရပါတယ်။ ကျနော်တို့အသက်တာမှာလည်း ကိုယ့်မျက်စိရှေ့မှာ မြင်တွေ့နေရတဲ့ အသေကောင်တွေ( ကျနော်တို့ကိုယ်တိုင်လည်း ပါပါတယ်)ဟာလည်း သန့်ရှင်းသောဝိညာဉ်တော်နဲ့ ပြည့်ဝလာတဲ့အခါ များစွာသောဗိုလ်ခြေအဖြစ် ထာဝရဘုရားအတွက် တိုက်နိုင်ခိုက်နိုင်၊ လုပ်နိုင်ကိုင်နိုင်တဲ့ အားကောင်းမောင်းသန် ယုံကြည်သူတွေဖြစ်လာပါလိမ့်မယ်။ အချုပ်အားဖြင့် ပြောရရင်တော့ နံပါတ်(၁)အချက်အနေနဲ့
ကျနော်တို့ရဲ့ အသက်တာမှာ ဘယ်တော့မှ နောက်မကျသေးပါဘူး။ အောင်မြင်မှုရဖို့အတွက် အသက်နဲ့ခန္ဓာ မြဲနေသေးသရွေ့ လက်မလျှော့ပါနဲ့။ ကျနော်တို့ကိုးကွယ်တဲ့ဘုရားက ခြောက်သွေ့နေတဲ့ အရိုးတွေကိုတောင် အသက်ရှင်စေနိုင်တဲ့ ဘုရားဖြစ်ပါတယ်။
ယုံကြည်သူအချင်းချင်း မိတ်သဟာယဖွဲ့တဲ့နေရာမှာလည်း သန့်ရှင်းသောဝိညာဉ်တော်ကို နေရာပေးပါ၊ ထုံးလမ်းစဉ်လာအရ စုဝေးတာမျိုးဆိုရင်တော့ အသက်မရှိတဲ့စုဝေးခြင်းသာဖြစ်ပါလိမ့်မယ်။
ယုံကြည်သူတိုင်းရဲ့အသက်တာမှာ ဘုရားသခင်ရဲ့ အနက်ရှိုင်းဆုံးချစ်ခြင်းမေတ္တာ၊ များစွာသောကောင်းကြီးမင်္ဂလာနဲ့ အမြင့်မားဆုံးမျက်နှာသာပေးခြင်းကို ခံစားရရှိနိုင်ကြပါစေလို့ ဆန္ဒမွန်ပြုရင်း ……

ချစ်ခြင်းအားဖြင့်
သမ္မာအလင်း

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites