အဆုံးမဲ့လမ်း (သို့) အကျင့်တရား


သမ္မာအလင်းဘလော့ဂ်ရဲ့ ပရိသတ်အားလုံး မင်္ဂလာပါ။
ဒီနေ့တော့ ပညတ်တရား/ အကျင့်တရားနဲ့ပတ်သက်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတဲ့အကြောင်းအရာတစ်ခုကို အတူတကွ လေ့လာကြည့်ရအောင်။
ရှင်မဿဲ ၁၉း ၁၆- ၂၂ မှာ ဖော်ပြထားတဲ့ လူတစ်ယောက်ရဲ့အကြောင်းကနေ ကျနော်တို့ကို
ဘုရားသခင်က ဘာတွေပြောနေတယ်ဆိုတာ ရှာကြည့်ရအောင်။
သခင်ယေရှုဆီကို လူတစ်ယောက်က လာမေးတဲ့မေးခွန်းနဲ့ အစပြုလိုက်ကြရအောင်။
သူမေးတဲ့မေးခွန်းက
" ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကို ရဖို့ ကျနော် ဘာကောင်းမှုတွေလုပ်ရမလဲ " တဲ့။
သူမေးတဲ့မေးခွန်းက အရှင်းကလေးပါ။ ဒါပေမယ့် သခင်ယေရှုက အဲဒီမေးခွန်းကို ဘယ်လိုပြန်ဖြေသလဲ?
" ငါ့ကို ဘာကြောင့် ကောင်းမြတ်တယ်လို့ခေါ်တာလဲ။ ဘုရားသခင်တစ်ပါးတည်းသာ ကောင်းမြတ်တယ်။
အသက်ရှင်ခြင်းကို ၀င်စားချင်တယ်ဆိုရင် ပညတ်တော်တွေကို စောင့်ရှောက်ပါ။ " တဲ့။ မဿဲ ၁၉း ၁၆- ၁၇
ဒီလူက သခင်ယေရှုကို ကောင်းမြတ်သောဆရာလို့ခေါ်တာကို သခင်ယေရှုလက်မခံဘဲ
ဘာကြောင့်ငြင်းပယ်ပြီး ဘုရားသခင်တစ်ပါးတည်းသာ ကောင်းမြတ်တယ်လို့ပြောတာလဲ။
တကယ်တော့ လူသားတစ်ယောက်အနေနဲ့ လူ့ဇာတိကိုခံယူထားတဲ့သခင်ယေရှုက
လူမှန်ရင် ဘယ်သူမှမကောင်းမြတ်ဘူး။ ငါလည်းမကောင်းမြတ်ဘူး။
ကောင်းတဲ့သူဆိုလို့ ဘုရားသခင်တစ်ပါးတည်းပဲရှိတယ်လို့ ရှင်းရှင်းလင်းလင်းသိစေချင်လို့ အခုလိုပြန်ဖြေတာပါ။ အဲဒီလိုဖြေပြီးမှ ပညတ်တော်တွေကို စောင့်ရှောက်ခိုင်းတာကလည်း ပညတ်တရားကိုလိုက်လျှောက်ဖို့
လူမှန်ရင်ဘယ်သူမှမတတ်နိုင်ဘူး။ ဘုရားသခင်တစ်ပါးတည်းပဲ တတ်နိုင်တယ်။
တစ်နည်းအားဖြင့် လူမှန်ရင် ကောင်းတာလုပ်နိုင်လောက်အောင် ဘယ်သူမှမကောင်းဘူးလို့ ဆိုနေတာပါ။
သခင်ယေရှုက အဲဒီလိုဖြေတဲ့အခါ လူက ထပ်ပြီးမေးခွန်းထုတ်ပါတယ်။
" ဘယ်လိုပညတ်တွေကို စောင့်ရှောက်ရမှာလဲ " တဲ့။ အဲဒီအခါ သခင်ယေရှုက -
(၁) လူ့အသက်ကိုမသတ်နဲ့။
(၂) သူ့မယားကိုမပြစ်မှားနဲ့။
(၃) သူ့ဥစ္စာကိုမခိုးနဲ့။
(၄) မမှန်သောသက်သေကိုမခံနဲ့
(၅) မိဘကိုရိုသေစွာပြုလော့။
(၆) ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့.....
အစရှိတဲ့ပညတ်တော်(၆)ချက်ကို ပေးလိုက်ပါတယ်။ သခင်ယေရှုက ဒီပညတ်တွေကိုပေးတဲ့အခါ
လူက- ဒီပညတ်ရှိသမျှတို့ကို ကျနော်ငယ်ငယ်လေးကတည်းက စောင့်ရှောက်ခဲ့ပြီးပြီ
ဘယ်အကျင့်လိုသေးလဲ လို့ ယုံကြည်မှုအပြည့်နဲ့ ဂုဏ်ယူဝင့်ကြွားစွာပြန်ဖြေပါတယ်။
သူ့ရဲ့စကားကို သခင်ယေရှုက ဘယ်လိုတုံ့ပြန်သလဲဆိုတော့-
သင်ဟာ စုံလင်ခြင်းကိုရောက်ချင်ရင် ကိုယ်ဥစ္စာတွေကိုရောင်းပြီး ဆင်းရဲသားတွေကိုပေးပါ။
အဲဒီလိုလုပ်ရင် ကောင်းကင်ဘုံမှာ ဘဏ္ဍာကိုရမယ်။
ပြီးမှ ငါ့နောက်လိုက်ပါ လို့အဖြေပြန်ပေးလိုက်ပါတယ်။ မဿဲ ၁၉း၁၈- ၂၁
ဒီအချက်တွေက ကျနော်တို့ကို ဘာတွေသွန်သင်နေတာလဲ?
ကျနော်တို့တွေသည် အကျင့်တရားအားဖြင့် ဘုရားသခင်ထံကို တိုးဝင်မယ်ဆိုရင်
အထက်ကဖော်ပြထားသလိုပဲ ဘယ်တော့မှမကုန်ဆုံးနိုင်တဲ့တံတားကိုလျှောက်နေခြင်းဖြစ်ပါတယ်။
ပညတ်တရားမှာ ကျနော်တို့စောင့်ရှောက်လို့ ပြီးပြီလို့ထင်ပေမယ့် ထပ်ပြီးကျန်ရှိနေပါသေးတယ်။
ကျနော်တို့က အကုန်လုပ်ပြီးပြီလို့ ဘုရားသခင်ရှေ့မှာ ပြောလိုက်တိုင်း ဘုရားသခင်က ဒါလုပ်ဖို့ ကျန်သေးတယ်လို့ ပြောနေပါတယ်။ ပညတ်တရားရဲ့အကျင့်အားဖြင့်သွားမယ်ဆိုရင်
ကျနော်တို့လုပ်ဆောင်ရမယ့်အရာတွေက ဒါပြီးရင် ဒါ၊ ဒါပြီးရင် ဒါ အစရှိသဖြင့် အများကြီးရှိနေပါတယ်။
ဒီလုပ်ဆောင်ရမယ့်အရာတွေကို တကယ်ပဲပြီးပြည့်စုံအောင်လုပ်ပြီးတဲ့အခါကျတော့လည်း
လုပ်ဆောင်ရမည့်အရာတစ်ခုကျန်နေပါသေးတယ်။
အဲဒါကတော့ ယေရှုနောက်လိုက်ဖို့ပါပဲ။ မဿဲ ၁၉း၂၁(b)
မိတ်ဆွေ ဘယ်လိုပဲကောင်းမှုတွေလုပ်နေပါစေ၊ သခင်ယေရှုမပါရင် အလကားပဲဖြစ်ပါတယ်။
ကျနော်တို့အသက်တာမှာ ထာဝရအသက်ကိုရနိုင်မယ့် အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံးနည်းလမ်းက
သခင်ယေရှုခေါ်ရာကိုလိုက်ဖို့ပါပဲဆိုတာကို သမ္မာကျမ်းစာထဲက တခြားအကြောင်းအရာတစ်ခုနဲ့
နှိုင်းယှဉ်လေ့လာကြည့်ရအောင်။ မဿဲ ၄း ၁၈- ၂၀မှာကြည့်တဲ့အခါ ပေတရုတို့ညီအစ်ကို(၂)ယောက်ကို
သခင်ယေရှုက သူ့နောက်လိုက်ဖို့ခေါ်တဲ့အခါမှာ သူတို့က ချက်ချင်းပဲလိုက်ကြတယ်ဆိုတာတွေ့ရပါတယ်။
အသက်လမ်းဖြစ်တဲ့ယေရှုနောက်ကို လိုက်ဖို့ဆုံးဖြတ်ခြင်းက မိတ်ဆွေရဲ့တစ်ဘ၀လုံး
ကောင်းမှုတွေကိုလုပ်နေရင်း အချိန်ကုန်ခံနေတာထက် ပိုပြီးအရေးကြီးသလို ပိုပြီးလည်း အာမခံမှုရှိပါတယ်။
လူလုပ်လို့ ပြီးပြည့်စုံမှုရှိလာမှာမဟုတ်တဲ့ အကျင့်တရားတွေကို လုပ်ဆောင်နေမယ့်အစား
အကျင့်တရားအလုံးစုံကို ပြီးပြည့်စုံစေသူ သခင်ယေရှုခေါ်ရာကို လိုက်ဖို့ပဲဖြစ်ပါတယ်။
ဒီနှုတ်ကပတ်တော်အားဖြင့် မိတ်ဆွေသည် ကောင်းကြီးမင်္ဂလာခံစားနိုင်ပါစေ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites