မင်္ဂလာပါ။ ကျနော်တို့လေ့လာကြမယ့် နှုတ်ကပတ်တော်ကို မေးခွန်းတစ်ခုနဲ့ဖွင့်လိုက်ကြရအောင်။
ခင်ဗျားဘ၀မှာ ဘယ်နှကြိမ်လောက်မှားခဲ့ဖူးလဲ။ ဒီမေးခွန်းကိုမဖြေခင်မှာ မိတ်ဆွေကိုကျနော်သတိပေးချင်တယ်။ အမှုမဲ့အမှတ်မဲ့ပြုမိဖူးတဲ့အမှားတွေပါ မကျန်ခဲ့ရလေအောင်

မိတ်ဆွေမှတ်မိတဲ့ မှားယွင်းမှုအကြိမ်ပေါင်းကို (၂)ဆပွားပြီးတွက်ကြည့်ပါ။
ကဲ ....... ဒီလောက်ဆို ကိုယ်ဘယ်လောက်ဆိုးညစ်တယ်ဆိုတာ မိတ်ဆွေနားလည်လောက်ပြီထင်ပါတယ်။ အဲဒီလောက်ဆိုးညစ်တဲ့ခင်ဗျားလိုလူကို ဘယ်သူတွေက အထင်ကြီးလေးစားနေကြသလဲ၊
ဘယ်သူတွေကများ ကဲ့ရဲ့ရှုတ်ချနေကြသလဲ။ ဘယ်သူတွေကများ ချစ်ခင်နေကြသလဲ။
မိတ်ဆွေကိုအထင်ကြီးလေးစားနေကြတဲ့သူတွေကို မိတ်ဆွေရဲ့အမှားတွေထဲက တစ်ဝက်လောက်ဖြစ်ဖြစ်
ပွင့်ပွင့်လင်းလင်းပြောပြပြီး အသိပေးရဲလား။ အဲဒီလို အသိပေးပြီးရင်ကော အဲဒီလူတွေက မိတ်ဆွေကို
အရင်အတိုင်းပဲ အထင်ကြီးလေးစားကြမယ်လို့ သေချာရဲ့လား။ ကဲ ..... ဒီအပိုင်းကိုထားလိုက်ပါဦး။
သမ္မာကျမ်းစာထဲက အဖြစ်အပျက်တစ်ခုအားဖြင့် ကျနော်တို့ ခွန်အားယူကြရအောင်။
ရှင်ယောဟန် ၄း ၁- ၃၅ မှာ ဖော်ပြထားတဲ့အကြောင်းအရာကို ကြည့်ရအောင်။
ဒီအကြောင်းအရာမှာ သခင်ယေရှုက ရှမာရိမိန်းမတစ်ယောက်ကို အပြစ်လွှတ်တဲ့အကြောင်းကိုတွေ့ရမှာဖြစ်ပြီး အဲဒီလိုအပြစ်လွှတ်ခြင်းခံစားရတဲ့မိန်းမရဲ့အသက်တာအကြောင်းကိုပါ တပြိုင်နက်လေ့လာနိုင်မှာဖြစ်ပါတယ်။
သခင်ယေရှုက ရှမာရိနယ်ကိုဖြတ်သွားရင်း ယာကုပ်ရေတွင်းကိုရောက်တဲ့အခါမှာ
ခရီးပန်းတော်မူတဲ့အတွက် ထိုင်ပြီးနားတော်မူတယ်။ အဲဒီလိုနားတဲ့အချိန်က ညနေ(၆)နာရီဆိုတော့
သူတို့နိုင်ငံရဲ့စံတော်ချိန်အရဆိုရင်- ညဥ့်ဦးယံရဲ့အစ နေ၀င်ချိန်ဖြစ်တယ်။
အဲဒီအချိန်မှာ လူအများစုက လုပ်ငန်းကိုယ်စီကနေ အိမ်ကိုပြန်ရောက်ပြီး
မိသားစုနဲ့အတူ အနားယူညစာစားကြတယ်။ အဲဒီအချိန်မှာမှ လူတောမတိုးဝံ့တဲ့ ရှမာရိမိန်းမတစ်ယောက်က ယာကုပ်ရေတွင်းကို ရေခပ်ဖို့ထွက်လာတယ်။ သူ လူတောမတိုးဝံ့တာက အကြောင်း(၂)ချက်ရှိတယ်။
(၁) အချက်က လူတွေက အထင်သေးစက်ဆုပ်ပြီး ပစ်ပယ်ထားလို့ဖြစ်တယ်။
(၂) အချက်က သူကိုယ်တိုင်က လိပ်ပြာမလုံတဲ့အတွက် လူတွေကိုရင်ဆိုင်ရမှာကြောက်လာလို့ဖြစ်တယ်။
အဲဒီလိုအချက်တွေကြောင့် လူမြင်မခံချင်လို့ သူများတွေအိမ်မှာအနားယူနေကြတဲ့ မှောင်ရီပျိုးစအချိန်ရောက်မှ
ရေခပ်ထွက်လာတဲ့မိန်းမခမျာ သခင်ယေရှုနဲ့မှ ရေတွင်းမှာလာဆုံကြတယ်။
တိုက်ဆိုင်နိုင်လိုက်တာလို့ မိတ်ဆွေထင်ပါသလား။ တကယ်တော့ ဘုရားသခင်ရဲ့လုပ်ဆောင်မှုတိုင်းမှာ
တိုက်ဆိုင်လို့ဖြစ်လာတာ တစ်ခုမှမရှိပါဘူး။ ဘုရားသခင်က ဘာကိုပဲလုပ်လုပ် ကျနော်တို့အတွက် ရည်ရွယ်ပြီး
လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ အခုပဲကြည့်လေ ...... သခင်ယေရှုက ဒီရေတွင်းနားရောက်ခါမှ
အချိန်မတော်ကြီး ထိုင်နေတယ်။ ကျနော်တို့အတွက် တကယ့်ကို ၀မ်းမြောက်စရာအချက်ပါ။
ကျနော်တို့တွေနားတဲ့အချိန်မှာတောင် သခင်ယေရှုက လူတစ်ယောက်အတွက် အချိန်မတော်ကြီးမှာ ထိုင်စောင့်နေပါတယ်။ သခင်ယေရှုက နားတာတောင်မှ ကျနော်တို့အတွက် အကျိုးရှိမှ နားပါတယ်။
အဲဒီလောက်မေတ္တာထားတတ်တဲ့ ယေရှုနဲ့ ရှမာရိမိန်းမတို့ ရေတွင်းမှာ ဆုံကြတဲ့အခါ -
သခင်ယေရှုက ရေတောင်းသောက်ပါတယ်။ ယော ၄း ၇
အဲဒီအချိန်မှာ တပည့်တော်တွေက စားစရာဝယ်ဖို့ မြို့ထဲကိုသွားနေကြပါတယ်။ ယော ၄း ၈
သခင်ယေရှုလို တန်ခိုးတော်ကြီးမားလှတဲ့သူ၊ နိမိတ်လက္ခဏာအလုံးစုံကို ပြုနိုင်သူက ဘာကြောင့်များ
တပည့်တော်တွေ စားစရာဝယ်ဖို့သွားတာကို မတားဘဲ မိန်းမတစ်ယောက်ဆီမှာ ရေတောင်းသောက်ရတာလဲ။
တကယ်ဆို သခင်ယေရှုဟာ မုန့်(၅)လုံး၊ ငါး(၂)ကောင်အားဖြင့် မိန်းမနှင့် ကလေးမပါဘဲ
ယောင်္ကျား(၅၀၀၀)လောက်ကိုတစ်ကြိမ်၊ မုန့်(၇)လုံးနှင့် ငါးလေးအနည်းငယ်အားဖြင့် မိန်းမနဲ့ကလေးတွေကို
ထည့်မရေဘဲ ယောင်္ကျား(၄၀၀၀)ကို တစ်ကြိမ် လောက်ငှအောင်ကျွေးခဲ့ဖူးပါတယ်။
မဿဲ ၁၄း ၁၃-၂၁၊ မဿဲ ၁၅း ၃၂- ၃၈
တစ်ခါတရံမှာ ကျနော်တို့ရဲ့ဝိညာဉ်ရေးရာကောင်းချီးအတွက်
သခင်ယေရှုဟာ နိမိတ်လက္ခဏာကို ဖောဖောသီသီ မပြုဘဲ နေလေ့ရှိပါတယ်။
သခင်ယေရှုက အဲဒီလိုရေတောင်းသောက်တဲ့အခါ ရှမာရိမိန်းမက ဘယ်လိုတုံ့ပြန်သလဲဆိုတော့-
ယုဒလူဖြစ်တဲ့ရှင်က ကျမလိုရှမာရိမိန်းမဆီမှာ ဘာဖြစ်လို့ရေလာတောင်းသောက်ရတာလဲ ... တဲ့။ ယော ၄း ၉
ရှမာရိမိန်းမရဲ့စကားကို သခင်ယေရှုက ဘယ်လိုပြန်ဖြေသလဲဆိုတာ လေ့လာကြည့်ရအောင်။
ဘုရားသခင်ရဲ့ကျေးဇူးတော်ကို၎င်း၊ အခုရေတောင်းသောက်တဲ့သူဟာ ဘယ်သူဖြစ်တယ်ဆိုတာကို၎င်း
သင်သိမယ်ဆိုရင် ထိုသူကိုတောင်းလိမ့်မယ် .... တဲ့။ ယော ၄း ၁၀
ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုမသိ၊ သခင်ယေရှုကိုမသိရင် လူတွေက ကောင်းမြတ်ခြင်း၊ သန့်ရှင်းခြင်း၊
အစရှိတဲ့အရာတွေကို ဘုရားကိုပေးပြီး ဘုရားဆီက ကောင်းချီးမင်္ဂလာနဲ့ လဲလှယ်ယူချင်ကြသလို
လူမျိုးစွဲတွေရှိနေတတ်ကြပါတယ်။ တကယ်တော့ ဘုရားသခင်ရဲ့ကျေးဇူးတော်နဲ့
သခင်ယေရှုကိုသိကျွမ်းမယ်ဆိုရင် ကျနော်တို့ဟာ ဘုရားနဲ့ အလဲအလှယ်လုပ်သောသူတွေမဟုတ်တော့ဘဲ
တောင်းခံခြင်း/ တစ်နည်းအားဖြင့် ဆုတောင်းခြင်းအားဖြင့် ဘုရားသခင်ဆီက ကောင်းချီးမင်္ဂလာတွေကို အခမဲ့ရယူနေကြသူတွေသာဖြစ်ပါတယ်။ သခင်ယေရှုအားဖြင့် လူမျိုးရေးအစွဲတွေပပျောက်သွားပါတယ်။
ကျနော်တို့က လူတစ်ယောက်ရဲ့ကောင်းချီးမင်္ဂလာခံစားရ/မရနဲ့ ထာဝရအသက်ရ/မရကို
အခြေအနေပေါ်မှာ မူတည်ပြီး ဆုံးဖြတ်တတ်ပါတယ်။ ဒီနေရာမှာလည်း ရှမာရိမိန်းမက သခင်ယေရှုက
ရေပေးမယ်ဆိုတဲ့စကားကို ရေခပ်စရာပါ/ မပါနဲ့ ချိန်ထိုးပြီး ဆုံးဖြတ်တာကိုတွေ့ရပါတယ်။ ယော ၄း ၁၁
တကယ်တော့ သခင်ယေရှုဟာ ခပ်စရာရှိမှ ရေပေးနိုင်သောသူ/ တနည်းအားဖြင့် အခြေအနေပေးမှ အလုပ်လုပ်သောသူမဟုတ်ပါဘူး။ မဖြစ်နိုင်သောအခြေအနေမှာ အလုပ်လုပ်သောဘုရားဖြစ်ပါတယ်။
ဒါတင်မကသေးပါဘူး။ ရှမာရိမိန်းမက သခင်ယေရှုကို သခင်ဟာ ငါတို့အဘယာကုပ်ထက်
ကြီးမြတ်သလား လို့လည်း မေးပါသေးတယ်။ ကျနော်တို့ လူတွေက မိမိသိသောအရာ၊ မိမိစွဲကိုင်သောအရာတွေနဲ့ ဘုရားသခင်ကို နှိုင်းယှဉ်ကြည့်ချင်တဲ့ဆန္ဒရှိကြောင်းကို
နှုတ်ကပတ်တော်က ဖော်ပြပေးထားခြင်းဖြစ်ပါတယ်။
အဲဒီလိုစကားပြောကြရင်း သခင်ယေရှုက ရှမာရိမိန်းမကို အသက်ရေကိုပေးမယ်လို့ပြောတဲ့အပြင် အဲဒီမိန်းမရဲ့ ဘ၀အခြေအနေကိုပါ ဖော်ထုတ်ပြလိုက်ပြီး သူရဲ့လင်ကိုပါသွားခေါ်လာခဲ့ဖို့ပြောပါတယ်။ ယော ၄း ၁၆- ၁၈
ကျနော်တို့ရဲ့ ဖုံးဖိထားတဲ့အပြစ်တွေကို သခင်ယေရှုရဲ့အပြစ်လွှတ်ခြင်းက လုံလောက်အောင်
ကျေးဇူးကြီးမားတဲ့အပြင် နောက်ထပ်အပြစ်သားတွေရှိရင်လည်း ခေါ်ခဲ့လိုက်ပါဦး၊ ငါ့ရဲ့မေတ္တာတရားက
ဘယ်တော့မှ ပေးလို့မကုန်ပါဘူးလို့ သခင်ယေရှုက ဒီနေရာမှာ ကြေငြာလိုက်ခြင်းဖြစ်ပါတယ်။
မိတ်ဆွေ ခင်ဗျားဘယ်လောက်အပြစ်များများ သခင်ယေရှုရဲ့ခွင့်လွှတ်ခြင်းက ခင်ဗျားအတွက်လောက်ငှရုံမကဘဲ ပိုတောင်ပိုနေပါသေးတယ်။
ရှမာရိမိန်းမဟာ သခင်ယေရှုရဲ့ အပြစ်လွှတ်ခြင်းကို ခံစားလိုက်ရတဲ့အခါ သူယူလာတဲ့ရေအိုးကိုထားခဲ့ပြီး
မြို့ထဲပြန်ပြီး တွေ့သမျှလူတွေကို သခင်ယရှုက သူ့အပြစ်ရှိသမျှကို ဖော်ပြနိုင်တဲ့အကြောင်းပြောပါတော့တယ်။
ဘုရားသခင်ရဲ့မေတ္တာနဲ့ တကယ်ပဲထိတွေ့သွားကြသူမှန်ရင် အရင်က မိမိစွဲကိုင်လာတဲ့အရာတွေကို
အလိုအလျောက် စွန့်လွှတ်ထားနိုင်တာကိုတွေ့ရမှာဖြစ်ပါတယ်။ ယော၎း ၂၈
ုခင်ဗျားရဲ့အရင်က အိုးမပါရင် ရေမပါဘူး/ ကောင်းတာလုပ်မှ ကောင်းတာရမယ်ဆိုတဲ့အယူအဆတွေ၊
လူမျိုးစွဲတွေ၊ ဂိုဏ်းဂနစွဲတွေထားခဲ့လိုက်ပါ။ အဲဒါကို ဘုရားသခင်အလိုရှိနေပါတယ်။
ဒီနှုတ်ကပတ်တော်ရဲ့ ဆိုလိုရင်းက သင်ဘယ်နှကြိမ်ပဲမှားခဲ့ .. မှားခဲ့ သခင်ယေရှုရဲ့အပြစ်လွှတ်ခြင်းက
အဲဒီမှားယွင်းမှုတွေထက် ပိုတယ်လို့ ဖော်ပြပေးနေခြင်းဖြစ်ပါတယ်။
ဒီလောကမှာ သခင်ယေရှုရဲ့ခွင့်လွှတ်ခြင်းထက်ပိုပြီး ဘယ်သူမှ အပြစ်မများပါဘူး။
လူတိုင်းအတွက် သူ့ရဲ့မေတ္တာက လုံလောက်တဲ့အပြင် ပိုလျှံနေပါတယ်။
ဒီနှုတ်ကပတ်တော်အားဖြင့် ဘုရားသခင်စကားပြောပါစေ။

0 comments:
Post a Comment