ခရစ္စမတ် ….အလွမ်း


တစ်နေ့ ….. မနက်လင်းလို့အိပ်ယာက နိုးနိုးချင်း အပြင်မှာ နှင်းတွေဝေနေသလိုလိုခံစားရသဖြင့် တံခါးကိုဖွင့်ကြည့်လိုက်မိသည်။ အော် …. ဘာလိုလိုနဲ့ ဆောင်းဦးပေါက်လာပါပကော။                         ဒီနှစ်က အချမ်းနောက်ကျသလို ဆောင်းအဝင်လည်းနောက်ကျသည်။ ဘာတွေဘယ်လိုပဲနောက်ကျ၊             နောက်ကျ ခရစ္စမတ်ကတော့ နောက်ကျမှာမဟုတ်။ အချိန်ကျလျှင် ကယ်ရိုသီချင်းသံတွေ၊ ပျော်မြူးဟစ်ကြွေးသံတွေနဲ့အတူ ကျနော်တို့အိမ်ရှေ့တံခါးတွေကို လာခေါက်တော့မည်။ တကယ်တော့ ခရစ္စမတ်သည် ကျနော်တို့အတွက် ပျော်ရွှင်မှုတွေ၊ အသစ်တဖန်လန်းဆန်းတက်ကြွမှုတွေကို သယ်ဆောင်လာသည့်နေရာတွင် သူမတူအောင်ဆန်းပြားလှသည်။
          လွန်ခဲ့သည့် ()နှစ်လောက်က ခရစ္စမတ်ကာလအတွင်းမှာ နယ်မြို့လေးတစ်မြို့ကို ကျနော်ရောက်ခဲ့ဖူးသည်။ ပြီးတော့ တစ်သက်လုံးမမေ့နိုင်သည့် အမှတ်တရများစွာကို သိမြင်လာခဲ့ရသည်။ အဲဒီမြို့လေးက ကျနော်တို့ထိုင်နေကြ လက်ဖက်ရည်ဆိုင်လေးနဲ့ကပ်လျှက်မှာ အရက်ဖြူဆိုင်တစ်ဆိုင်ရှိသည်။ အဲဒီဆိုင်ပိုင်ရှင်က ကျနော်တို့နဲ့ရင်းနှီးလာသည့်နောက်ကျနော့်ကို အမှတ်တမဲ့သက်သေခံဖူးသည်။                 “ ခရစ္စမတ်ဆိုတာ ခရစ်ယာန်တွေအတွက်တင်မကဘူး။ ကျနော်တို့လို မဆိုင်တဲ့သူတွေတောင်ကောင်းကြီးခံစား ရတယ်။ အဲဒီတစ်လလုံး ညဆိုလက်မလည်အောင်ရောင်းရတယ်တဲ့။အော်ခရစ္စမတ်ကောင်းကြီးတဲ့။ ကျနော့်ဖြင့် ကြားရတာ ဝမ်းသာရမလို၊ ဝမ်းနည်းရမလိုနဲ့။
          တကယ်ဆိုလျှင် ခရစ္စမတ်ကာလသည် ဧဝံဂေလိဟောပြောသက်သေခံရာတွင် အကောင်းဆုံးကာလ ဖြစ်သလို၊ အုံနှင့်ကျင်းနှင့် မျိုးစေ့ကြဲခွင့်ရသည့်ကာလဖြစ်သည်။ ကျနော်ကိုယ်တိုင်လည်း သခင်ယေရှုအကြောင်းကို ခရစ္စမတ်ကာလတွင် ကြားနာခဲ့ရပြီး ပြောင်းလဲလာခဲ့ရသလို ထိုကာလအတွင်း လူပေါင်းများစွာတို့ပြောင်းလဲလာကြသည်ကိုလည်း ခရစ္စမတ်တရားဟောပွဲများတွင် မြင်တွေ့ခဲ့ရဖူးသည်။ အဲဒီနောက်တော့ ခရစ္စမတ်ရေစီးသည်ပြောင်းလဲသွားသည်ထင်၏။ အသင်းတော်ရှိ လူငယ်ကြိုးစားခြင်း အဖွဲ့များ၏ ဘဏ္ဍာရေးနှစ် ပရောဂျက်များတွင်ခရစ္စမတ်အလှူငွေဟူ၍အဝင်ဘက်တွင် ခေါင်းစဉ်တစ်ခုတိုးလာကြသည်။ ကျနော်ဘယ်လိုမှ ဉာဏ်မမီနိုင်တော့။ ခရစ္စမတ်သည် ကျနော်တို့အသင်းတော်တွေ ငွေရှာသည့်ကာလလေလား။ ဘုရားသခင်ကတော့ တစ်ပါးတည်းသော သားတော်ကို လောကသားတွေအတွက် စွန့်လွှတ်ခဲ့သည်။ တစ်နည်းအားဖြင့် မိမိ၌ရှိသည့်အရာထဲက တန်ဖိုးအထိုက်တန်ဆုံးကို သူတစ်ပါးအတွက် ပေးအပ်ကာ  အနှုတ်လက္ခဏာပြခဲ့သည်။ ကျနော်တို့အသင်းတော်တွေကတော့ အနှုတ်လက္ခဏာမပြသည့်အပြင် ဘဂျက်တွင် အပေါင်းလက္ခဏာပြသည့် ကာလကြီး၊ ပွဲတော်ကြီးဖြစ်နေသည်။


နွမ်းပါးလှသည့်ယုံကြည်သူတချို့က ပြောဖူးသည်။                                                   ခရစ္စမတ်ရောက်လျှင် တခြားအသိတစ်ယောက်အိမ်သွားအိပ်ရသည် …. တဲ့။              ဟိုအသင်းတော်ကလာလိုက်၊ ဒီအသင်းတော်ကလာလိုက်နှင့်ဆိုတော့ ၃၊ ခါလောက်ဆိုလိုက်လျှင် သူ့ခမျာလုံးပါးပါးတော့သည်ဆိုတော့လည်း ဟုတ်မှာပဲလေ။                                                          အော် …. အသစ်ပေါ်လာသောခရစ္စမတ်ဝေဒနာပါလား။ 
ကောင်းကင်တမန်ကလည်း ကြောက်ရွံ့ခြင်းမရှိကြနှင့်။ လူအပေါင်းတို့သည် အလွန်ဝမ်းမြောက်ဝမ်းသာစရာ သတင်းကိုငါသည် သင်တို့အားကြားပြောရ၏။လုကာ ၂း ၁ဝ
ကောင်းကင်ဘဝဂ်ဝယ် ဘုရားသခင်သည်ဘုန်းကြီးတော်မူစေသတည်း။ မြေကြီးပေါ်၌လည်း ငြိမ်သက်ခြင်းရှိစေသတည်း။ လူတို့အားမေတ္တာကရုဏာရှိစေသတည်းဟု ဘုရားသခင်ကိုချီးမွမ်း၍ မြွက်ဆိုကြ၏။လုကာ ၂း ၁၄
အထက်ပါကျမ်းချက်တွေကိုကြည့်တဲ့အခါမှာ ခရစ္စမတ်ရောက်တိုင်းကြားနာနေကျမို့ မိတ်ဆွေအတွက် ရိုးအီကောင်းရိုးအီနေပါလိမ့်မယ်။ အဲဒီကျမ်းချက်တွေထဲကနေ ဘုရားသခင်ရဲ့နက်နဲတဲ့နှုတ်ကပတ်တော်ကို လေ့လာကြည့်ကြရအောင်ဗျာ။
သခင်ယေရှုရဲ့ခေတ်ကာလမှာ သိုးတွေကို မွေးမြူရတဲ့ အဓိကအကြောင်းအရင်းက အပြစ်ဖြေရာယဇ်ပူဇော်ရာ မှာသုံးဖို့နဲ့ ပသခါပွဲအတွက်အတွက်နဲ့ နို့နဲ့ အမွှေးကိုရယူဖို့ဖြစ်ပါတယ်။ အဲဒီခေတ်အခါက သိုးထိန်းဆိုတာသည် အနိမ့်ကျဆုံးသောလူတန်းစားဖြစ်ပါတယ်။ သခင်ယေရှုခရစ်တော်လူ့ဇာတိခံမည့်ကိစ္စကို ကောင်းကင်တမန်တွေက ရှင်ဘုရင်တွေ၊ သူကြွယ်တွေ၊ မင်းစိုးရာဇာတွေကို သွားမပြောဘဲ နုံချာစုတ်ပြတ်လှတဲ့ သိုးထိန်းတွေကိုမှ သွားပြောပါတယ်။ ကျနော်တို့ရဲ့အပြစ်တွေအတွက် ကြိုတင်မွေးထားတာကိုခံထားရပြီး အချိန်တန်ရင် အပြစ်အနာအဆာလည်းကင်းရင် လည်စင်းခံရမယ့်သိုးတွေကို ထိန်းကျောင်းနေရတဲ့သိုးထိန်း တွေအတွက် ဘုရားသခင်ရဲ့ဖော်ပြချက်ကို ဗတ္တိဇံဆရာဟောဟန်ကလည်း အခုလိုဖော်ပြခဲ့ပါတယ်။     
နက်ဖြန်နေ့၌ ယေရှုကြွလာတော်မူသည်ကို ယောဟန်သည်မြင်လျှင် ဤလောက၏အပြစ်ကိုဆောင်သွားသော ဘုရားသခင်၏သိုးသငယ်ကို ကြည့်လော့။ 
                                 ယောဟန် ၁း၂၉                                                
 လူ့လောကရဲ့အပြစ်အတွက် ကျနော်တို့လူတွေပူဇော်နေတဲ့အရာက တခြားနေရာကိုအပြီးတိုင်ပျောက် သွားတာမျိုးမဟုတ်ပါဘူး။ ကျနော်တို့ရဲ့အပြစ်အတွက် အပြစ်ဖြေရာယဇ်ပူဇော်ပြီး ဖုံးအုပ်လိုက်တာလောက်ပါပဲ။ ဘုရားသခင်ရဲ့သိုးသငယ်ဖြစ်တဲ့ သခင်ယေရှုရဲ့ အသက်စွန့်ပူဇော်ခြင်းကသာလျှင် ကျနော့်တို့ရဲ့အပြစ်အလုံးစုံ ကို ကျနော်တို့ဆီကနေ ဝေးရာကိုအပြီးတိုင်သယ်ဆောင်ပေးသွားပြီး ဖယ်ရှင်းပစ်လိုက်တာဖြစ်ပါတယ်။ တကယ်ဆိုရင် ကိုယ့်အပြစ်အတွက် ပြန်လည်ပေးဆပ်ရတဲ့ယဇ်မှာ သိုးနဲ့ပဲလုပ်လုပ်၊ ချိုးငှက်လေးနဲ့ပဲလုပ်လုပ် အနည်းနဲ့အများတော့ ငွေကုန်ကြေးကျရှိတာပါပဲ။ သခင်ယေရှုခရစ်တော်ရဲ့လောကကို ဆင်းကြွလာတဲ့အချိန်က စတင်ပြီး လူသားရဲ့အပြစ်မှန်သမျှကို သခင်ယေရှုက အခမဲ့ဖြစ်အောင်ကို ကိုယ်စားဝင်ပေးခဲ့ပါတယ်။           ဒီကနေ့ ကျနော်တို့ခရစ်ယာန်တွေ ကောင်းမှုအတွက်ငွေကုန်ကြေးကျခံပြီး လုပ်မနေပါနဲ့။ မလုပ်ရမနေနိုင်လို့လုပ်ရင်လည်း ဘုရားသခင်ရဲ့ဘုန်းတော်အတွက်လုပ်ပါ။ ဘုရားသခင်ရဲ့နိုင်ငံတော်အတွက် လုပ်ပါ။ ကောင်းကြီးခံစားရဖို့၊ ဘုရားသခင်ရဲ့မျက်နှာသာရဖို့ ရည်ရွယ်ချက်နဲ့တော့ လုံးဝမလုပ်ကြပါနဲ့။
သခင်ယေရှုရဲ့လူ့ဇာတိခံခြင်းသတင်းကောင်းကလည်း အဲဒီလိုပါပဲ။ ငွေကုန်ကြေးကျခံပြီးမှ ကြားနာရတာမျိုးမလုပ်ပါနဲ့။
 
 “ သင်တို့သည်အဖိုးကိုမပေးဘဲ ကျေးဇူးတော်ကိုခံရကြပြီဖြစ်၍ အဖိုးကိုမခံဘဲ
ပေးကမ်းကြလော့။ ”  မဿဲ ၁ဝး ()
ခရစ္စမတ်ကာလရောက်ရင် တချို့သောယုံကြည်သူတွေခမျာ ရင်မောရပါတယ်။ တချို့လန့်ကြပါတယ်။ တချို့ဆိုအိပ်မပျော်ကြပါဘူး။
 
ဟပ်ပီးခရစ္စမတ် ! ”
အဲဒီအသံများကြားရင် ငါ့အိမ်ကိုများလာတာလားလို့ အထိတ်တလန့်ဖြစ်နေရပါတယ်။ သခင်ယေရှုခရစ်တော်ရဲ့ လူ့ဇာတိကိုခံရာညဖြစ်တဲ့ ပထမဆုံးသောခရစ္စမတ်ညမှာတော့ ကောင်းကင်တမန်တွေက သိုးထိန်းတွေကို မကြောက်နဲ့ လို့ဆိုပါတယ်။ နှစ်ပေါင်း (၂ဝဝဝ)ကျော်လာတဲ့ခရစ္စမတ်ညမှာတော့ တချို့သောသူတွေထိတ်လန့် နေကြပါတယ်။ တိုးတက်ပြောင်းလဲလာတယ်လို့ပဲပြောမလား၊ ဘယ်လိုသတ်မှတ်ရမှန်းတောင်မသိတော့ပါဘူး။ ခရစ္စမတ်ကာလမှာ အားလုံးကိုပျော်စေချင်ပါတယ်။ လောကသားတွေအားလုံး ငြိမ်သက်ခြင်းရှိစေချင်ပါတယ်။ ကျနော်တို့တတ်နိုင်တာလေးတွေ သူတစ်ပါးကိုပေးပြီး ဝမ်းမြောက်စေကြရအောင်လားဗျာ။ ကောင်းကင်တမန်တွေကတော့ တစ်ခါတုန်းက ခရစ္စမတ်အကြောင်းကိုပြောပြီး လွမ်းနေကြမယ်ထင်ပါတယ်။
အားလုံးအတွက် ပျော်ရွှင်ငြိမ်သက်မှုကိုခံစားရသော ခရစ္စမတ်ဖြစ်ပါစေ ……

ချစ်ခြင်းအားဖြင့်
သမ္မာအလင်း

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites