သင်ဘာကိုကြားနာနေပါသလဲ ( အပိုင်း ၂ )

(၂) ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသတင်းကိုကြားပြောစေခြင်းငှာ ငါ့ကိုဘိသိက်ပေးတော်မူပြီ။

ဧဝံဂေလိသတင်းစကားဆိုတာ ကြားနာရသူအတွက် အခုဘဝ၊ နောင်ဘဝမုချအကျိုးပေးတဲ့သတင်းကောင်း ဖြစ်ပါတယ်။ တကယ်တော့ ကျနော်တို့နားထဲမှာ ပြည့်လျှံနေအောင်ကြားနေရတဲ့ … … …                         “ မိတ်ဆွေ … ဒီနေ့သေသွားခဲ့ရင် ခင်ဗျားရဲ့ဝိညာဉ်ဟာ ဘယ်ကိုရောက်မယ်လို့ထင်ပါသလဲ ” လို့ စကားပလ္လင်ခံပြီးတာနဲ့ “ သခင်ယေရှုဟာ အပြစ်သားအားလုံးအတွက်လောကကိုကြွဆင်းလာခဲ့တယ်။ ကျနော်တို့ရဲ့အပြစ်အတွက် သူဟာ လက်ဝါးကပ်တိုင်ပေါ်မှာ ရိုက်နှက်သတ်ဖြတ်ခြင်းကိုခံပြီးမှ (၃)ရက်မြောက်တဲ့နေ့မှာ သေခြင်းမစ္စုမာန်ကိုအောင်မြင်ပြီး ရှင်ပြန်ထမြောက်ခဲ့တယ်။ သူ့ကို မိမိဘဝရဲ့ ကယ်တင်ရှင်အဖြစ်လက်ခံယုံကြည်မယ်ဆိုရင် မိတ်ဆွေဟာ အသက်စာစောင်မှာစာရင်းဝင်ပြီး ထာဝရအသက်ကို ရရှိမယ်။ ’’ ဆိုတဲ့သတင်းစကားထဲကလောက်ပဲဆိုရင် အဲဒီဧဝံဂေလိသတင်းစကားကို ကျနော်ကတော့ Half Gospel ( ပါချည်ပါချဲ့သတင်းစကား ) လို့ပဲ သတ်မှတ်ချင်ပါတယ်။ ဧဝံဂေလိသတင်း စကားရဲ့ဂုဏ်ပုဒ်တွေကို ကျမ်းစာကဘယ်လိုဖော်ပြထားသလဲလို့ လေ့လာကြည့်ကြရအောင်လားဗျာ။ 

ထိုကယ်တင်ခြင်းအကြောင်းအရာကို ပရောဖက်တို့သည် စေ့စေ့စစ်ကြောမေးမြန်းရှာဖွေ၍၊ သင်တို့ခံရ သောကျေးဇူးတော်အကြောင်းကို ဟောပြောကြပြီ။ ခရစ်တော်ခံတော်မူရသော ဆင်းရဲကို၎င်း၊ ဆင်းရဲခံပြီးမှ ဝင်စားတော်မူရသောဘုန်းစည်းစိမ်ကို၎င်း၊ သူတို့အထဲ၌ရှိသော ခရစ်တော်၏ဝိညာဉ်သည်သက်သေခံနှင့်  သောအခါ၊ အဘယ်မည်သောသူကို၎င်း၊ အဘယ်သို့သောအချိန်ကာလကို၎င်း ဆိုလိုတော်မူ သည်ဟု မေးမြန်ရှာဖွေကြ၏။ ကိုယ်ဟောပြောပြုစုသော အရာများတို့သည်၊ ကိုယ်အဘို့မဟုတ်၊ သင်တို့ အဘို့ဖြစ်သည်ဟု ထိုသူတို့အား ဖွင့်ပြတော်မူ၏။ ကောင်းကင်ဘုံမှစေလွှတ်တော်မူသော သန့်ရှင်းသော ဝိညာဉ်တော်ပါလျက်၊ သင်တို့အားဧဝံဂေလိ တရားကို ဟောပြောသူတို့သည်၊ ထိုအရာများကို သင်တို့အား ယခုကြားပြောကြပြီ၊ ထိုအရာတို့ကို ကောင်းကင်တမန် တို့သည် စေ့စေ့ကြည့်ရှုစဉ်းစားချင်သော စေတနာ စိတ်ရှိကြ၏။      ရှင်ပေတရုသြဝါဒစာပထမစောင် ၁း ၁ဝ- ၁၂
သင်တို့ရှိရာသို့ ငါရောက်သောအခါ ခရစ်တော်၏ ဧဝံဂေလိတရား၌ ပါသောကောင်းကြီးမင်္ဂလာပြည့်စုံခြင်းနှင့် ရောက်လာမည်ကိုငါသိ၏။ ရောမ ၁၅း ၂၉  

 ဆင်းရဲနွမ်းပါးသူတွေအတွက် ဝမ်းမြောက်စရာသတင်းက ဘယ်လိုသတင်းမျိုးဖြစ်မယ်လို့မိတ်ဆွေ ထင်ပါသလဲ။ ထာဝရကောင်းကြီးမင်္ဂလာတွေ၊ အာဗြဟံရဲ့ကောင်းကြီးကိုအမွေခံရတယ်ဆိုတာတွေ၊ မနက်ဖြန်အတွက်စိုးရိမ်မနေဖို့ပေးခဲ့တဲ့ကတိတော်တွေ မဟုတ်ဘူးလား။ ဒါပေမယ့် တချို့သောခရစ်ယာန်တွေ က ဆင်းရဲနွမ်းပါးမှုကို ဘုရားသခင်ရဲ့အလိုတော်လို့ ထင်မှတ်ပြီး ပျော်မွေ့နေတတ်ကြပါတယ်။ တကယ်တော့ ဘုရားသခင်ဆီမှာ အဲဒီလိုဆန္ဒမျိုးရှိမနေပါဘူး။ ကျနော်တို့ကို ကောင်းကြီးပေးခြင်းအားဖြင့် ဘုရားသခင်က သူ့ရဲ့ဘုန်းတော်ကိုထင်ရှားစေချင်ပါတယ်။
ဆင်းရဲနွမ်းပါးသူတွေ၊ မုဆိုးမတွေ၊ မိဘမဲ့တွေကို ကျနော်တို့အားဖြင့် ကောင်းကြီးပေးချင်ပါတယ်။ တကယ်တော့ ယုံကြည်သူတစ်ယောက်ကို ဘုရားသခင်ရွေးကောက်တဲ့ရည်ရွယ်ချက်ကို ဟေရှာယ ၆ဝး ၄- ၅မှာ- “ အရပ်ရပ်သို့မျှော်ကြည့်လော့။ ခပ်သိမ်းသောသူတို့သည်စုဝေး၍သင့်ထံသို့လာကြ၏။ သင်၏သားသမီးတို့သည် အဝေးကလာ၍ သင်၏အနားမှာ မွေးစားခြင်းကိုခံကြလိမ့်မည်။ ထိုအခါသင်သည် ကြောက်ရွံ့ခြင်းနှင့် ရွှင်လန်းခြင်း ရှိလိမ့်မည်။ နှလုံးတုန်လှုပ်၍ ဝမ်းမြောက်လိမ့်မည်။ အကြောင်းမူကား သမုဒ္ဒရာ၏ကြွယ်ဝခြင်းသည် သင့်ဘက်သို့ပြောင်းလဲ၍ တပါးအမျိုးသားတို့၏ စည်းစိမ်သည် သင့်လက်သို့ရောက်လိမ့်မည်။”လို့ဖော်ပြထားပါတယ်။ နောက်ထပ်ကျမ်းချက်တစ်ချက်လောက်ထပ်လေ့လာကြည့်ရအောင်ဗျာ။      

“ကျမ်းစာလာသည်ကား၊ သူသည်စွန့်ကြဲပြီ။ ဆင်းရဲသောသူတို့အား ပေးကမ်းပြီ။ သူ၏ဖြောင့်မတ်ခြင်းသည် အစဉ်အမြဲတည်တတ်၏ဟု လာသည်နှင့်အညီ၊ သင်တို့သည် အရာရာ၌ သုံးလောက်သောဥစ္စာအမျိုးမျိုး အစဉ်ရှိ၍၊ ကောင်းသောအကျင့် အမျိုးမျိုးနှင့် အထူးသဖြင့် ပြည့်စုံမည်အကြောင်း၊ အမျိုးစုံသောမင်္ဂလာကျေးဇူးနှင့် အထူးသဖြင့် ပြည့်စုံစေခြင်းငှါ ဘုရားသခင်တတ်နိုင်တော်မူ၏။ မျိုးစေ့ကြဲသောသူအား မျိုးစေ့ကို၎င်း၊ အစာအာဟာရကို၎င်း၊ ပေးတော်မူသောသူသည်၊ သင်တို့အားမျိုးစေ့ကိုပေး၍ ပွားများစေတော်မူမည်။ သင်တို့၏ဖြောင့်မတ်ခြင်းကိုလည်း ကြွယ်ဝစေတော်မူမည်။ ထိုသို့ သင်တို့သည် စေတနာစိတ်နှင့် အမျိုးမျိုးသော စွန့်ကြဲပေးကမ်းခြင်းအလိုငှါ အရာရာ၌ကြွယ်ဝခြင်း ရှိသည်ဖြစ်၍၊ ငါတို့အားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းစရာအကြောင်း ရှိလမ့်မည်။ အဘယ်သို့နည်းဟူမူကား၊ ဤလုပ်ကျွေးခြင်းအမှုသည် သန့်ရှင်းသူတို့၏ ဆင်းရဲခြင်းကို မစသည်သာမက၊ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းစရာအကြောင်းအများနှင့် ပြည့်စုံလျက်ရှိ၏။”  ၂ကော ၉း ၈- ၁၂
 
ကျနော်တို့ကို ဘုရားသခင်က သူ့ရဲ့ကြွယ်ဝပြည့်စုံတဲ့ကောင်းကြီးမင်္ဂလာတွေကို ခံယူအသက်ရှင်ရင်း ပတ်ဝန်းကျင်ကို ကူညီထောက်မနိုင်တဲ့သူတွေဖြစ်စေချင်ပါတယ်။ ကျနော်တို့အသက်တာရဲ့အသက်ရှင်မှု     (Life Style)ကိုသူရဲ့ပုံသဏ္ဍာန်တော်နှင့် အညီတိုးတက်ပြောင်းလဲစေချင်ပါတယ်။ ၂ကော ၃း ၁၈
ဘုရားသခင်၏နိုင်ငံတော်နှင့်ဖြောင့်မတ် ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှထိုအရာများကို ထပ်၍ ပေးတော်မူလတံ့။ ထို့ကြောင့် နက်ဖြန် အဘို့မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့သည် မိမိ အဘို့စိုးရိမ်လိမ့်မည်။ ယခုနေ့၌ရှိသော မကောင်းမသင့်သောအရာသည် ယခုနေ့ဘို့လောက်ပေ၏။ ” မဿဲ ၆း ၃၃- ၃၄
သူတပါးအားပေးကြလော့။ ပေးလျှင်သူတပါးသည် သင်တို့အားပေးကြလိမ့်မည်။ အမှန်ခြင်ရုံမျှမက၊ သိပ်နှက်လျက်၊ လှုပ်လျက်၊ လျှံလျက် ရှိခြင်းနှင့် သင်တို့ရင်ခွင်၌ ပေးကြလိမ့်မည်။ အကြောင်းမူကား၊ အကြင်ချိန်၊ တင်းပမာဏနှင့် သင်တို့သည် သူတပါးအားပေး၏၊ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်။ ”        လုကာ ၆း ၃၈

ကဲဗျာ…. အခုလေ့လာလိုက်တဲ့ကျမ်းချက်တွေအားဖြင့် သခင်ယေရှုက သူဟာဆင်းရဲသူတွေအတွက် လက်တွေ့ ကျသောဝမ်းမြောက်စရာသတင်းကို ယူလာတယ်ဆိုတာ အထင်းသားကိုမြင်နိုင်ပါတယ်။ ဒီကနေ့ သခင်က မိတ်ဆွေကိုလည်း ဆင်းရဲသားတွေအတွက် ဝမ်းမြောက်စရာသတင်းကိုကြားပြောသောသူအဖြစ် ဘိသိက်ပေးနေပါတယ်။ မိတ်ဆွေအားဖြင့် လူပေါင်းများစွာကို ဘုရားသခင်က အစာရေစာတွေ၊ အဝတ်အစားတွေ၊ ငွေကြေးတွေ၊ အသုံးအဆောင်မှန်သမျှကို ထောက်ပံ့ချင်ပါတယ်။ ငါဟာ အဲဒီလို ထောက်ပံ့နိုင်သူပါလားဆိုတာကို မိတ်ဆွေယုံကြည်နိုင်ဖို့ပဲလိုတာပါ။ 

“ ယေရှုကလည်း၊ သင်သည် ယုံကြည်နိုင်သလော။ ယုံကြည်သောသူဖြစ်လျှင် ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်သည်ဟုမိန့်တော်မူ၏။  ”


“ ယေရှုကလည်း၊ သင်သည် ယုံကြည်နိုင်သလော။ ယုံကြည်သောသူဖြစ်လျှင် ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်သည်ဟုမိန့်တော်မူ၏။  ”

“ ယေရှုကလည်း၊ သင်သည် ယုံကြည်နိုင်သလော။ ယုံကြည်သောသူဖြစ်လျှင် ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်သည်ဟုမိန့်တော်မူ၏။  ”
မာကု ၉း ၂၃

ဆက်လက်ဖော်ပြပေးသွားပါမည်။

ချစ်ခြင်းအားဖြင့်
သမ္မာအလင်း

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites