ပြောင်းပြန်စီးနိုင်ကြစေချင်

Pyoung Pyan See

လူတိုင်းမှာ သားသမီးမရှိနိုင်ကြပေမဲ့ လူတိုင်းမှာ မိဘရှိကြပါတယ်။ သားသမီးတွေကို ပညာတွေ၊ ရာထူး၊ စည်းစိမ်တွေနဲ့ မပူမပင်၊ မကြောင့်မကျဖြစ်အောင် ပြုစုပျိုးထောင်ပေးနိုင်သူများ၊ ပြင်းထန်တဲ့ ဘ၀ရဲ့ လောကဓံတွေကြောင့် ရင်သွေးငယ်တွေကို သူများတကာတွေလို ထားချင်ပေမဲ့မထားပေးနိုင်ခဲ့သူများ၊ ထားရကောင်းမှန်းမသိလို့ မထားဖြစ်ခဲ့သူများ စသဖြင့် မတူညီနိုင်ခဲ့ကြပေမဲ့ အားလုံးသော သူများဟာ မိဘတွေပဲဆိုတာ ဘယ်သူမှမငြင်းဝံ့ပါဘူး။ ကျမသူငယ်ချင်းတစ်ယောက်က ပြောတယ် "မိဘကို ရွေးချယ် ပိုင်ခွင့်ဆိုတဲ့ အခွင့်အရေးကို သားသမီးတွေက ဘယ်တော့မှ မခံယူထိုက်ပါဘူး၊ ခံယူထိုက်တာက မပြည့်စုံဘူးလို့ ထင်တဲ့ကွက်လပ်ကလေးကို ဖြည့်စွက်နားလည်ပေးဖို့ပဲ လိုတာပါတဲ့ "။ သူပြောတဲ့ စကားလေးက ကျမနှလုံးသား ထဲကို ပျားရည်မြစ်လေးတစ်စင်း အဖြစ်စီးဆင်း စေခဲ့ပါတယ်။ တကယ့်ကို တန်ဖိုးမဖြတ်နိုင်တဲ့ စကားလေးတစ်ခွန်းပါ။ မိဘတွေက ကျမတို့ကို ကျွေးမွေးပြုစု ပျိုးထောင်ပေးခဲ့ကြတာ အပြည့်ဝဆုံးနားလည် ခံစား ပေးပြီး အဆုံးစွန်အထိ စွန့်လွှတ်ချစ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ညရေးညတာ အိပ်ရေးပျက်ခဲ့ရတာ၊ ကိုယ့်အတွက်အခွင့်အရေး အားလုံးနီးပါးကို ပေးလိုက်ရတာ၊ အချိန်တွေ ပေးဆပ်ခဲ့ကြရတာတွေဟာ ပြောလို့လည်းမကုန် ရေးမပြတတ်အောင် များပြားတာ လူတိုင်းအသိပါပဲ။
လူဆိုတဲ့ ကျမတို့တစ်တွေဟာ မိမိဘ၀တက်လမ်းအတွက် ရှေ့ကိုပဲတိုးပြီး အမြဲတမ်းခရီးဆက်နေကြရတဲ့ သူတွေဖြစ်ပါတယ်။ ဒါဟာ မိမိကိုယ်ကို ဘယ်လောက်ချစ်ကြလို့ဆိုတာ ဖွင့်မပြောကြပေမယ့် သိနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် မချစ်နိုင်သေးချိန်၊ မချစ်တတ်သေးခင်မှာ မိဘကို မှီခိုခဲ့ကြပါတယ်။ မိဘတွေဆီကနေ ရနိုင်သလောက် ယူခဲ့ကြပါတယ်။ စဉ်းစားကြည့်ရင် ကျမတို့ဟာ မိဘတွေရဲ့အသွေးကိုစုပ်ယူပြီး တွယ်ကပ် နေကြတဲ့ ကပ်ပါးကောင်တွေလေးလိုပါပဲ။ အချိန်တန်အရွယ်ရောက်လာတဲ့အခါ ရှေ့ကို တက်ဖို့ ကြိုးစား ကြပြန် တယ်။ အဲဒီလို ရှေ့ကိုပဲ ချီတက်ဖို့ကြိုးစားရင်းနဲ့ ထမင်းမစားတတ်ခင်က ထမင်းခွံ့ကျွေးခဲ့တဲ့မိဘ၊ လမ်းမ လျှောက်နိုင်ခင်ကချီပိုးပေးခဲ့တဲ့မိဘကို မမြင်ကွယ်ရာ က ချောင်လေးတစ်ချောင်မှာ ချန်ထားခဲ့ တတ်ကြပါတယ်။ သတိမမူ ဂူမမြင်ဆိုသလို ကြီးမားတဲ့မိဘကျေးဇူးကို သတိမထားမိပဲ ဒီအကြောင်းအရာတွေက လောကကြီးရဲ့ ဖြစ်ရိုးဖြစ်စဉ် တစ်ခုလို့ပဲ သဘောထားမိတတ်ကြပါတယ်။ တကယ်တော့ ဆပ်လို့မကုန်နိုင်တဲ့ မိဘကျေးဇူး တွေကိုနားလည်တုံ့ပြန်ပေးဖို့ဆိုတာ သားသမီးတွေအတွက် ဘ၀ပေးတာဝန်တစ်ခုအနေနဲ့ ရှိနေခဲ့တာပါ။
လူတစ်ယောက်နဲ့ စကားပြောကြည့်ဖူးပါတယ်။ သူကယဉ်ကျေးတယ်၊ ဖော်ရွေတယ်၊ အသောက်အစား ကင်းတယ်၊ အလုပ်ကြိုးစားတယ် စိတ်မကောင်းစရာက သူ့မိဘတွေနဲ့ အဆက်အသွယ်ပြတ်နေတာ သုံးနှစ် ရှိပြီတဲ့။ ကောင်းတဲ့အချက်တွေ ပြည့်နေတဲ့ လူတစ်ယောက်ဖြစ်ရက်သားနဲ့ ဘာကြောင့်ဒီလိုဖြစ်တာလဲလို့ မေးကြည့်မိတယ်၊ ဒီလိုပဲ အလုပ်အကိုင်အတွက် ဒေသခြားပြီး ထွက်လာခဲ့တယ်၊ အစပိုင်းတော့အား လပ်ရက်တွေမှာ အိမ်ကိုပြန်ဖြစ်တယ်၊ နောက်ပိုင်း မပြန်ဖြစ်၊ မပြန်ဖြစ်နဲ့ အခုဆို (၃) နှစ်ရှိသွားပြီတဲ့။ တကယ်ဆို အခြေအနေတွေ၊ အချိန်အခါတွေပေးရက်နဲ့ သူမပြန်ဖြစ်ခဲ့တာပါ။
မိဘတွေက သားသမီးတွေကို သူတို့ထက်တဆင့်ပိုမြင့်တဲ့ နေရာတစ်ခုကို တင်ပေးလိုက်ကြပြီး တစ်ဘ၀လုံးပုံပြီးချစ်ရတဲ့ အဲဒီသားသမီးတွေအတွက် တဆင့်နိမ့်တဲ့နေရာမှာပဲ ပျော်နေနိုင်ကြသူတွေပါ။ ဒါပေမဲ့ လူသားထဲက လူသားတွေပဲမို့ အားငယ်ဝမ်းနည်းတာတွေခံစားတတ်ကြရစမြဲမို့ သားသမီးတွေဝန်းရံပြီး နေခဲ့တဲ့ အချိန်လေးတွေကို တောင့်တမိတတ်ကြမှာပါပဲ။ ကျမတို့ အားငယ်တဲ့အချိန်၊ လမ်းမှားပေါ် ရောက်နေချိန်မှာ မိဘတွေက အားပေးခဲ့တယ်၊ လမ်းပြပေးခဲ့၊ နှစ်သိမ့်ပေးခဲ့ကြပါတယ်။
အခြေအနေ၊ အချိန်အခါ မပေးလို့ မိဘနဲ့အတူ နေချင်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မနေနိုင်တဲ့ သူတွေကို နားလည်စာနာပေးနိုင်ပေမယ့် ခုနကရှေ့မှာပြောသွားတဲ့ သူအကြောင်းပြန်စဉ်းစားကြည့်တဲ့ အခါအခြေအနေပေးခဲ့ရက်နဲ့ အခုလိုဖြစ်တာတော့ အဖြေမရှာတတ်ခဲ့ပါဘူး။
အစဉ်အလာ ရေဆိုတာ မြင့်ရာမှနိမ့်ရာသို့သာ စီးဆင်းမြဲပါ။ ဒီသဘောတရားအတိုင်း မိဘတွေဘက်ကပဲ အနွံတာခံပေးဆပ်ခဲ့ကြပါ တယ်။ ခုခေတ်မှာတော့ ခေတ်မှီတဲ့နည်းစနစ်တွေနဲ့ နိမ့်ရာမှာရှိနေတဲ့ရေကို မြင့်ရာဆီ စီးစေနိုင်ခဲ့ပါပြီ။ ကျမတို့တတွေဟာ ခေတ်နောက်ကြတယ်လို့ အပြောမခံချင်၊ အထင်မခံချင်ကြပါဘူး။ ခေတ်ရှေ့မပြေးနိုင်ရင်တောင်မှ ခေတ်နဲ့တန်းတူ နေချင်ကြပါတယ်။ ခေတ်တွေပြောင်းလဲတိုးတက်လာတာ နဲ့အမျှ ကျမတို့ရဲ့ အရင်တုန်းက အတွေးတွေ၊ အယူပဲရှိပြီး ပြန်ပေးဆပ်ဖို့ မေ့နေခဲ့တာတွေကို ပြောင်းလဲပြီး မိဘကျေးဇူး ဆပ်ရမယ် ဆိုတဲ့ ဘ၀ပေးတာဝန်ကို သဲပွင့်လေးတစ်ပွင့် အဖြစ် တတ်စွမ်းသလောက် ထမ်းဆောင်ကြမယ်ဆိုရင် ဒီကမ္ဘာမြေကြီးဟာ လှပနေမှာပါ။
သားသမီးတိုင်း မိဘမေတ္တာကို နားလည်ခံစားတတ်ပြီး မိဘကျေးဇူးဆပ်နိုင်တဲ့၊ ဆပ်ခွင့်ရတဲ့ သူတွေဖြစ်နိုင်ကြ ပါစေလို့ဆုတောင်းရင်း ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites