ကောရိ န္တု သြဝါဒစာပဌမစောင် ( ၁၃း ၄-၈ )

၎မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်း မရှိ၊ မာန်မာနမရှိ။ ၅လျောက်ပတ်စွာမကျင့်တတ်၊ ကိုယ်အကျိုးကို မရှာတတ်၊ ဒေါသအမျက်မထွက်တတ်၊ အပြစ်ရှိ သည်ဟု မထင်တတ်၊ ၆မတရားသောအမှု၌ ဝမ်းမြောက်ခြင်းမရှိတတ်၊ သမ္မာတရား၌ဝမ်းမြောက်တတ်၏။ ၇ခပ်သိမ်း သောအရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။ ခပ်သိမ်းသောအရာကို မြော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။ ၈မေတ္တာသည် ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏။ ပရောဖက် ဥာဏ်သော်၎င်း၊ အမျိုးမျိုးသောဘာသာစကားကို ပြောနိုင်သောအခွင့်သော်၎င်း၊ သိပ္ပံအတတ်သော်၎င်း၊ ကွယ်ပျောက်လိမ့်မည်။

ဆာလံကျမ်း ( ၉၈း ၁ )

၁ထာဝရဘုရားအား အသစ်သောသီချင်းကို ဆိုကြလော့၊၊ အံ့ဘွယ်သောအမှုတို့ကို ပြုတော်မူပြီ၊၊ လက်ျာလက်တော်နှင့် သန့်ရှင်းသောလက်ရုံးတော်သည် ကိုယ်တော်အဘို့ ကယ်တင်ခြင်းအမှုကို ပြုလေပြီ၊၊

ရှင်လုကာခရစ်ဝင် ( ၅း ၄ )

စကားတော်ပြတ်သောအခါ၊ ရေနက်ရာအရပ်သို့ ရွှေ့ဦးလော့။ ပိုက်ကွန်ကိုချ၍ ငါးကိုအုပ်စမ်း လော့ဟု ရှိမုန်အား မိန့်တော်မူ၏။

ယေရမိအနာဂတ္တိကျမ်း ( ၂၀း ၇ )

၇အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို သွေးဆောင်တော်မူသည်အတိုင်း၊ အကျွန်ုပ် လိုက်ပါပြီ။ ကိုယ်တော်သည် အကျွန်ုပ်ထက်အားကြီး၍ နိုင်တော်မူပြီ။

ဧဖက်သြ၀ါဒစာ ( ၄း ၂၆-၂၇ )

၂၆အမျက်ထွက်ရာတွင် အပြစ်မရှိ စေနှင့်။ ၂၇အမျက် မပြေဘဲ နေမဝင်စေနှင့်။ မာရ်နတ်ကို အခွင့်မပေးကြနှင့်။

Fireproof-Full Movie


ဒီဇာတ်ကားလေးကလည်း အသင်းတော်အခြေပြု ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထားတာပါ။
အမေရိကန်မှာတော့ ၀င်ငွေစံချိန်ချိုးခဲ့တဲ့ကားလို့ သိရပါတယ်။
တစ်စုံတရာ ရရှိနိုင်ကြပါစေလို့ ဆန္ဒမွန်ပြုလျက်

ချစ်ခြင်းအားဖြင့်
သမ္မာအလင်း

မှားယွင်းသော ပရောဖက်နဲ့ ပတ်သက်တာလေးပါ


ကျနော်တို့ ညီအစ်ကို၊ မောင်နှမတွေအတွက် ဗဟုသုတရစေဖို့ ရည်ရွယ်ပြီး တင်ပေးလိုက်တာပါ။
ပရောဖက်ပြုတယ်ဆိုတာ ကျမ်းစာမှာ အတိအလင်းဖော်ပြထားတဲ့ ဆုကျေးဇူးတစ်မျိုးဖြစ်ပါတယ်။
ဒါပေမယ့် သမ္မာကျမ်းစာပေါ်မှာ အခြေပြုတဲ့ မှန်ကန်တဲ့ ပရောဖက်ပြုချက် ဟုတ်၊ မဟုတ်ဆိုတာ
ကျနော်တို့တွေ ဘယ်လိုသိနိုင်မှာလဲ ........
ပရောဖက်ပြုခြင်းကို မထီမဲ့မြင် မပြုသင့်သလို အရမ်းကာရောကြီးလည်း မျက်စိမှိတ်ယုံလို့ မရပါဘူး။
ယုံကြည်သူတိုင်း အလိုတော်ကို သိနားလည်နိုင်ကြပါစေလို့ ဆန္ဒမွန်ပြုရင်း

ချစ်ခြင်းအားဖြင့်
သမ္မာအလင်း



Facing the Giants (Full Movie) 9 subtitles



စိတ်ဓာတ်ကျစရာတွေ၊ အရှုံးတွေနဲ့ရင်ဆိုင်နေရသူတွေအတွက် ဒီဇာတ်ကားလေးအားဖြင့် ဘုရားသခင်စကားပြောမယ်လို့ ယုံကြည်ပြီး တင်ပေးလိုက်ပါတယ်။
ဒီဇာတ်ကားမှာ သင်းအုပ်ဆရာတွေ၊ ယုံကြည်သူတွေ ပါဝင်သရုပ်ဆောင်ထားပြီး
ဘုရားသခင်ရဲ့မစခြင်းကျေးဇူးတော်နဲ့အတူ အခြေအနေပေါ်မှာ မရပ်တည်ဘဲ
 နှုတ်ကပတ်တော်ကို ၀န်ခံခြင်းရဲ့ရလဒ်တွေကို ရှုစားရမှာဖြစ်ပါတယ်။
ဒီဇာတ်ကားအားဖြင့် မျှော်လင့်ချက်တွေ အသစ်တဖန်မွေးဖွားနိုင်ကြပါစေခင်ဗျာ ......

ချစ်ခြင်းအားဖြင့်
သမ္မာအလင်း




သန့်ရှင်းသောဝိညာဉ်တော်



ဓမ္မဟောင်းကာလ၌ သန့်ရှင်းသောဝိညာဉ်တော်သည် လူတစ်ဦးတစ်ယောက်ပေါ်သို့
ခေတ္တခဏသာ ဆင်းသက်၍ လူတစ်ဦးတစ်ယောက်၏အသက်တာကို အသုံးပြုသည်။
ယခုကာလသည် နောက်ဆုံးသောကာလ (သို့) ကျေးဇူးတော်ကာလ (သို့) အသင်းတော်ကာလသို့ ရောက်လာသောအခါ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်တော်တို့ယုံကြည်သူများ၏
အသက်တာထဲ၌ စရံအဖြစ် ကယ်တင်ခြင်းရရှိသည့်နေ့မှစ၍ လက်ခံရရှိခဲ့ ကြသည်။
ယေရှုသည် ရေနှစ်ခြင်းမင်္ဂလာကို ခံယူချိန်မှစ၍ သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝရသည်။
(မာကု ၁း၉၊ မဿဲ ၃း၁၁-၁၇၊ လုကာ ၃း၂၁-၂၂၊ ယော ၁း၂၉-၃၄)
ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝမှသာ အမှုတော်ဆောင်ခြင်းကို စတင်လာသည်။
သို့သော် တပည့်တော်များကတော့ မရိပ်မိဘဲနေကြသည်။ ယေရှုသည် နမိတ်လက္ခဏာများစွာပြသော်လည်း အရင်းအမြစ်ကို တပည့်တော်များသဘောမပေါက်ခဲ့ပါ။ ထို့ကြောင့်ကျမ်းစာကို နားလည်စေခြင်းငှါ တပည့်တော်တို့ ၏ဥာဏ်ကို ဖွင့်တော်မူလျှင်.. လုကာ ၂၄း၄၅
သူတို့လုပ်ရမည့်အလုပ်ဟောရမည့်တရားများကို ပြောပြခဲ့သည်။ သို့သော်ခမည်းတော်၏ ကတိတော်ရှိသည့် အတိုင်း သင်တို့၌ ငါပြုဦးမည်။ သို့ဖြစ်၍ သင်တို့သည် ကောင်းကင်က တန်ခိုးကို မခံမီတိုင်အောင် ယေရုစလင်မြို့၌ နေကြဦးလော့ဟု မိန့်တော်မူ၏။ လုကာ ၂၄း၄၉၊ တမန် ၁း၎
ယေရှုက သူ၏တပည့်တော်များကို ကောင်းကင်ကတန်ခိုးကို စောင့်ဆိုင်းစေသည်။

သန့်ရှင်းသောဝိညာဉ်တော်နှင့်ပတ်သက်သည့် ကတိတော်တချို့

၁။ ယောလ ၂း၂၈-၂၉ - လူမျိုးတကာအပေါ်သို့ (ငါ၏အမှုကိုဆောင်ရွက်သောယောကျာင်္း၊ မိန်းမတို့အပေါ်သို့)
၂။ ဟေရှာယ ၂၈း၁၁ - စကားမပီသောနှုတ်၊ ရိုင်းသောလျှာ (ဝိညာဉ်တော်နှစ်ခြင်းနှင့်ပတ်သက်၍)
၃။ မဿဲ ၃း၁၁ - ငါ့နောက်မှကြွလာသောသူသည် သန့်ရှင်းသောဝိညာဉ်တော်၌၎င်း၊ မီး၌၎င်းဗတ္တိဇံပေးမည်
၎။ မာကု ၁း၈၊ မဿဲ ၃း၁၆၊ လုကာ ၃း၂ - ယေရှုကိုယ်တော်တိုင် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝ၏။

သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်လာခြင်း

၁။ တမန် ၁း၎-၈ - သင်တို့အပေါ်သို့သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုခံရ၍

ကတိတော်ပြည့်စုံခြင်း

၁။ တမန် ၂း၁-၄ - သန့်ရှင်းသောဝိညာဉ်တော်ကို အထက်အရပ်မှသွန်းလောင်းခြင်း
၂။ တမန် ၈း၁၅-၁၇ -ရေနှစ်ခြင်းခံပြီး သန့်ရှင်းသောဝိညာဉ်တော်ကို ခံရကြ၏။ (း၁၆ - တစ်ယောက်အပေါ်မျှ ဝိညာဉ်တော်မသက်ရောက်သေး၊း၁၇ - လက်တင်သောအခါ.. တမန် ၁၉း၆ )
၃။ တမန် ၁၀း၄၄-၄၇ - တရားတော်နာသောသူအပေါင်းတို့အပေါ်၌ သန့်ရှင်းသောဝိညာဉ်တော်သက်ရောက် (း၄၆ - ထိုသူတို့သည် အမျိုးမျိုးသောဘာသာစကားအားဖြင့်ပြော၍ ချီးမွမ်းကြ၏။ ) ယေရှုခရစ်တော်သည် သင့်အား သန့်ရှင်းသောဝိညာဉ်တော်ထဲ၌ နှစ်ခြင်းပေးရန် စောင့်နေပါသည်။
သန့်ရှင်းသောဝိညာဉ်တော်ကို ဟေဗြဲဘာသာစကားအားဖြင့် RUACH (မူရင်း)
သန့်ရှင်းသောဝိညာဉ်တော်ကို ဂရိဘာသာစကားအားဖြင့် PNEUMA (မူရင်း)
တိုက်ခတ်သောလေကို Ruah ဟုခေါ်ဆို၏။ ဝိညာဉ်တော်ဖြစ်သည့်အတိုင်း သဘာဝထက် လွန်ကဲသည်။
သန့်ရှင်းသောဝိညာဉ်တော်သည် ခံစားချက်တန်ခိုးသက်သက်မဟုတ်၊ သန့်ရှင်းသောဝိညာဉ်တော် တွင်လည်း ဂုဏ်အင်္ဂါရှိပါသည်။ ယော ၃း၈ - လေတွင်လွတ်လပ်ခြင်းရှိသကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်တွင် လွတ်လပ်ခြင်း ရှိသည်။ သို့သော်လည်း ဦးတည်ချက်ရှိသည်။ ဘုရားသခင်၏တန်ခိုးတော်လည်းဖြစ်သည်။
၎။ ယော ၅း၇၊ ၂ကော ၃း၁၇၊ ယော ၄း၂၄ - ဘုရားသခင်သည် ဝိညာဉ်ဖြစ်၍ သူ၏တရားတော်သည် လွတ်ခြင်းချမ်းသာကိုပေးတတ်၏။ ဘုရားသခင်သည် နံဝိညာဉ်ဖြစ်၍ ဝိညာဉ်နှင့်ကိုးကွယ်ရမည်။
၅။ ဆာလံ၁၃၉း ၇-၈ - သန့်ရှင်းသောဝိညာဉ်တော်သည် နေရာတိုင်းတွင်ရှိသည်။ (ပုဂ္ဂိုလ် Person ဖြစ်သည်။)
၆။ ရောမ ၈း၂၇ - စဉ်းစားတွေးတောတတ်၏။ စိတ်နှလုံးကို စစ်သောသဘောရှိသည်။
၇။ ၁ကော ၁၂း၁၁၊ ယော ၁၆း၁၃၊ ၁၆း၇၊ တမန် ၁၃း၂ - သန့်ရှင်းသောဝိညာဉ်တော်သည် ဆန္ဒရှိ၍ အလိုရှိသည့်အတိုင်း လုပ်ဆောင်တတ်သည်။
၈။ ဗျာဒိတ် ၃း၆၊ ၃း၁၃၊ ၂၂၊ ၂း၇၊ ၁၁၊ ၁၇၊ ၂၉ - သန့်ရှင်းသောဝိညာဉ်တော်၌ အသံတော်ရှိ၏။ ဝိညာဉ်တော်၏အသံကို ကြားနိုင်သည်။ စကားပြောတတ်၏။ နားရှိသောသူမည်သည်ကား ကြားပါစေ။
၉။ ရောမ ၁၅း၃၀-၃၁၊ ဧဖက် ၄း၃၀ - Emotion ခံစားချက်ရှိသည်။ ချစ်ခြင်းမေတ္တာကရုဏာချစ်ခြင်းရှိသော ဝိညာဉ်တော်ဖြစ်သည်။ စိတ်နာတတ်၏။
၁၀။ မဿဲ ၁၂း၃၁-၃၂၊ ဟေရှာ ၆၃း၁၀ - ပုန်ကန်၍ သန့်ရှင်းသောဝိညာဉ်တော်ကိုစိတ်နာစေကြ၏။ သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားသောသူသည် ယခုဘဝ၊ နောင်ဘဝအပြစ်လွှတ်ခြင်းမရှိ။

သန့်ရှင်းသောဝိညာဉ်တော်၏ပုံဆောင်ချက်အမျိုးမျိုး

၁။ ချိုးငှက် (Dove) - မာကု ၁း၁၀ ၊ နူးညံ့သိမ်မွေ့ခြင်း၊ သန့်ရှင်းခြင်း၊ ငြိမ်သက်ခြင်းကို ပုံဆောင်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် နူးညံ့သိမ်မွေ့သောကြောင့် လူတို့၏ဆန္ဒမပါဘဲ အဘယ်အမှုကိုမျှမပြု။
၂။ ဆီ (Oil) - ထွက်မြောက် ၂၉း၇၊ ၂၈း၄၁၊ လုကာ ၄း၁၈ ၊ ဆီနှင့်လိမ်းသဖြင့်၊ ဆီကိုယူ၍ သူ၏ခေါင်းပေါ်မှာလောင်းသဖြင့်၊ ဟောပြောခြင်းငှါ ဘိသိက်ခြင်း
၃။ မီး (Fire) - တမန် ၂း၁-၄၊ ဝတ်ပြု ၂း၂၄၊ ၁၀း၂၊ ၃ရာ ၁၈း၃၈-၃၉၊ ထွက် ၃း၂၊
၎။ ဝတ်ရုံ (Clothes) - ၄ရာ ၂း၈-၁၃၊ တမန် ၁-၈
၅။ အာမခံပစ္စည်း (Pledge, Ransom) - ၂ကော ၁း၂၂
၆။ တံဆိပ် (Seal) - ၂ကော ၁း၂၂၊ မဿဲ ၂၇း၆၆၊ ဧဖက် ၁း၁-၎
၇။ ရေ (Water) - ယော ၇း၃၇-၃၉၊ ၄း၁၉၊ ယေဇ ၃၆း၂၅-၂၇၊ ဟေရှာ ၁၂း၃၊ ယောလ ၂း၂၈
၈။ လေ (Wind) - ယော ၃း၈၊ ၁ကော ၁၂း၁၁

သန့်ရှင်းသောဝိညာဉ်တော်၏ဆုကျေးဇူးအချို့ (၁ကော ၁၂း၇-၁၁)

၁။ တန်ခိုးတော်ဆု -
၁) တန်ခိုးကိုပြနိုင်သောနမိလက္ခဏာဆု၊ ၂) ယုံကြည်ခြင်းဆု၊ ၃) အနာရောဂါငြိမ်းခြင်းဆု
၂။ ဗျာဒိတ်တော်ဆု -
၁) ပညာ၊ ၂) ထိုးထွင်းခြင်း၊ ၃) စိတ်ဝိညာဉ်ပိုင်းခြားခြင်း၊
၃။ မှုတ်သွင်းခြင်းဆု -
၁) ပရောဖက်ပြုခြင်းဆိုင်ရာဆုကျေးဇူး၊ မြင်ခြင်း၊ ကြားခြင်း၊ ၂) အမျိုးမျိုးသောဘာသာစကား ပြောခြင်း၊
၃) အမျိုးမျိုးသောဘာသာစကား၏အနက်ပြန်ခြင်း
ဆုကျေးဇူး (၃) မျိုးစလုံးသည် သဘာဝထက်လွန် ဆုကျေးဇူးများဖြစ်၍ ခရစ်တော်အပေါ်အုတ်မြစ်ချကာ ညီညွတ်ခြင်း၊ ချစ်ခြင်းမေတ္တာတိုင်ဖြင့်ဆက်လက်၍ ထပ်ဆင့်တည်ဆောက်သည်။
၁ကော ၁၂ - ဆုကျေးဇူးအကြောင်းဖော်ပြ၍ ယေရှုခရစ်တော်၏ခန္ဓာ၌ရှိသောအင်္ဂါ၊
၁ကော ၁၃ - ချစ်ခြင်းမေတ္တာနှင့်ဆုကျေးဇူးမေတ္တာအရင်းခံ၍အသုံးပြုရန်
၁ကော ၁၄ - ဆုကျေးဇူးများစွာရှိသော်လည်း ဘုရားတစ်ပါးတည်းရှိကြောင်း
ရောမ ၅း၅ - သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းပေးသော ဘုရားသခင်၏မေတ္တာသည် Agape ချစ်ခြင်းမေတ္တာဖြစ်ပြီး အတုမဲ့(တုနှိုင်းမဲ့) မေတ္တာဖြစ်သည်။

ပရောဖက်ပြုခြင်းဆိုင်ရာဆု (Prophecy )

ပရောဖက်ပြုခြင်းကို ဟေဗြဲဘာသာဖြင့် NABA ၊ ဂရိဘာသာဖြင့် Prophecy ဟုခေါ်သည်။
၁ကော ၁၂-၁၄ ဤစကားလုံး ၂၂ ကြိမ်ရှိသည်။ ပရောဖက်ပြုခြင်းသည် သာမန်ဘာသာစကားအားဖြင့် သဘာဝထက်လွန်ကဲသောအရာများကို ဖော်ပြသည်။
၁) ပရောဖက်ပြုခြင်းဆုသည် လိုအပ်သောနေရာ၊ လိုအပ်သောအချိန်၌ လိုအပ်သလိုအသုံးပြုရန်ဖြစ်သည်။ အချိန်တိုင်းပြုလုပ်စရာမလိုပါ။
၂) ပရောဖက်ပြုခြင်းဆိုင်ရာဆုကျေးဇူးနှင့်အမှုတော်ဆောင်ခြင်းသည် အသက်တာ၌ ပရောဖက်ပြုခြင်းနှင့် သာ အမှုတော်ဆောင်ရခြင်း။

စစ်မှန်သောပရောဖက်ပြုခြင်း (၁ကော ၁၄း၃)

၁) တည်ဆောက်ခြင်း
၂) တိုက်တွန်းသွေးဆောင်ခြင်း
၃) လူများကိုသက်သာစေခြင်း
တန်ခိုးနှင့်ဆိုင်သောဆုကျေးဇူး
၁) နိမိတ်လက္ခဏာပြနိုင်ခြင်း
၂) ယုံကြည်ခြင်းတန်ခိုး
၃) အနာရောဂါငြိမ်းခြင်းဆုကျေးဇူး
၎) ဗျာဒိတ်ရူပါရုံဆုကျေးဇူး
၅) ထိုးထွင်းခြင်းဆုကျေးဇူး
၆) ကြိုတင်မြင်နိုင်သောဆု
၇) အတွင်းထဲ၌ စီးထွက်သောပရောဖက်ဆု
၁ကော ၁၃း၉ - မစုံမလင်သောအရာ၊ မစုံမလင်စွာပရောဖက်ပြုတတ်သေးသည်။
၁သက် ၅း၁၉-၂၀ - ပရောဖက်ပြုခြင်းကို မထီမဲ့မြင်မပြုရ။ မှန်၊ မမှန်ပရောဖက်ပြုခြင်းခံသောသူသာ စစ်ဆေးနိုင်သည်။ လေးစားရမည်။
ယောန ၃း၎-၁၀ - နိနဝေမြို့ဖျက်ဆီးမည့်အကြောင်း ပရောဖက်ပြုပြီး၊ ဘုရားသခင်သည် ပရောဖက်ပြုချက် ပြည့်ဝစွာ အကျိုးရှိစေကာ နိနဝေမြို့ကို မဖျက်ဆီးဘဲနေ၏။ ဘုရားအကြံကိုပြောင်းလဲစေသည်။
၁ကော ၁၄း၁ - ပရောဖက်ပြုခြင်းဆုကို အလွန်အလိုရှိပါ။
၁ကော ၁၄း၃၁ - လူတိုင်းပရောဖက်ပြုနိုင်၊ တစ်ယောက်ကိုတစ်ယောက်ပရောဖက်ပြုနိုင်၊ အတွင်းထဲက မှုတ်သွင်းခြင်းခံရသောဆုဖြစ်သည်။

ဗျာဒိတ်တော်ဆုကျေးဇူး

၁) အိပ်မက်ရူပါရုံကို စကားလုံးအားဖြင့်ဖော်ပြသည်။ ဥာဏ်ပညာ (ဘုရားသခင်ထံမှလာသောပညာ)
၁ကော ၂း၆-၈ - ဘုရားသခင်၏ဝှက်ထားသောစကားသည် မဖြစ်သေးသောအရာကို ဖော်ပြ၍ ဘုရားသခင်ထံမှ လာသောပညာဖြစ်သည်။
ကမ္ဘာ ၄၁း၆ - ယောသပ်က ဖာရောဘုရင်၏အိပ်မက်ကို ပြန်ပေးသောပညာဥာဏ်သည် ဘုရားသခင်ထံမှဖြစ်သည်။
၂) ထိုးထွင်းခြင်းဥာဏ်ပညာ (အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကို ဖော်ပြသည်)
၎ရာ ၆း၁၁-၁၂ - ဧလိရှဲသိသောဥာဏ်ပညာသည် ထိုးထွင်းခြင်း
ယော ၄း၁၆ - ယေရှုခရစ်တော်က ရှာမာရိမိန်းမကိုသိသောဥာဏ်သည် ထိုးထွင်းခြင်း
ကောလောသဲ ၂း၃ - ဘုရားသခင်ထဲ၌ နက်နဲသောပညာဘဏ္ဍာကိုဝှက်ထားရှိ
၁ကော ၁၂း၁၀ - စိတ်ဝိညာဉ်ကိုပိုင်းခြားခြင်း (ဘုရားသခင်ထံမှလော၊ စာတန်ထံမှလော )
ယော ၁း၄၇ - နာသနေလထဲရှိသောအရာကို ယေရှုခရစ်တော်မြင်ခြင်း
ယော ၂း၂၅ - လူ၏အထဲ၌ရှိသမျှကို ပိုင်းခြားသိခြင်း
တမန် ၁၆း၁၆-၁၈ - နတ်ဆိုးစွဲသောသူအားစိတ်ဝိညာဉ်ပိုင်းခြားသိ၍ နတ်ဆိုးနှင်ထုတ်၊ ဝိညာဉ်ပိုင်းခြားသောဆု ဖြစ်သည်။

ယုံကြည်ခြင်းဆု

ကောင်းကင်မှလာသော ဘုရားသခင်၏ သဘာဝထက်လွန်ကဲ၍ လိုအပ်သောအချိန်၌ သက်ရောက်လာ၏။

သန့်ရှင်းသောဝိညာဉ်တော်၌ပါသော အရည်အချင်းအချို့

၁) ဟေရှာယ ၁၁း၂ - ထာဝရဘုရား၏ဝိညာဉ်တော်တည်းဟူသော
(က) ဥာဏ်ပညာကိုပေးသောဝိညာဉ်
(ခ) ကြံစည်တတ်စွမ်းနိုင်သောသတ္တိကိုပေးသောဝိညာဉ်
(ဂ) ထာဝရဘုရားကိုသိ၍ ကြောက်ရွံ့ခြင်းကိုပေးသောဝိညာဉ်

၂) ယော ၁၄း၁၆-၁၈ -
(က) သမ္မာတရားကိုဖော်ပြသောဝိညာဉ်
(ခ) အစဉ်မပြတ်အတူရှိနေသောဝိညာဉ်

၃) ယော ၁၆း၇-၈ -
(က) ဒုစရိုက်အပြစ်ကိုဖော်ပြမည်
(ခ) အပြစ်ကင်းခြင်းကိုဖော်ပြမည်
(ဂ) အပြစ်စီရင်ခြင်းကို ဖော်ပြမည်။

၎) ယော ၁၄း၂၆ -
(က) ခပ်သိမ်းသောအရာတို့ကို ပြသသွန်သင်မည်
(ခ) ငါပြောသမျှကို မှတ်မိနိုင်သောဥာဏ်ကို ပေးမည်။

၅) ယော ၁၆း၉-၁၀ - (က) ငါ့ကိုမယုံကြည်သောကြောင့် ဒုစရိုက်အပြစ်ကိုဖော်ပြ။
(း၁၀) ဤလောကို အစိုးရသောမင်းသည် အပြစ်စီရင်ခြင်းကိုခံရသောကြောင့် အပြစ်စီရင်ခြင်းကိုဖော်ပြမည်။
(း၁၃)
၁။ သမ္မာတရားနှင့် ပြည့်စုံသောဝိညာဉ်တော်၊
၂။ သမ္မာတရားကိုသင်တို့အား အကြွင်းမဲ့သွန်သင် ပြသလိမ့်မည်။
၃။ ထိုဝိညာဉ်တော်သည် ကိုယ့်အလိုအလျှောက်ဟောပြောသည်မဟုတ်၊ ကြားသမျှဟောပြောလိမ့်မည်။
(း၁၄)
၁။ ထိုသူသည် ငါ၏ဘုန်းကို ထင်ရှားစေလိမ့်မည်။
၂။ ငါနှင့်စပ်ဆိုင်သောအရာကို သင်တို့အားဖော်ပြလိမ့်မည်။

၆) ရောမ ၈း၁၆ - ဘုရားသခင်၏သားဖြစ်ကြောင်း ဝိညာဉ်တော်က သက်သေခံသည်။
၇) ဧဖက် ၃း၁၆ - သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ငါတို့၏အတွင်းလူကို ခွန်အားဖြင့်ပြည့်စေတယ်။
၈) ဧဖက် ၁း၁၄ - ချီဆောင်ခြင်းမခံမီ သန့်ရှင်းသောဝိညာဉ်တော်သည် ငါတို့၏စားရန်ဖြစ်သည်။
၉) ဧဖက် ၁း၁၃ - ကယ်တင်ခြင်းလက်ခံချိန်၌ သန့်ရှင်းသောဝိညာဉ်တော်က တံဆိပ်ခတ်သည်။
၁၀) ဒံယေလ ၄း၉ - သန့်ရှင်းသောဝိညာဉ်တော်က နက်နဲသောအရာရှိသမျှကို ဖွင့်ပြမည်။

သန့်ရှင်းသောဝိညာဉ်တော်၏အသီး

ဂလာတိ ၅း၂၂ - ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်း။
သန့်ရှင်းသောဝိညာဉ်တော်လုပ်ဆောင်ပေးသောအရာအချို့ (ကူညီသော)
၁။ ယုဒ ၁း၂ - သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဌနာပြုခြင်း
၂။ ၁ပေ ၁း၁၂ - သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဟောပြောသောအရာကို ကောင်းကင်တမန်တို့သည် စေ့စေ့ ကြည့်ရှုစဉ်းစားလိုသောစေတနာစိတ်ရှိကြ၏။
၃။ ၁တိ ၁း၁၄ - သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ပေးသောအရာကို စောင့်ရှောက်ပေးခြင်း
၎။ ၂ကော ၃း၈ - သန့်ရှင်းသောဝိညာဉ်တော်သည် ဘုန်းအာနုဘော်တော်နှင့် ပြည့်စုံရလိမ့်မည်။
၅။ ၂ကော ၃း၆ - သန့်ရှင်းသောဝိညာဉ်တော်မူကား ရှင်စေတတ်၏။
၆။ ၁ကော ၂း၁၁ - သန့်ရှင်းသောဝိညာဉ်တော်သည် လူ၏နက်နဲသောအရာ၊ ဘုရားသခင်၏နက်နဲသောအရာကို သိသည်။
၇။ ရောမ ၁၅း၁၃ - သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့် မျှော်လင့်ခြင်းပါရမီနှင့်ကြွယ်ဝစေတယ်။ ယုံကြည်သောစိတ်ရှိ၍ ဝမ်းမြောက်သက်သာခြင်းအမျိုးမျိုးတို့နှင့် ပြည့်စုံမည်အကြောင်း
၈။ တမန် ၉း၁၁ - ပေါလုရှိသည့်နေရာ၊ အခြေအနေကိုသိတယ်။
၉။ ဇာခရိ ၄း၆ - အောင်မြင်ခြင်းပေးတယ်။
၁၀။ တမန် ၂း၁၇-၁၈ - ပရောဖက်ဥာဏ်အားဖြင့် ဟောပြောခွင့်ပေးတယ်။
၁၁။ ရောမ ၈း၂၆-၂၇ - ဘုရားသခင်၏အလိုတော်နှင့်အညီ ဆုတောင်းပေးတယ်။
၁၂။ ရောမ ၈း၁၄ - ဘုရားသားသမီးများကို ဆုံးမပဲ့ပြင်တယ်။

ဆရာမဒေါ်ခင်သန်းမြင့်







ရင့်ကျက်သောအသက်တာ


ရှင်ယာကုပ် သြ၀ါဒစာသည် ယုံကြည်သူများအသက်တာမည်ကဲ့သို့ရင့်ကျက်စေရမည်ကို သွန်သင်လမ်းပြပေးသောစာ ဖြစ်သည်။ ရင့်ကျက်ခြင်းဆိုသည်မှာ သမ္မာတရားကိုသိပြီး         သမ္မာတရားအတိုင်း အသက်ရှင်လျှောက်လှမ်း ခြင်း ဖြစ်သည်။
ဘုရားကျောင်းတစ်ခုတွင် သင်းအုပ်ဆရာ တစ်ယောက်က ဤသို့ မေးခွန်းထုတ်ခဲ့သည်။
“ ဘုရားရှင်ရဲ့ နှုတ်ကပတ်တော်ထဲက ကတိတော်တွေကို တွေ့ရင် ဘာလုပ်သလဲ”
အမျိုးသမီးတစ်ယောက်က -
“အဲ့ဒီ ကျမ်းပိုဒ်ကို မျဉ်းတားပြီး Underline လုပ်လိုက်တယ်”  ဟု ပြန်ဖြေခဲ့သည်။ 
ယနေ့ ကျမ်းစာထဲရှိ ဘုရားရှင်ပေးထားသော ကတိတော်များကို underline အနီ အဝါ တားရုံမျှက မလုံလောက်ပါ။ လိုက်လျှောက်ပြီး အသက်တာတွင် လက်တွေ့ခံစားရန် ဖြစ်ပါသည်။ အသင်းတော်ထဲတွင် ယုံကြည်သူ နှစ်မျိုးနှစ်စားရှိတတ်သည်။ တစ်မျိုးမှာ ကလေးဆန်သော ယုံကြည်သူနှင့် ရင့်ကျက်သော ယုံကြည်သူ ဖြစ်သည်။ ကလေးဆန်သော ယုံကြည်သူများသည် ကောင်းကြီးမင်္ဂလာကို မျှော်ကိုးပြီး ဘုရားကျောင်းသို့ လာတတ်ကြသည်။  ကောင်းကြီးရလျှင် ပျော်ကြသည်။ မရလျှင် မပြုံးတတ်တော့ပေ။ 
ထိုကဲ့သို့ မရင့်ကျက်သော ယုံကြည်သူတွေအတွက် ဘုရားရှင်ရဲ့ Commands ( မိန့်မှာချက်) များကို               လိုက်လျှောက်ဖို့ ခက်ခဲနေတတ်သည်။ ရင့်ကျက်သော ခရစ်ယာန်အသက်တာသည် ဘုရားသခင် အလိုတော်ရှိသော အသက်တာ ဖြစ်သည်။
ယာကုပ် ၁း၁၉-၂၇
နှုတ်ကပတ်တော်ကို ကြားနာခံယူရန် အရေးကြီးသည်။ ကြားနာပြီးလျှင် လိုက်နာရမည်၊ လက်တွေ့ လုပ်ဆောင်ရမည်။ သို့မှသာ ကောင်းကြီးပြည့်ဝသော အသက်တာကို ဦးတည်လာမည်။
နှုတ်ကပတ်တော်ကို သိလျှက်နှင့် မလုပ်ဆောင်သူများသည် “ကိုယ့်ကိုယ်ကို လိမ်ညာသူ”၊ “မိမိကိုယ်ကိုယ်လှည်းဖျားသူများ” ဖြစ်သည်။ စာတန်သည်လှည့်ဖျားသောသူ ဖြစ်သည်။ သို့သော်မိမိကိုယ်ကို လိမ်လည်ခြင်းသည် အဆိုးရွားဆုံးဖြစ်သည်။

ရှင်ယာကုပ်သြ၀ါဒစာမှသွန်သင်သော ယုံကြည်သူများလုပ်ဆောင်ရမည့်တာဝန် Responsibilities (၃) ချက်

(၁) ဘုရားရှင်ရဲ့ နှုတ်ကပတ်တော်ကို လက်ခံရယူရမည်။ (to receive His Words)


ရှင်ယာကုပ် ၁း၁၉-၂၁
“စိုက်ပျိုးခြင်းခံရသော နှုတ်ကပတ်တော်” ဟု ဖော်ပြထားသည်။
စိုက်ပျိုးခြင်းခံရ သောနှုတ်ကပတ်တော်ဆိုသည်မှာ နှလုံးသားထဲမှာ အမြစ်စွဲနေသော နှုတ်ကပတ်တော်ကို ဆိုလိုသည်။ ရှင်ဟာကုပ်ပြောသော ထိုနှလုံးသားမြေသည် ကောင်းသောမြေဖြစ်သည်။  ထိုကောင်းသောမြေမှသာ အဆ ၃၀၊ ၆၀ ၊၁၀၀ တိုးပွားစေမည်ဖြစ်သည်။
ကယ်တင်ခြင်းစိတ်ချမှုဖြစ်စေ ၊ ယုံကြည်သူအသက်တာ ရင့်ကျက်ခြင်းကိုဖြစ်စေ အသီးနှင့် ဆုံးဖြတ်ကြသည်။ နှုတ်ကပတ်တော်ကို နားထောင်ခြင်း၌ စိတ်အားထက်သန်ရမည်။ 
သို့သော် စကားပြောရာတွင် နှေးရမယ်။   ကလေးငိုခြင်းကို မိခင်ဖြစ်သူက လျှင်မြန်စွာ ကြားတတ်ကြသကဲ့သို့  ဘုရားရှင်က သူ့သားသမီးများကို ထိုကဲ့သို့ ဖြစ်စေချင်သည်။ နှုတ်ကပတ်တော်ကို ကြားသောအခါ မိမိအတွက်ခံယူနားထောင်ရမည်။ “သူကြားရင်ကောင်းမယ်”ဟု သူတစ်ပါးအတွက် နားမထောင်ရ။ “နားရှိသူတိုင်းကြားပါစေ” ဟုရှင်ယာကုပ် ပြောခြင်းသည် နားရှိလျှက်နှင့်လည်း မကြားတတ်သော သူရှိသောသူဖြစ်သည်။  ထို့ကြောင့် နားရှိသူပီပီ လျှင်မြန်စွာကြားတတ်ဖို့ လိုသည်။
ဓမ္မရာဇဝင်ဒုတိယစာစောင်တွင် ဒါဝိဒ်မင်းသည်ဗက်လင်မြို့မှ ရေကို သောက်ချင်သည်ဟု နှုတ်မှညည်းရုံလေး  ညည်းသောအသံကို ကြားပြီး သူ၏ နောက်လိုက်သုံးယောက်သည်   
ရန်သူ ဖိလိတ္တိတပ်ကို မကြောက်မ့ရွံ ဖြတ်ကာ အသက်စွန့်ပြီး ရေသွားခပ်ပေးကြသည်။                နှုတ်ကပတ်တော်အတွက် ထိုကဲ့သို့ဖြစ်ရမည်။ နှုတ်ကပတ်တော်ကို ရဖို့အတွက် အဖိုးအခပေးပြီး လုပ်ဆောင်ရမည်။ ကျမ်းစာကပြောလာလျှင် Yes နဲ့ Amen ဖြစ်သည်။ (ပြောသည့်အတိုင်းဖြစ်သည်)            ဘုရားရှင်က ဖြစ်နိုင်သည်ဟု ပြောနေခြင်းကိုမဖြစ်နိုင်ဟု မပြောပါနှင့်။                                                 နှုတ်ကပတ်တော် ကျွန်တော်တို့ နှလုံးသားမှာ အမြစ်စွဲဖို့ လိုအပ်သည်။ ထို့ကြောင့်
         (၁) နားကြားခြင်းငှာလျှင်မြန်ရမည်။
         (၂) စကားပြောရာမှာ နှေးရမယ်။
         (၃) ဒေါသအရာမှာလည်း နှေးရမည်ဖြစ်သည်။
တချို့သောသူတို့သည် နှုတ်ကပတ်တော်ကိုနားထောင်ပြီး ဒေါသထွက်တတ်သောသူများ ရှိသည်။
ပေတရုသည် စကားပြောမြန်ပြီး  နားထောင်ရာတွင်နှေးသောသူတစ်ဦး ဖြစ်ခဲ့သည်။                             ထို့ကြောင့် သခင်ယေရှု ကိုယ်တိုင်က “စာတန် ငါ့နောက်သို့ဆုတ်လော့”ဟုပြင်းထန်သောစကားကို ပြောခဲ့သည်။ ဘုရားသခင် “ဘာဖြစ်စေချင်သလဲ” ဆိုတာ ကောင်းကောင်းနားမထောင်သောအခါ လုပ်ဆောင်မှုများတွင် အမှားဖြစ်လာသည်။ နှလုံးသားတွင်ရှိသော ချုံနွယ်များအား ဘုရားရှင်ရဲ့စကားတော် ပေါက်ရောက်နိုင်ဖို့ရှင်းထုတ်ရမည်။ ပေါင်းသင် မြက်နှုတ် ပေးရမည်။ သို့မှသာ နှုတ်ကပတ်တော် မျိုးစေ့သည် ကောင်းမွန်စွာ အပင်ပေါက်မည်ဖြစ်သည်။

(၂) နှုတ်ကပတ်တော်ကိုလက်တွေ့လုပ်ဆောင်ပါ။ (practice the Word of God)



သမ္မာကျမ်းစာဟာ ကြည့်မှန်ကဲ့သို့ ဖြစ်သည်။ မိမိ၏ အခြေအနေမှန် အဖြစ်မှန်ကို မြင်တွေ့စေသည်။            မိမိကိုယ်ကို ထိုကြည့်မှန်အားဖြင့် စစ်ဆေးနိုင်သည်။ မှန်ကို ကြည့်ပြီး မိမိရဲ့ဝက်ခြံ (pimple) များကို တွေ့သောအခါ ပယ်ရှားပစ်ရန်နည်းလမ်းကိုရှာကြသကဲ့သို့ ဘုရားရှင်ရဲ့ နှုတ်ကပတ်တော်မှန်ကို ကြည့်ခြင်းဖြင့်မြင်လာသော အားနည်းချက်၊ မပြည့်စုံမှု၊ ဒုစရိုက်များကို ပယ်ရှားပစ်ရန် ဖြစ်သည်။              မှန်ကိုကြည့်ပြီး မိမိမျက်နှာတွင် မြင်ရသောညစ်ပေမှုများကို မပယ်ရှားသောသူတစ်ယောက်မျှမရှိပါ။
ဘုရားရှင်ရဲ့ နှုတ်ကပတ်တော်ဟာ ကြည့်မှန်ကဲ့သို့ အပြစ်ကိုသာဖော်ပြနေခြင်းမဟုတ်ဘဲ                        ပြန်လည် တည်ဆောက်ခြင်းအမှု (restoration)ကိုလည်း လုပ်ဆောင်ပေးသည်။                                       နှုတ်ကပက်တော်သည် ရေကဲ့သို့ ဖြစ်ပြီးအသက်တာကို ဆေးကြောသန့်စင်စေသည်။
တဲတော်တွင် သန့်ရှင်းရာဌာနတော်ထဲမ၀င်ခင် လက်ဆေးရန် အင်တုံကိုထားရှိသည်။ ယဇ်ပရောဟိတ်တို့သည် သန့်ရှင်းရာတဲတော်ထဲမဝင်ခင် မိမိကိုယ်ကို ထိုရေဖြင့်သန့်စင်စေရသည်။     ထိုနည်းတူစွာ ဘုရားသခင်ရှေ့တော်မှာ မိမိကိုယ်ကို နှုတ်ကပတ်တော် ရေအားဖြင့် သန့်စင်စေရမှာဖြစ်တယ်။

(၃) နှုတ်ကပတ်တော်ကို ဝေမျှရမည်။ (Share the Word of God)


ဘာသာရေးသက်သက် လုပ်ဆောင်ခြင်းသည် အပြင်ပန်းလုပ်ဆောင်ခြင်းမျှသာ ဖြစ်သည်။                   ဘုရားသခင်သည် နှလုံးသားကိုမြင်သော ဘုရားဖြစ်သည်။ အစေခံနှလုံးသားဖြင့် နှုတ်ကပတ်တော်ကို ဝေမျှရမည်။ ကျွန်ုပ်တို့ နှုတ်မှပြောသောအရာများသည် နှလုံးသားမှာဘာရှိသလဲ ဆိုသည့်အရာကို ဖော်ပြနေသည်။       ထို့ကြောင့် နှုတ်ကို ချုပ်တည်းနိုင်သောသူသည် အရာအားလုံးကို ချုပ်တည်းနိုင်သောသူ ဖြစ်သည်ဟု ဖော်ပြထားသည်။ နှလုံးသားထဲတွင် နှုတ်ကပတ်တော်ရှိလျှင် နှုတ်ကပတ်တော်သာ ထွက်ပေါ်လာမည်။
ယာကုပ်အခန်းကြီး(၂)သည် ဘုရားသခင်အား မည်သို့အစေခံရမည်ကို သွန်သင်လမ်းပြထားသည်။      ဘုရားရှင်ရဲ့ သမ္မာကျမ်းစာသည် အပြစ်ကို ဖော်ပြသည်။ ဆေးကြောသန့်စင်စေသည်။
ပုံသဏ္ဏာန် ပြောင်းလဲစေသည်။ နောက်ဆုံးတွင် အစေခံကျွန်ကောင်းဖြစ်စေသည်။
ပရောဖက်ဟေရှာယသည် ဘုရားရှင်ကို မြင်သောအခါ သူ၏အပြစ်မစုံလင်မှုများကို မြင်လာသည်။            ဘုရားရှင်၏ မီးအားဖြင့် ဆေးကြောသန့်စင် ပုံသဏ္ဏာန်ပြောင်းလဲစေပြီး    အစေခံကျွန်ကောင်း တစ်ယောက် ဖြစ်စေသည်။ ယနေ့ ကမ္ဘာကြီးသည်  ပျက်ဆီး၊ ဆိုးညစ်မှုများနှင့် ပြည့်ဝနေပါသည်။                                       ထိုပျက်စီးမှုထဲတွင် ယုံကြည်သူတို့  အသက်ရှင်နေကြရသည်။ သို့သော် လောကနှင့် သီးသန့်နေတတ်သော ယုံကြည်သူများဖြစ်ဖို့ လိုအပ်သည်။ သီးသန့်နေခြင်းဆိုသည်မှာ လောက၏ အညစ်အကြေးများကို ၀င်ရောက်မခံခြင်း ဖြစ်သည်။ အမှန်တကယ်တွင်မူ  ကျွန်ုပ်တို့လိုက်လျှောက်အသက်ရှင်ရန် ဘုရားပေးထားသောမိန့်မှာချက်များမှာ ၀န်ထုတ်ဝန်ပိုးမဖြစ်ပါ။ (၁ယော ၅း၃)       
သို့သော် လောကီ၏အတွေးအခေါ်လွှမ်းမိုးမှုများက ၀န်ထုတ်ဟု ထင်မြင်စေသည်။    ဤလောကနှင့် အပေးအယူလုပ်နေလျှင် ဘုရားနှုတ်ကပတ်တော်အတိုင်း အသက်ရှင်ခြင်းသည် သင့်အား လေးလံစေလိမ့်မည်။ လောကီအရာများနှင့် ကင်းဝေးလာလေလေ နှုတ်ကပတ်တော် အတိုင်း အသက်ရှင်ခြင်း၌ ပျော်မွေ့လေလေ ဖြစ်မည်။ ထို့ကြောင့် လောကီသွေးဆောင်ခြင်းအား ငြင်းပယ်တတ်သောသူဖြစ်ရန် လိုအပ်သည်။ နှုတ်ကပတ်တော်အားဖြင့် အနိုင်ယူရမည်။
နှုတ်ကပတ်တော်ကို နှလုံးသားထဲတွင် စွဲမြဲစွာ စိုက်ပျိုးခြင်းကို ခံယူလျှက် လက်တွေ့ အသက်ရှင်ခြင်းအားဖြင့် ဘုရားဘုန်းတော်ထင်ရှားပါစေ။

 Pastor Soon Lee(Pastor, Full Gospel Assembly, Kepong)
19th February 2012@KEPONGmcf
(ဆရာမခင်စန်းမော်၏ ဖေ့ဘုတ်မှ ကူးယူတင်ပြထားခြင်းဖြစ်ပါသည်။)

ဘုရားသခင်၌ မိမိအသက်တာကို ကိုယ်တိုင်ဆက်ကပ်အပ်နှံခြင်း


ယခု ဤဝေငှချက်ကို  ယာကုပ် ၄း၇-၉ ကျမ်းပိုဒ်ကို အခြေပြုထားပါသည်။ ယာကုပ် ၄း၇-၉ ကိုဖတ်ပါ။

နိဒါန်း

Submit ဟူသော စကားလုံး၏ အဓိပ္ပါယ်မှာ အရှုံးပေးသည်။ အပ်နှံသည်။ မိမိ၏ အခွင့်အာဏာကို တပါးသူအား ပေးအပ်သည်…စသည်ဖြင့် ကြိယာစကားလုံးတစ်ခုအဖြစ် သိရှိခဲ့ရပါသည်။ ထိုစကားလုံးနှင့် ပတ်သက်ပြီး သင်မည်ကဲ့သို့ ခံစားပါသနည်း။

ကျွန်တော်တို့ ငယ်စဉ်က ထိုစကားလုံးမှာ မိခင်နှင့် ဖခင်တို့ကို ရည်ရွယ်ခဲ့သည်ဟု ထင်မြင်ခဲ့ပါသည်။ ကျောင်းနေသည့် အရွယ်သို့ ရောက်သောအခါ ဆရာ၊ ဆရာမများအတွက် ရည်ညွှန်းသည်ဟု ထင်မြင်ခဲ့ ပြန်ပါသည်။ ကျောင်းပြီး၍ လုပ်ငန်းခွင်ထဲသို့ ရောက်သောအခါ အလုပ်ရှင်၊ (သို့) မန်နေဂျာ စသောသူတို့ အတွက်သာ ဖြစ်သည်ဟု ထင်မြင်ခဲ့ပြန် ပါသည်။ နောက်ဆုံးတွင် ဘုရားသခင်ကို သိကျွမ်းလာပြီးနောက် အသက်တာကို သခင်ထံသို့ အပ်နှံလိုက်သော အချိန်တွင် ထိုစကားလုံး၏ အဓိပ္ပါယ် အစစ်အမှန်မှာ သခင့် အတွက်သာ ဖြစ်သည်ကို သိခွင့် ရရှိလိုက်ပါသည်။

သခင်၊ သခင်ဟု ငါ့ကို လျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမသြဝါဒ ပေးပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုပ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင်နှင့် နတ်ဆိုးတို့ကို နှင်ထုပ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပြီ မဟုတ်လောဟု အများသောသူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့ လျှောက်ကြ သောအခါ သင်တို့ကို ငါအလျှင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည်။ (မဿဲ ၇း၂၁-၂၃)

တပည့်တော်ဖြစ်ခြင်း၏ လက္ခဏာသက်သေဟူသည်မှာ အဘယ်နည်း။ ထိုမေးခွန်းကို ဖြေကြားမည် ဆိုပါလျှင် ဘုရားသခင်၏ အလိုတော်အတိုင်း အသက်ရှင် လိုက်လျှောက်ခြင်းသည် တပည့်တော်ဖြစ်ခြင်း၏ လက္ခဏာ သက်သေတစ်ပါး ဖြစ်သည်ဟု ဆိုနိုင်ပါသည်။
အထက်ပါကျမ်းပိုဒ်ထဲမှ သခင်၊ သခင် ဟုခေါ်နေသောသူများမှာ ကောင်းသောအကျင့်နှင့်
ပုံသက်သေပြသနိုင်သော သူများဖြစ်သည်ဟု ကျွန်ုပ် မထင်ပါ။

သူတို့သည် သခင်ကို အနက်ရှိုင်းဆုံး နှလုံးသား တစ်နေရာမှ သိကျွမ်းကြသူများ မဖြစ်နိုင်ပါ။ သူတို့သည် သခင်ကို အပေါ်ယံသာ သိရှိကြသည်။ ထိုသူတို့သည် အမှုတော်ဆောင်များ ဖြစ်နိုင်ပါသည်။ နှုတ်ကပတ်တော် ဟောပြောနေသော အမှုတော်ဆောင်များ ဖြစ်နိုင်ပါသည်။ သူတို့သည် မိမိကိုယ် မိမိကျေနပ် စေရန်သာ လုပ်ဆောင်နေသောသူများ ဖြစ်နိုင်ပါသည်။ ယုံကြည်သူ ပရိသတ်များထံမှ လက်ခုပ်သြဘာ ရရှိရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေသော သူများလည်း ဖြစ်နိုင်ပါသည်။
ထိုသူတို့သည် အံ့သြဘွယ် ကောင်းလောက်အောင် ကြီးမားသော အမှုတော်လုပ်ငန်းကြီးများလည်း      ရှိနိုင်ပါသည်။ သူတို့၏ ကြီးမားကျယ်ပြန့်လှသည့် အမှုတော်လုပ်ငန်းကြီးများကို တစ်နိုင်ငံလုံးက လက်ခုပ်သြဘာ ပေးခဲ့ကြပြီး မယုံကြည်နိုင်လောက်အောင် အလှူငွေများလည်း လက်ခံရရှိခဲ့ကြသည်။ အဖြစ်အပျက်တစ်ခုကို ပြောပြလိုပါသည်။ ထိုအဖြစ်အပျက်မှာ အမေရိကန်နိုင်ငံတွင် ဖြစ်ခဲ့သည်ဟု မှတ်သားခဲ့ရပါသည်။ PTL Club ကို တည်ထောင်သူ Jim Bakker အကြောင်းဖြစ်ပါသည်။

 Jim Bakker သည် ၁၉၈၀ ခုနှစ်တွင် အမေရိကန်နိုင်ငံ ကာရိုလိုင်းနား ပြည်နယ် တောင်ပိုင်းတွင် အမှုတော်လုပ်ငန်းတစ်ခုကို အစပျိုး ထူထောင်ခဲ့ပါသည်။ ထို့နောက် အမေရိကန်နိုင်ငံတွင် တတိယမြောက် အအောင်မြင်ဆုံးသော အမှုတော်လုပ်ငန်းကြီး ဖြစ်လာခဲ့ပါသည်။ အမေရိကန် တစ်နိုင်ငံလုံးကို ဂြိုလ်တု စလောင်းဖြင့် ရုပ်သံအစီအစဉ်ကို (၂၄) နာရီလုံး ထုပ်လွှင့်ခဲ့ပါသည်။ ထိုအစီအစဉ်ကို ကြည့်ရှုသူများထံမှ တစ်ပတ်လျှင် ဒေါ်လာတစ်သန်းခန့် အပတ်စဉ် လက်ခံရရှိခဲ့သည်။ ထိုသို့ဖြင့် အခြားသော မီဒီယာ လုပ်ငန်းများကိုလည်း ဆက်လက် လုပ်ဆောင်ခဲ့လေသည်။ နောက်ပိုင်းတွင် Mission Of PTL ကို ထူထောင်ခဲ့ လေသည်။ လူထု မီဒီယာ လုပ်ငန်းဖြင့် အမှုတော်လုပ်ငန်း အောင်မြင်ခဲ့သည်ဟု ဆိုရပေမည်။ လူထုဟောပြောပွဲကြီးများကို ကဇာတ်ရုံကြီးများ၊ အားကစားရုံကြီးများတွင် ပြုလုပ်အောင်မြင်ခဲ့သည်။ "ယေရှုသာ ဒီကနေ့ အသက်ရှင်နေမယ်ဆိုရင် ဟောဒီ ရုပ်မြင်သံကြား အစီအစဉ်ကနေ ဟောပြောလိမ့်မယ်" ဟု ဟောပြော ခဲ့လေသည်။

Jim Bakker သည် သူ၏ အမှုတော်လုပ်ငန်းအတွက် အံ့သြစရာ ကောင်းလောက်အောင် ထူးခြားသော နည်းလမ်းများကို အသုံးပြုပြီး ငွေကြေးများ သုံးစွဲခဲ့လေသည်။ မနာလိုသောသူများ၊ PTL၏ အောင်မြင်မှုကို မရှုစိမ့်နိုင်သူများက PTL ဆိုသည်မှာ Pass The Loot (အဓမ္မ ငွေဖြုန်းတီးသည်) ဟုပင် ပြောဆိုခဲ့ကြသည်။

နောက်ဆုံးတွင် Jim Bakker သည် ထောင် (၅)နှစ် ကျသွားခဲ့သည်။ ၁၉၉၄ ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်နေ့ တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။ သူသည် ၁၉၉၆ ခုနှစ်တွင် ကိုယ်တိုင်ရေးသားသော စာအုပ်တစ်အုပ် ထုပ်ဝေ ခဲ့လေသည် ထိုစာအုပ်၏ ခေါင်းစဉ်မှာ I was wrong. (ကျွန်တော်မှားခဲ့တယ်) ဟူ၍ ဖြစ်ပြီး သူမှားယွင်းခဲ့သမျှ ကို ထိုစာအုပ်ထဲတွင် ဖွင့်ချရေးသားခဲ့သည်ဟု ကြားသိခွင့် ရခဲ့ပါသည်။

ကျွန်တော်တို့ ကိုယ်တိုင်လည်း Jim Bakker ကဲ့သို့ အမှားမလုပ်ခင် မိမိတို့ကိုယ် မိမိတို့ သခင့်ထံ ဆက်ကပ်ဖို့၊ အပ်နှံဖို့ လိုအပ်ပါလိမ့်မည်။
လုကာ ၆း၄၆ တွင် သခင်က "ငါ့စကားကို နားမထောင်ဘဲ အဘယ်ကြောင့် ငါ့ကို သခင်၊ သခင် ဟု ခေါ်ကြသနည်း။ (လုကာ ၆း၄၆)ဟု ရေးသားထားပါသည်။ ကျွန်တော်တို့ သခင်ထံ မည်ကဲ့သို့ မိမိတို့ကိုယ် မိမိတို့ အပ်နှံရပါမည်နည်း။ အချက် (၃)ချက် တင်ပြလိုပါသည်။

    * 1. ကျွန်တော်တို့သည် တွန်းလှန်ခြင်းအားဖြင့် အပ်နှံရမည်။
    * 2. ကျွန်တော်တို့သည် ရွှေ့ပြောင်းခြင်းအားဖြင့် အပ်နှံရမည်။
    * 3. ကျွန်တော်တို့သည် ၀မ်းနည်းမှုများ ခံစား၍ အပ်နှံရမည်။

(က) ကျွန်တော်တို့သည် တွန်းလှန်ခြင်းအားဖြင့် အပ်နှံရမည်။

ထို့ကြောင့် ဘုရားသခင်၏ အလိုတော်သို့ လိုက်ကြလော့။ မာရ်နတ်ကို ဆီးတာကြလော့။ သို့ပြုလျှင် သူသည် သင်တို့ထံက ပြေးသွား လိမ့်မည်။ (ယာကုပ် ၄း၇)

ကျွန်တော်တို့သည် ဘုရားသခင်ကို ဆက်ကပ်အသက်ရှင်လိုသည်ဆိုပါက ဆန့်ကျင်တွန်းလှန်ရမည့်အရာများ ရှိနေပါသည်။

ကျွန်တော်တို့အတွက် အပေါင်းအဖော်ဆိုသည်မှာ အလွန် အရေးကြီးပါသည်။ အမှုအရေးတစ်ခု ရင်ဆိုင်ရမည်။ ပြဿနာ တစ်ခုကို ဖြေရှင်းရမည် ဆိုပါက ပိုမို၍ပင် အရေးကြီးသည်မဟုတ်ပါလား။ တစ်ခါတစ်ရံ ထိုပြဿနာ အတွက် မည်သို့ လုပ်ဆောင်ရမည်၊ မည်သို့ ပြောဆိုရမည်ကို ကိုယ်တိုင်မသိသောအချိန်အခါတွေ အများအပြား ရှိနေတတ်ပါသည်။ ထိုအချိန်များအတွက် အသိအကျွမ်းများသည် အလွန်အရေးပါလာသည်။ အရာခပ်သိမ်းကို ကျွမ်းကျင်စွာ ဖြေရှင်းပေးနိုင်မည့်သူတစ်ဦး ကျွန်တော်တို့အတွက် လိုအပ်ပါသည်။

သို့သော်လည်း ထိုအမှုအရာအတွက် ကျွန်တော်တို့ကို ရင်းနှီးပြီးဖြစ်သူတစ်ဦးသည် ကျွန်တော်တို့က မဖိတ်ခေါ်သော်လည်း အတူနေချင်သည်ဟု ဆိုကာ အတင်းအဓမ္မ ဝင်ရောက်လာသူ တစ်ဦးရှိပါသည်။ ထိုသူမှာ စာတန်ပင်ဖြစ်သည်။ မဖိတ်ခေါ်ဘဲနှင့် ကျွန်တော်တို့ အသက်တာထဲသို့ အတင်းဝင်ရောက်ကာ နေရာယူ စိုးမိုးလေ့ရှိပါသည်။

ဆရာကြီး C.S Lewis ရေးသားသော စာအုပ်ထဲတွင် "ဤစကြဝဠာကြီး၏ အစိတ်အပိုင်း တစ်ခုစီတိုင်း၊ နေရာတိုင်း၊ အရာရာတိုင်းကို ဘုရားသခင်နှင့်သာ သက်ဆိုင်ပြီး စာတန်က အခွင့်မရှိဘဲ အဓမ္မ ယူဆောင် အသုံးပြု နေသည်" ဟု ရေးသားထားပါသည်။

ဖြစ်နိုင်ပါသည်။ ထိုစာတန်ကို နေရာ မပေးချင်သော်လည်း အခွင့်အရေးမပေးချင်သော်လည်း သူက နေရာတိုင်းကို လွှမ်းမိုး ပိုင်စိုးနေပါသည်။ စာတန်သည် သင်မသိသေးသော ဆိုးသွမ်းမှုများ၊ ဆိုးရွားမှုများ၏ နောက်ကွယ်တွင် ရှိနေပါသည်။ လူသတ်ခြင်၊ မုသာပြောခြင်း၊ လုယက်ခြင်း၊ ဆန့်ကျင်ခြင်း . . . အစရှိသောအရာများသည် သူနှင့်သာ ဆိုင်သည် မဟုတ်ပါလော။

 ဧဖက် ၆း၁၀-၁၂ တွင်
" ကြွင်းသော စကားဟူမူကား ညီအကိုတို့၊ သခင် ဘုရားအားဖြင့်၎င်း၊ တန်ခိုးတော် အရှိန်အားဖြင့်၎င်းကောင်း၊ ခိုင်ခန့်ခြင်း ရှိကြလော့။ မာရ်နတ်၏ ပရိယာယ်တို့ကို တာဆီးနိုင်မည်အကြောင်း၊ ဘုရားသခင်သည် ပြင်ဆင်တော်မူသော လက်နက်စုံကို ဝတ်ဆောင်ကြလော့။ အကြောင်းမူကား ငါတို့သည် မိုဃ်ကောင်းကင်၌နေသော နတ်ဆိုးတို့နှင့်၎င်း ဆိုင်ပြိုင်တိုက်လှန်ရကြ၏။" (ဧဖက် ၆း၁၀-၁၂)

၁ပေ ၅း၈-၉ "သမ္မာသတိရှိလျက် မအိပ်ဘဲ စောင့်နေကြလော့။ သင်တို့၏ ရန်သူတည်းဟူသော မာရ်နတ်သည် ဟောက်သော ခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်းဟူ၍ လှည့်လည် ရှာဖွေလျက် ရှိ၏။ သို့ဖြစ်၍ လူပြည် အရပ်ရပ်တို့၌ရှိသော သင်တို့ ညီအကိုများတို့သည် ထိုသို့သော ဆင်ရဲကို ခံရကြသည်ဟု သိမှတ်လျက်၊ ယုံကြည်ခြင်း၌ တည်၍ မာန်နတ်ကို ဆီးတားကြလော့။" (၁ပေ ၅း၈-၉)

ကျွန်တော် ချစ်သော ညီအကို မောင်နှမများကို ပြောချင်သောအရာမှာ ကျွန်တော်တို့သည် တိုက်ပွဲထဲတွင် ရောက်ရှိနေကြပါသည်။ စာတန်သည် ကျွန်တော်နှင့် သင့်ကို သတ်ဖြတ်ရန် ကြံစည် လုပ်ဆောင်နေပါသည်။ သင်နှင့် ကျွန်တော်ကို သူ၏ ထောင်ချောက်ထဲ ရောက်ရှိစေရန် လုပ်ဆောင်နေပါသည်။ ကျွန်တော်တို့ချစ်သော သခင်ထံမှ လမ်းလွှဲစေရန် ကြိုးစားနေသည်။ သခင်ရဲ့ စကားကို နားမထောင်စေရန် ဖြားယောင်းနေပါသည်။ သခင်ရဲ့ ဆန္ဒအတိုင်း ကျွန်တော်တို့ အသက်မရှင်စေရန် ကြိုစားကြံစည်နေသည်။ သင်ကိုယ်တိုင် သတိရှိပါ။ သခင်ထံမှ ခွန်အားများကို တောင်းခံပါ။ သခင်ပေးတဲ့ ခွန်အားတွေနဲ့ သူကို ဆန့်ကျင်နိုင်ပါစေ။

သခင့်ကို များများ ဆက်ကပ်ပြီး အသက်ရှင်နိုင်ရန် စာတန်ကို များများ တွန်းလှန် တိုက်ထုပ်ရမည် ဖြစ်ပါသည် သခင်တစ်ဦးတည်းသာ ကျွန်တော်တို့ရဲ့ ခွန်အားနဲ့ အကွယ်အကာဖြစ်ပါသည်။

(ခ) ကျွန်တော်တို့သည် နေရာ ရွှေ့ပြောင်းခြင်းဖြင့် ဆက်ကပ်ရမည်။

ဘုရားသခင်၌ ချဉ်းကပ်ကြလော့။ သို့ပြုလျှင်၊ သင်တို့၌ ချဉ်းကပ်တော်မူလိမ့်မည်။ (ယာကုပ် ၄း၈)

တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းခြင်းကို မည်သူကမျှ လက်ခံ နှစ်သက်ခြင်း မရှိကြပေ။ ရွှေပြောင်းသည် ဆိုရာတွင် ဆုံးရှုံးမှုများ ရှိသည်။ နာကျင်မှုများ ရှိသည်။ အလွန်အလုပ်များသည်။ ကျွန်တော်တို့ ရှိနေသည့် နေရာမှ ဘုရားသခင်ထံသို့ ရွှေ့ရာတွင်လည်း တစ်စုံတစ်ရာ အဖိုးအခများ ပေးဆပ်ရသည်။ ထို့ကြောင့် ထိုအလုပ်ကို မည်သူကမျှ လုပ်ဆောင်လိုခြင်း မရှိကြချေ။ အချို့သော သူတို့သည် မိမိတို့ ရှိနေသည့် အပြစ်နွံ ထဲတွင် ပျော်ရွှင်နေကြပြီး ထိုနေရာမှ ရွှေ့ပြောင်းလိုခြင်း မရှိကြချေ။ နောင်တရသောသူ၊ ခရစ်တော်ထံ လှည့်လာသော သူများကိုပင်လျှင် ထိုသူတို့က အပြစ်တင် ပြောဆိုနေကြသည်။ တစ်နေ့သော အခါ ထိုသူတို့သည် နှုတ်ကပတ်တော် ဧဝံဂေလိ တရားတော်ကို ကြားနာခဲ့ပါလျှင် ထိုအခြေအနေမှ တွန်းလှန် ရုန်းထွက်လာလိမ့်မည် ဟု ယုံကြည်ပါသည်။

တစ်ခါက တရားဟောဆရာ တစ်ဦးသည် ကျမ်းစာထဲတွင် ဖော်ပြထားသော အပြစ်များကို အမျိုးအစားခွဲခြားပြီး (၇၂၆) မျိုး ရှိကြောင်း ရှင်းလင်ကာ ဟောပြောသင်ကြားပေးခဲ့ပါသည်။ မကြာမီ လူအများအပြားထံမှ စာပေါင်း မြောက်များစွာ ရရှိခဲ့ပြီး ထိုအပြစ်ထဲတွင် သူတို့ အမှန်တကယ် ကျရောက်နေကြောင်း ဝန်ခံထားသော စာများ ရောက်လာခဲ့သည်။ သို့သော် အချို့သောသူများက လက်မခံချင်ကြဘဲ ထိုတရားကို ဟောပြောသော ဆရာကြီးကိုပင် လှောင်ပြောင် ကဲ့ရဲ့ ခဲ့ကြလေသည်။ ထိုသူတို့သည် သူတို့ ရှိသောနေရာတွင် မွေ့လျှော်နေကြပြီး မပြောင်း ရွှေ့ချင်သောသူများ ဖြစ်ကြသည်။

 အချို့သောသူများမှာမူကား သူတို့ထံသို့ ဘုရားသခင်ကို လာစေချင်သည်။ သူတို့ကမူ ဘုရားသခင်ထံ သွားဘို့ မကြိုးစားကြချေ။ ထိုသူတို့က "ငါတို့ ဘုရားကျောင်းကို သွားချင်တဲ့ စိတ်ရှိရင် သွားမယ်။ ကျမ်းစာ ဖတ်ချင်တဲ့ စိတ်ရှိရင် ဖတ်မယ်။ ဖတ်ချင်တဲ့ စိတ်မရှိရင်တော့ မတတ်နိုင်ဘူး။ ဘုရားသခင် ငွေကြေး ပြင်ဆင်ပေးရင်တော့ ဘုရားကျောင်းကို သွားမယ်။ သို့မဟုတ် တစ်ခါ တစ်ရံ သွားရောက်ခြင်းကပင်လျှင် လုံလောက်နေပြီဟု ခံစားနေကြသည်။ တစ်ခါတစ်ရံ အကူအညီလိုရင် ဘုရားကျောင်းကိုသွားမယ်။ ဒါမှမဟုတ်ရင် သွားစရာမလိုဘူး လို့ ထင်နေတတ်ကြပါသည်။

လူတိုင်း လျှောက်လှမ်းနေသော ဘဝအသက်ရှင်မှုထဲတွင် ပြဿနာများ ရှိနေတတ်ကြသည်။                      ပြဿ ရှိနေခြင်းကပင်လျှင် ဘဝဖြစ်နေသည်။ Frank Sinatra က ပြောခဲ့ဖူးသည်မှာ ကျွန်တော် လျှောက်လှမ်းဘို့ လမ်းတွေကို ကျွန်တော်အကောင်းဆုံး လုပ်ဆောင်ခဲ့ပါတယ်။ သို့သော်လည်း အဲဒီအထဲမှာ ပြဿနာတွေ အမြဲ ရှိနေခဲ့တယ်" ဟူ၍ ပြောခဲ့ဖူးပါသည်။ ကျွန်တော်တို့ ရှိသော နေရာမှ ဘုရားသခင်ထံ အရောက်သွားဖို့ လိုအပ်ပါသည်။ ထိုသို့ ကျွန်တော်တို့သည် ဘုရားသခင်ထံ ရွှေ့လျားမှသာ ဘုရားသခင်၏ ငြိမ်သက်ခြင်းကို ခံစားပြီး ဘုရားသခင်ထံ ဆက်ကပ်သော အသက်တာဖြင့် အသက်ရှင်နိုင်မည်ဖြစ်ပါသည်။

"တွေ့နိုင်သည့် ကာလတွင် ထာဝရ ဘုရားကို ရှာကြလော့။ နီးတော်မူသည် ကာလတွင် ဆုတောင်းပဌနာ ပြုကြလော့။ ဆိုးသောသူသည် မိမိလမ်းကို၎င်း၊ မတရားသောသူသည် မိမိအကြံတို့ကိုလည်းကောင်း၊ စွန့်ပစ်၍ ထာဝရ ဘုရားထံတော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင် သနားတော်မူလိမ့်မည်။ ငါတို့ ဘုရားသခင်ထံတော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင် အထူးသဖြင့် အပြစ်ကို လွှတ်တော်မူလိမ့်မည်။ "(ဟေရှာယ ၅၅း ၆-၇)

"ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်။ ငါ့ထမ်းဘိုးကို တင်၍ ထမ်းကြလော့။ ငါ့ထံ၌ နည်းခံကြလော့။ ငါသည် နူးညံ့ သိမ်မွေ့သော သဘောရှိ၏။ သင်တို့ စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်။ အကြောင်းမူကား ငါ့ထမ်းဘိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်း ပေါ့၏ ဟုမိန့်တော်မူ၏။" (မဿဲ ၁၁း၂၈-၃၀)
ကျွန်တော်တို့သည် အပြစ်နှင့် ပြည့်နေသော နေရာမှ ဘုရားသခင်ထံ ရွှေ့လျားဘို့ လိုအပ်ပါသည်။ ကိုယ့်ဆန္ဒ၏ အစေခံဘဝမှ ခရစ်တော်၏ အစေခံဘဝသို့ ရွှေ့လျားရပါမည်။ ထိုသို့ ရွှေ့လျားပါက အရှင်မြတ်သည် ကျွန်တော်တို့ထံ ရောက်ရှိလာမည်။ ထို့ထက်မက ကျွန်တော်တို့ အထဲတွင် အမြဲ ကိန်းဝပ် နေမည် ဖြစ်ပါသည်။

(ဂ) ကျွန်တော်တို့သည် ဝမ်းနည်းမှုများ ခံစား၍ ဆက်ကပ်ရမည်။

အပြစ်ရှိသာသူတို့ သင်တို့လက်ကို စင်ကြယ်စေကြလော့။ စိတ်နှခွ ရှိသောသူတို့ သင်တို့ စိတ်နှလုံးကို သန့်ရှင်းစေကြလော့။ ဆင်းရဲ ငြိုငြင်ခြင်း၊ စိတ်မသာညည်းတွားခြင်း၊ ငိုကြွေးမြည်တမ်းခြင်း၊ ရှိကြလော့။ သင်တို့ ရယ်ခြင်းကို စိတ်မသာ ညည်းတွားခြင်း၊ ဖြစ်စေကြလော့။ ဝမ်းမြောက်ခြင်းကိုလည်း ဝမ်းနည်းခြင်း ဖြစ်စေကြလော့။ (ယာကုပ် ၄း၈-၉)

အထက်ကျမ်းပိုဒ်တွင် လက်ဆေးပါဟု ဆိုထားပါသည်။ သင်သည် လက်ဆေးတတ်သော အကျင့် ရှိကောင်း ရှိပေလိမ့်မည်။ ကျွန်တော်လည်း သန့်ရှင်းခြင်းကို ကြိုက်ပါသည်။ မကြာခဏ လက်ဆေးပါသည်။ သို့သော် ဤကျမ်းပိုဒ်တွင် ပြောသကဲ့သို့ လက်ဆေးခြင်းတော့ မဟုတ်ပါ။ ရှင်ယာကုပ်ပြောသော လက်ဆေးခြင်းမှာ အခြားနည်းလမ်း တခု ဖြစ်ပေလိမ့်မည်။

ကျွန်တော်တို့ အပြစ်ရှိသောအခါ ပြန်လည် သန့်ရှင်းဖို့ လိုအပ်ပါသည်။ သန့်ရှင်းခြင်းကို ရရှိနိုင်သည့် နေရာ တစ်နေရာသာ ရှိပါသည်။

    "ထာဝရဘုရား မိန့်တော်မူသည်ကား လာကြ တရားစီရင်ကြကုန်အံ့။ သင်တို့ အပြစ်သည် နီသော အဆင်းရှိသော်လည်း မိုဃ်ပွင့်ကဲ့သို့ ဖြူလိမ့်မည်။ ကတ္တီပါနှင့် အမျှ နီသော်လည်း သိုးမွေးကဲ့သို့ ဖြစ်လိမ့်မည်။" (ဟေရှာယ ၁း၁၈) Marvin Vincent က ရေးသားခဲ့သည်မှာ "နောင်တရသည် ဆိုသည်မှာ မျက်ရည်ကျရုံ၊ ဝမ်းနည်းရုံသာ မဟုတ်ပါ။ နောင်တရခြင်း ဆိုသည်မှာ ဝမ်းနည်းခြင်းမှ လုပ်ဆောင်ခြင်းသို့ ပြောင်းလဲ ခြင်းဖြစ်ပြီး ပိုမိုကောင်းမွန်သော အသက်တာသို့ ဆီသို့ ပြောင်းရွှေ့ခြင်းသာ ဖြစ်သည်။

စစ်မှန်သော နောင်တ ဆိုသည်မှာ ကျွန်တော်တို့၏ အသက်ရှင်မှုထဲတွင် သန့်ရှင်းခြင်း ရှိစေရန် ဘုရားသခင်ကို တစ်စုံတစ်ရာ လုပ်ဆောင်ခွင့် ပေးခြင်း ဖြစ်သည်။
ထို့ကြောင့် တမန်တော် ပေတရုက ပြောခဲ့သည်မှာ

    "သင်တို့၏ အပြစ်ကို လွတ်စေခြင်းငှါ နောင်တရ၍ တစ်ယောက်မျှ မကြွင်း ယေရှုခရစ်၏ နာမ၌ ဗတ္တိဇံကို ခံကြလော့။ သို့ပြုလျှင် သန့်ရှင်းသော ဝိညာဉ်တော် တည်းဟူသော ဆုကျေးဇူးတော်ကို ခံရကြလိမ့်မည်။" (တမန်တော် ၂း၃၈)

နောင်တရ၍ နှစ်ခြင်းခံခြင်းသည် ခရစ်တော်က ကျွန်တော်တို့ အသက်တာကို သန့်ရှင်းခြင်း ပြုလုပ်ပေးသည့် အစီအစဉ်တစ်ခုကို လက်ခံသော လုပ်ဆောင်ချက် တစ်ခုသာ ဖြစ်သည်။
ဆင်းရဲ ငြိုငြင်ခြင်း၊ စိတ်မသာညည်းတွားခြင်း၊ ငိုကြွေးမြည်တမ်းခြင်း၊ ဆိုရာတွင် ခရစ်တော်ထံ ရောက်ရှိလာသူ တိုင်းက အမှန်တကယ်တွင် အပြစ်အတွက် ငိုကြွေးပြီး ရောက်လာသူများ မဟုတ်ကြပါ။ သို့သော် မိမိတွင် အပြစ်ရှိသည်ကို အမှန်တကယ် သိရှိပြီဆိုပါက အမှန်တကယ် ဝမ်းနည်းသင့်သည်။ ကြေကွဲသင့်သည်။ ငိုကြွေးသင့်သည်။ ထိုသို့ အပြစ်အတွက် အမှန်တကယ် ဝမ်းနည်းကြေကွဲတတ်မှသာ ကယ်တင်ခြင်း ရလိမ့်မည်။

ယနေ့တွင် ကမ္ဘာမည်သည့် နေရာမဆို အပြစ်ပြုလုပ်ရခြင်းကို ပျော်စရာတစ်ခုအဖြစ် ရှုမြင်ကာ  ပြုလုပ်နေကြကြောင်း တွေ့မြင်နေရသည်။ ဘုရားသခင်ကို အမှန်တကယ် ဆက်ကပ်လိုသူသည်    အပြစ်နှင့် ပတ်သတ်ပြီး ကြေကွဲတတ်သောသူ ဖြစ်သည်။

    မတရားသော မေထုန်၌ မှီဝဲခြင်း၊ အမျိုးမျိုးသော ကိလေသာ ညစ်ညူးခြင်း၊ လောဘ လွန်ကျူးခြင်း၊ အမှုတို့ကို သန့်ရှင်းသူတို့သည် ရှောင်သင့်သည့်အတိုင်း စကားဖြင့်မျှ မဆက်ဆံကြနှင့်။ မတော်မလျော်သော ညစ်ညူး ပြက်ပြယ်သော စကားများကိုလည်း ပယ်၍ ကျေးဇူးတော် ချီးမွမ်းခြင်း၊ စကားကို သုံးကြလော့။ (ဧဖက် ၅း၃-၄)


သင်ကိုယ်တိုင် နှိမ့်ချကာ ဘုရားသခင်၏ မျက်မှောက်တော်သို့ တိုးဝင်ချဉ်းကပ်ပါ။ ထိုအရာသည် မဖြစ်မနေ အလွန်အရေးကြီးပါသည်။ မာနကြီးသောသူများ ကယ်တင်ခြင်းရဖို့ မဖြစ်နိုင်ပါ။
"ကျမ်းစာထဲတွင် ပျောက်သောသား အဖြစ်အပျက်ထဲမှ သားငယ်၏ အခြေအနေမျိုးကို မည်သူမျှ ကြိုက်မည်မဟုတ်ပါ။ ဝက်စာကိုပင်လျှင် မစားနိုင်သော အခြေအနေမျိုးကို စဉ်းစားကြည့်ပါ။ သို့သော် တစ်ခါ တစ်ရံ ကျွန်တော်တို့သည် သန့်ရှင်းသော အသက်တာမျိုးကို ရရှိရန် ဘုရားသခင်ရှေ့၊ ခရစ်တော်ရှေ့တွင် နှိမ့်ချဖို့ လိုအပ်ပါသည်။ တစ်ခါတစ်ရံသာ လုပ်ရမည့် အရာမဟုတ်ဘဲ နေ့စဉ်လုပ်ငန်းအဖြစ် သတ်မှတ် အသက်ရှင်ရမည်ဖြစ်သည်။

ကျွန်တော်တို့၏ နေ့စဉ်အသက်တာတွင် အပြစ်အတွက် ဝမ်းနည်း ကြေကွဲရမည်ဖြစ်သည်။

နိဂုံး

D.L Moody က ပြောခဲ့သည်မှာ "ဘုရားသခင်၏ ကြီးမားသော အသုံးတော်ခံ ဖြစ်စေပါ။ ဘယ်တော့မှ သေးငယ်သော အသုံးတော်ခံ မဖြစ်ပါစေနဲ့။ မိမိအသက်တာ၌ အပြစ်တရားထဲတွင် သေးငယ်သောသူ ဖြစ်သည်ဟု မိမိကိုယ်ကို အသိအမှတ် မပြုနိုင်သရွေ့ ဘုရားသခင်က အသုံးမပြုပါ" ဟူ၍ ပြောဆိုခဲ့ဖူးပါသည်။

အမှုတော်ဆောင်ကြီးတစ်ဦးကမူ "ငါဟာ ဘုရားသခင်အတွက် ဖြစ်တယ်။" "ငါဟာ ဘုရားသခင်အတွက် ဖြစ်တယ်။" ဟူ၍ မကြာခဏ ကြွေးကြော်ပေးပါဟု ပြောဘူးပါသည်။ ဘုရားသခင်သည် ကျွန်တော်တို့ အားလုံးတို့ကို အသုံးပြုနိုင်ပါသည်။ "ငါဟာ ဘုရားသခင်အတွက် ဖြစ်တယ်" ဟု ကြွေးကြော်၍ မိမိအသက်တာကို ဘုရားသခင်ထံတွင် ဆက်ကပ်ပါ။




Posted by Rev. ဦးမင်းလွင်

သမ္မာကျမ်းထဲတွင် တွေ့ရသော နှစ်ခြင်း (၃)မျိုး



 မိတ်ဆွေကို ကျွန်တော်သိနားလည်သလောက် နှစ်ခြင်း မင်္ဂလာ အကြောင်းကို အနည်းငယ်မျှ ပြောပြလိုပါသည်။ ကျွန်တော်နှင့် အတူ ကျမ်းစာက မည်သို့ ပြောဆိုသည်ကို လေ့လာ ကြည့်စေချင်ပါသည်။ ကျမ်းစာထဲတွင် နှစ်ခြင်းမင်္ဂလာ အမျိုးအစား (၃) မျိုး နှင့် ပတ်သတ်ပြီး သီခြားစီ ရေးသား ဖော်ပြ ပြောဆိုထားပါသည်။ နှစ်ခြင်းအမျိုးအစား တမျိုးစီတိုင်းသည် ယုံကြည်သူ တစ်ယောက်စီတိုင်းအတွက် တိုက်ရိုက် အကျိုး သက်ရောက် မှုများ ရှိနေပါသည်။ စစ်မှန်သော ယုံကြည်သူ ခရစ်ယာန် တစ်ဦး ဖြစ်လာရန် အတွက် အမျိုးအစား တစ်မျိုးစီသည် အဆင့်တစ်ခု အနေဖြင့် ဖြတ်သန်း လုပ်ဆောင်ရန် ဘုရားသခင် အလိုတော်ရှိပါသည်။ သေချာစွာ လေ့လာကြည့် ကြပါစို့။
၁။ နှစ်ခြင်းဆရာယောဟန်၏ နှစ်ခြင်း (မာကု ၁း၂-၄)
အနာဂတ္တိကျမ်းစာ၌လာသည်ကား၊ ကြည်ရှုလော့။ သင်သွားရာလမ်းကို ပြင်ရသော ငါ၏တမန်ကို သင့်ရှေ့၌ ငါစေလွှတ်၏။ တော၌ ဟစ်ကြော်သောသူ၏ အသံမှာ၊ ထာဝရဘုရား ကြွတော်မူရာလမ်းကို ပြင်ကြလော့။ လမ်းခရီးတော်ကို ဖြောင့်စေကြလော့ဟု လာသည်နှင့် အညီ၊ ယောဟန်သည် တော၌ ဗတ္တိဇံကို ပေးလျက်၊ အပြစ်လွှတ်ခြင်း အလို့ငှါ နောင်တနှင့် စပ်ဆိုင်သော ဗတ္တိဇံတရားကို ဟောလျက် ပေါ်ထွန်း၏။ (မာကု ၁း၂-၄)
ဗတ္တိဇံဆရာ ယောဟန်အကြောင်းကို ဓမ္မသစ်ကျမ်းတွင် ဖေါ်ပြထားသော်လည်း ဓမ္မဟောင်းကာလ၏ နောက်ဆုံး ပရောဖတ်တစ်ဦး ဖြစ်သည်ဟု သတ်မှတ်ရမည်လားဟု ကျွန်တော်တွေးတောမိပါသည်။ ဓမ္မဟောင်း ကာလတွင် ဗတ္တိဇံအကြောင်းကို လုံးဝဖော်ပြမှု မပြုခဲ့ပါ။ သို့သော်လည်း ကျွန်တော်တို့၏ ယေရှုခရစ်တော် ခေတ်တွင် ယုံကြည်သူတိုင်း ပြုလုပ်ရမည့် လက်တွေ့ကျသော ပုံမှန် လုပ်ငန်းစဉ် တစ်ခုအဖြစ် အသုံးပြု နေကြကြောင်း တွေ့ရှိရ ပါသည်။
ဂျူးလူမျိုးတို့အတွက် ဗတ္တိဇံဆိုသည်မှာ မည်သည့် အဓိပ္ပါယ်ရှိ ကြောင်းကို သိရှိနိုင်ရန်အတွက် ဂျူးလူမျိုးတို့၏ ဘာသာရေးနှင့် ပတ်သတ်သော အမြင် (Jewish Theology) ကို သိရှိရန်လို အပ်ပါသည်။ ဂျူးလူမျိုးတို့ကို ဘုရားသခင်က ယနေ့တိုင် ရွေးချယ်ထားသော လူမျိုး ကောင်းကြီးပေးနေသော လူမျိုးဖြစ်ကြောင်း ယုံကြည်နေ ကြဆဲ ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ ရွေးချယ်တော်မူသော လူမျိုး ဖြစ်နေသေးသည် ဆိုပါက ၄င်းတို့ အားလုံးသည် ကယ်တင်ခြင်း ရပြီးသား ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အာဗြဟံ၏ အမွေခံ သားသမီးများ ဖြစ်နေသောကြောင့် ဖြစ်သည်။ ထိုသို့ဆိုလျှင် သူတို့သည် နှစ်ခြင်း ခံစရာလည်း မလိုအပ်ပါ။ သို့သော်လည်း ပြောင်းလဲလာသော လူမျိုးခြား များမူကား သူတို့၏ သန့်ရှင်း မှုအတွက် လောက၏ အညစ်အကြေး များကို ဆေးကြော ရှင်းလင်းပစ်ဘို့ လိုအပ်သည်ဟု ဆိုပါသည်။ ဂျူးလူမျိုးတို့သည် ဗတ္တိဇံပေးရာတွင် ပေါ့ပေါ့တန်တန် မပြုလုပ်ကြပါ။ ထိုစဉ်အခါက နှစ်ခြင်းပေးရန် ဆောင်ရွက်ရာတွင် သက်သေခံလူများစွာ ရှိဘို့ အရေးကြီးသည်။ နှစ်ခြင်းခံမည့်သူသည်လည်း ပြင်ဆင်စရာပေါင်း မြောက်များစွာရှိသည်။ လက်သည်းများ ကြိုတင် လှီးဖြတ်ရသည်။ နှစ်ခြင်းခံမည့်သူသည် ယုံကြည်ခြင်းရှိကြောင်း လူတို့အလယ်တွင် သက်သေပြသနိုင် ရမည်ဖြစ်သည်။ နှစ်ခြင်းခံမည့်သူနှင့် လူများရှေ့တွင် ရေထဲ၌ ခြေစုံရပ်ကာ လက်နှစ် ဘက်ကို ဖြောင့်တန်းစွာ ရှေ့သို့ ထုပ်ထားပြီး မိမိကိုယ်မိမိ ရေထဲတွင် နှစ်လိုက်ရသည်။ ဤသည်မှာ ထိုခေတ်ကာလက နှစ်ခြင်းပေး သည့်ပုံစံဖြစ်သည်။ အထူးသဖြင့် ပြောင်းလဲလာသော သူများအတွက်ဖြစ်သည်။
ယောဟန်သည် တောကန္တာရတွင် အော်ဟစ်ကာ လူတို့သည် အပြစ်မှ ခွင်လွတ်ခြင်းခံရပြီး နောင်တတရား ရစေရန် နိုးဆော်ကာ သတိပေးခဲ့သည်။ ယောဟန်သည် ဂျူးလူမျိုးတို့၏ ဓလေ့ထုံစံထက်ပိုပြီး လူများ အားလုံးကို နှစ်ခြင်းခံရန် ဖိတ်ခေါ် ခဲ့သည်။ ဂျူးလူမျိုး များပင်လျှင် နှစ်ခြင်းခံရန် အော်ဟစ် သတိပေး နိုးဆော်ခဲ့သည်။ အပြစ်များကို ဝန်ခံပါ။ ခွင့်လွှတ်ခြင်း ရရှိရန် ဗတ္တိဇံ ခံယူပါဟု အော်ဟစ် သတိပေးခဲ့သည်။ အချို့ ခရစ်ယာန် အသင်း တော်များက ထိုအချက်ကို ယူပြီး ဘုရားသခင်၏ ခွင့်လွှတ်ခြင်းရပြီး ကယ်တင်ခြင်းရရန် နှစ်ခြင်းခံရမည်ဟု ပြော ဆိုသည်မှာ သံသယ ရှိစရာမလို။ သို့သော်လည်း ကျွန်တော်တို့ သိကြသည့်အတိုင်းပင် ကယ်တင်ခြင်းရရှိသည် ဆိုသည်မှာ  သာမာန်မျှသာ မဟုတ်။ ကယ်တင်ခြင်း ရရှိရန် ခရစ်တော်သာလျှင် အရေးကြီးပါသည်။ ခရစ်တော် ၏ ကားတိုင်တော်မှတစ်ပါး အခြားနည်းလမ်း မရှိပါ။
ဤနေရာတွင် ရှေး ဂျူးလူမျိုးများပင်လျှင် အသိအမှတ်ပြုထားသည်မှာ ရေနှစ်ခြင်းခံခြင်းဖြင့် ခန္ဓာကိုယ် သန့်ရှင်း စင်ကြယ်စေပြီး ဝိညာဉ်အတွက်မူကား ဖြောင့်မက်ခြင်း၊ နောင်တရခြင်း တို့ဖြင့်သာ သန့်ရှင်း စင်ကြယ်စေ ကြောင်း သိရှိထားကြပါသည်။ ဂျူးလူမျိုးတို့၏ စာပေများအရ ရေနှစ်ခြင်း ပြုလုပ်သည့် ရေသည် ကမ္ဘာလောကကြီး၏ ဝမ်းဗိုက်ကို ပုံဆောင်ပါသည်။ ပြောင်းလဲလာသော လူတစ်ဦးသည် နှစ်ခြင်းပေးသောအခါ ရေထဲက ပေါ်ထွက် လာသည်။ ထိုအရာသည်ကို ဆင်ခြင်ပါက ကမ္ဘာကြီးထဲမှ မွေးဖွားလာကာ ထွက်ပေါ်လာ၍ ခွဲထွက်သည် ဟု ယုံကြည် လက်ခံကြ ပါသည်။
ယောဟန် ၃း၁-၅ အထိတွင် နိကောဒင်နှင့် ခရစ်တော် သခင်ယေရှုတို့ စကားပြော ရာတွင် ခရစ်တော်က ဒုတိယ မွေးဖွားခြင်း အကြောင်းကို ဖော်ပြသည်။ နိကောဒင်းက နားမလည်သဖြင့် အမိဝမ်းထဲသို့ နောက်တဖန် ပြန်ဝင်ရ မှာလား ဟုမေးသည်။ ခရစ်တော်က "ရေနှင့် ဝိညာဉ်တော် မမွေးသောသူမည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်သို့ မဝင်ရဟု ငါအမှန်ကန်ဆို၏" ဟူ၍ ပြန်၍ ဖြေကြားခဲ့ပါသည်။ လူတစ်ယောက် နှစ်ခြင်း ခံခြင်းအားဖြင့် အခြေအ နေမှာ "အသစ်မွေးဖွားလာသောကလေး တစ်ဦး" (သို့မဟုတ်) "တစ်နေ့ထဲ ဖြစ်သောကလေး" တစ်ဦးဟု အသိအမှတ်ပြုကြပါသည်။ ထိုအသုံးအနှုံးသည် ဓမ္မသစ်ကာလ အသင်းတော်ခေတ်တွင် အသုံးပြုကြသော အသစ်မွေးဖွားခြင်း "Born again" အသစ်ပြုပြင်ခြင်း "New Creation" ကောင်းကင်မှ မွေးဖွားခြင်း "Born from above" ဟူသော စကားလုံးနှင့် ဆင်တူပင် ဖြစ်ပါသည်။ ယောဟန်၏ ဗတ္တိဇံမှာ သာမာန် "နှစ်ခြင်းယူသည်၊ နှစ်ခြင်းခံသည်" ဟူသော စကားလုံးများထက် ပိုမိုသည့် "နောင်တရသည်" အပြစ်မှ နောင်တရသည်" စသည့် သဘောမျိုး ဖြစ်ပါသည်။

၂။ ယေရှုခရစ်တော်၌ ပြုသောနှစ်ခြင်း (တမန်တော် ၁၆း၂၅-၃၄)
ထိုသူတို့ကလည်း သခင်ယေရှုခရစ်ကို ယုံကြည်လော့။ ယုံကြည်လျှင် သင်နှင့် သင်၏ အိမ်သူ အိမ်သားတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်ဟု ပြောဆိုလျက် ထိုသူမှစ၍ သူ၏အိမ်၌ ရှိသမျှသော သူတို့အား သခင်ဘုရား၏ နှုတ်ခပတ်တရားတော်ကို ဟောကြ၏။ (တမန် ၁၆း၃၀-၃၁)
အထက်ပါ ကျမ်းပိုဒ်ကို လေ့လာကြည့်ပါ။ ထိုအဖြစ်အပျက်သည် ကျမ်းစာထဲတွင် ကျွန်တော် အလွန်ကြိုက်သော အဖြစ်အပျက်တစ်ခု ဖြစ်ပါသည်။ ပေါလုနှင့် သိလသည် ထောင်ထဲသို့ ဧဝံဂေလိ ဟောပြောသောကြောင့် ရောက်ရှိ သွားလေသည်။ သို့သော်လည်း သူတို့သည် ဘုရားသခင်ကို ချီးမွမ်းနိုင်သေးသည်ကို တွေ့မြင်နိုင် ပါသည်။ သူတို့နှစ်ယောက်၏ ဂုဏ်တော်ချီးမွမ်းခြင်းသည် ထောင်တံခါးကြီးများကို ပွင့်သွားစေပါသည်။ ထိုသို့ ပွင့်သွားသောအခါ သူတို့နှစ်ယောက်အနေဖြင့် အနှောင်အဖွဲ့မှ လွတ်မြောက်ခွင့် ရလေသည်။ ထိုအခါ ထောင် မှူးသည် ထောင်သားများ လွတ်မြောက်သွားသောကြောင့် အပြစ်ရောက်မည်ကို ကြောက်သဖြင့် မိမိကိုယ်ကို အဆုံးစီရင်ရန် ပြင်ဆင်လိုက်လေသည်။ သို့သော်လည်း ပေါလုနှင့် သိလတို့က ထိုအဖြစ်ကို တားဆီးလိုက်သည်။ မိမိတို့ ထွက်မပြေးပါ ဟုပြောဆိုသောအခါ ထောင်မှူးသည် ပေါလုနှင့်သိလထံလာရောက်ပြီး ရှေ့မှောက်တွင် ပျက်ဝပ်သည်အထိ လေးစားရိုသေမှု ဖြစ်သွားပါသည်။ ထိုနောက် ထောင်မှူးက မိမိ အနေဖြင့် ကယ်တင်ခြင်းရရန် မည်သို့ ပြုလုပ်ရမည်နည်းဟု မေးမြန်သောအခါ "သခင်ယေရှုခရစ်ကို ယုံကြည်လော့။ ယုံကြည်လျှင် သင်နှင့်သင်၏ အိမ်သား တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်" ဟုပြောဆိုလေသည်။ ထောင်မှူးသည် ယေရှုခရစ် တော်ကို မိမိ၏ ကယ်တင်ပိုင်ရှင်နှင့် အရှင်သခင်အဖြစ် ယုံကြည်ကာ နှစ်ခြင်းခံသဖြင့် အသစ်သော အသက်တာ ကို ရရှိခံစားရလေတော့သည်။ အထက်တွင် ပါဝင်သော အဆင့်များနှင့် အဖြစ်အပျက်များကို သေချာစွာ ကြည့် စေလိုပါသည်။ ပထမ ဦဆုံး အနေဖြင့် နောင်တရဘို့ရန်မှာ အဓိက အရေးကြီးဆုံး ဖြစ်ပါသည်။ ကျွန်တော်တို့သည် အရင် ဘဝဟောင်း ဖြစ်သည့် ညစ်ညူးသည့် အခြေအနေမှ အမြန်ဆုံး ပြန်လှည့်လိုသော စိတ်ပြင်းပြသည့် စိတ် ဆန္ဒ ရှိရန် အရေးကြီးပါသည်။ ထိုအခြေအနေသို့ ရောက်ပြီဆိုလျှင် ခရစ်တော်၌ အသစ်ပြု ပြင်သော အသက် တာကို ရရှိပြီ ဖြစ်ပါသည်။ တစ်စုံ တစ်ယောက်သည် ခရစ်တော်၌ ရှိနေပြီဆိုလျှင် အသစ်သော အသက်တာကို ရရှိပြီ ဖြစ်ပါသည်။ သင်သည် ခရစ်တော်ကို အရှင်သခင်နှင့် ကယ်တင်ရှင် အဖြစ် ကိုးစား ခိုလှုံလျှင် ခရစ်တော်၌ နှစ်မြှပ် ထားပြီး ဖြစ်သည်။ သင်သည် ခရစ်တော်၏ ဖုံးအုပ်ခြင်း၊ ဝါးမျိုခြင်း ခံလိုက်ရပြီ ဖြစ်သည်။ ထိုအခြေအနေ မျိုးကို ကျမ်းစာထဲ၌ ဂလာတိ ၂း၂၀ တွင် ဖော်ပြ ထားသည်မှာ
ငါသည် ခရစ်တော်နှင့် အတူ လက်ဝါးကပ်တိုင်မှာ အသေခံပြီ။ သို့သော်လည်း အသက်ရှင်သေး၏။ ထိုသို့ ဆိုသော် ငါသည် ကိုယ်တိုင်မရှင်၊ ခရစ်တော်သည် ငါ၌ ရှင်တော်မူ၏။ ကိုယ်ခန္ဓာ၌ ယခုငါရှင် သော အသက်သည် ဘုရားသခင်၏ သားတော်ကို ယုံကြည်ခြင်းအားဖြင့်တည်၏။ သားတော်သည် ငါ့ကိုချစ်၍ ငါ့အဘို့ ကိုယ်ကို စွန့်တော်မူ၏။ ဘုရားသခင်၏ ကျေးဇူတော်ကို ငါမပယ်။ ပညတ်တရား (ဂျူးလူမျိုးတို့၏ ထုံးစံများနှင့် ကျင့်စဉ်များ) ကို အမှီပြု၍ ဖြောင့်မက်ရာသို့ ရောက်နိုင်လျှင် ခရစ်တော် သည် အချည်းအနှီး အသေခံတော်မူပြီ။ (ဂလာတိ ၂း၂၀-၂၁)
ရှင်ပေါလုသည် ရောမမြို့ရှိ အသင်းတော်ကို ရေးသားလိုက်သော စာထဲတွင်
ယေရှုခရစ်၌ ဗတ္တိဇံကို ခံသောသူရှိသမျှတို့သည် အသေခံတော်မူခြင်း၌ ဗတ္တိဇံကို ခံကြသည်ဟု သင်တို့ မသိသလော။ ထိုကြောင့်၊ အသေခံတော်မူခြင်း၌ ဗတ္တိဇံကို ခံသောအားဖြင့်၊ ထိုသခင်နှင့်အတူ သင်္ဂြိုလ်ခြင်းကို ခံကြ၏။ အကြောင်းမူကား၊ ခရစ်တော်သည် ခမည်တော်၏ ဘုန်းတန်ခိုးအားဖြင့် သေခြင်းမှ ထမြောက်တော်မူသည် နည်းတူ ငါတို့သည်လည်း အသစ်သော အသက်၌ ကျင်လည် ရကြသတည်း။ (ရောမ ၆း၃-၄)
ထိုအတွေ့အကြုံကို ယနေ့ကျွန်ုပ်တို့ထဲမှ အချို့သည် ခံစားပြီး ဖြစ်ပေလိမ့်မည်။ ကျွန်တော်တို့၏ နှစ်ခြင်းခံ ခြင်းသည် ယေရှုခရစ်တော်၏ အသေခံခြင်းကို ထပ်တူပြုနေခြင်း ဖြစ်သည်။ ရေထဲသို့ နှစ်လိုက်ခြင်း သည် ယေရှုခရစ်တော်၏ သင်္ဂြိုလ်ခြင်းကို ထပ်တူပြုနေခြင်းဖြစ်သလို၊ နှစ်ပြီးနောက် ရေထဲမှ ပြန်ထွက်ပေါ် လာခြင်း သည် ယေရှုခရစ်တော်၏ ထမြောက်ခြင်းကို ထပ်တူပြုနေခြင်းဖြစ်သည်။
ကောလောသဲမြို့ရှိ အသင်းတော်သို့ ရေးသားပေးပို့သော စာထဲတွင် ရှင်ပေါလုက
အထွဋ်အမြတ် အာဏာစက် ရှိသမျှကို အုပ်စိုးတော်မူသော ထိုသခင်၌ သင်တို့သည် စုံလင်ခြင်း ရှိကြ ၏။ ခရစ်တော်၏ အရေဖျား လှီးခြင်းအားဖြင့် ဇာတိ ပကတိ အပြစ်၏ ကိုယ်ကို ပယ်ရှင်၍ လက်ဖြင့် မလုပ်သော အရေဖျား လှီးခြင်းကို ထိုသခင်၌ သင်တို့သည် ခံကြသည်ဖြစ်၍ ဗတ္တိဇံအားဖြင့် ထိုသခင် နှင့်အတူ သင်္ဂြိုလ်ခြင်းကို ခံကြ၏။ ခရစ်တော်ကို သေခြင်းမှ ထမြောက် စေတော်မူသော ဘုရားသခင်၏ ပြုပြင် အားထုပ်တော်မူခြင်းကို ယုံကြည် သောအားဖြင့် ဗတ္တိဇံကို ခံ၍ ထိုသခင်နှင့်အတူ ထမြောက်ခြင်း သို့ေ၇ာက်ကြ၏။ (ကောလော ၂း၁၀-၁၂)
အထက်ပါ ကျမ်းပိုဒ်ကို ကြည့်ခြင်းအားဖြင့် သခင်ယေရှု လုပ်ဆောင်သမျှသော အရာတိုင်းသည် ယုံကြည်သော ကျွန်တော်တို့၏ အသက်တာထဲတွင် အလိုအလျှောက် အကျိုးသက်ရောက်ပြီး ဖြစ်သည်။ ကျွန်တော်တို့ သန့်ရှင်း ခြင်း ရှိစေရန် ထိုသခင်သည် ကျွန်တော်တို့ အတွက်ပင်လျှင် အရေးဖျား လှီးခြင်းကို ပြုလုပ်ပြီး ဖြစ်ကြောင်း ဖော်ပြ ထားသည်။

၃။ သန့်ရှင်းသော ဝိညာဉ်တော်၏ နှစ်ခြင်း (တမန် ၁၉း၁-၇)
ကျမ်းစာထဲမှ အမျိုးမျိုးသော နှစ်ခြင်းများ အကြောင်းများကို တမန် ၁၉း၁-၇ တွင် တွေ့ရပါသည်။ ထိုကျမ်းပိုဒ်တွင် ဧဝံဂေလိ လိုက်လံဟောပြောသော အာပေါလုသည် ဧဖက်မြို့တွင် ရောက်ရှိလာသောအခါ တပည့်တော်များကို သန့်ရှင်းသော ဝိညာဉ်တော် ခံရပြီလားဟု မေးမြန်ခဲ့သည်။ ထိုအခါ "တပည့်တော်များက ကျွန်တော်တို့ အဲဒီအရာတွေကို မသိပါ၊ နားမလည်ပါ။" ဟုပြန်လည်ပြောဆိုသောအခါ ဘယ်လို နှစ်ခြင်းမျိုးကို ခံယူထားသလဲဟု မေးရာ ဗတ္တိဇံဆရာ ယောဟန်ရဲ့ ဗတ္တိဇံကို ခံထားကြောင်း ပြန်လည်ပြောလိုက်ပါတယ်။ ထိုအခါ အာပေါလုက ပြန်လည်၍ ယောဟန် ပြောခဲ့သော တရားဟောချက် အချို့ကို ပြန်လည် ပြောပြလိုက်ပါတယ်။ ယောဟန် ပြောခဲ့သော အချက်မှာ ငါ့နောက်ကြွလာသောသူကို ယုံကြည်ရမည်ဟု ဆိုကာ နောင်တနှင့် စပ်ဆိုင်သော ဗတ္တိဇံကို ပေးခဲ့သည်။ နောက်တွင် ကြွလာမည့်သူမှာ ခရစ်တော်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ထိုတရားဟောချက်ကို ကြားကြသော လူများတို့သည် ခရစ်တော်၌ နှစ်ခြင်းခံကြပြန်သည်။ ပြီးသောအခါ အာပေါလုက ထိုလူတို့အတွက် ဆုတောင်း ပေးသောအခါ သန့်ရှင်းသော ဝိညာဉ်တော် ကျရောက် လာကြောင်း ရေးသား ထားပါသည်။ အရေအတွက်အားဖြင့် (၁၂) ယောက် ရှိကြောင်း ဖော်ပြထားပါသည်။
ရှင်မဿဲ ခရစ်ဝင်ကျမ်းတွင် ရေးသားထားသော အကြောင်းအရာကို သေချာစွာ ဖတ်ကြည့်ပါ။ ဗတ္တိဇံဆရာ ယောဟန်သည် အောက်ပါအတိုင်း ပရောဖတ် ပြုထားကြောင်း တွေ့ရသည်။
ငါသည် နောင်တအဘို့ အလို့ငှါ သင်တို့ကို ရေနှင့် ဗတ္တိဇံကို ပေး၏။ ငါ့နောက် ကြွလာသောသူသည် ငါ့ထက် တတ်စွမ်းနိုင်၏။ ထိုသူ၏ ခြေနင်းတော်ကိုမျှ ဆောင်ခြင်းငှါ ငါမထိုက်။ ထိုသူသည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ၄င်း၊ မီးနှင့်၎င်း၊ သင်တို့ကို ဗတ္တိဇံပေးမည်။ (မဿဲ ၃း၁၁))
ယေရှုခရစ်တော်သည် သန့်ရှင်းသော ဝိညာဉ်တော်၌ ဗတ္တိဇံပေးသောသူပင် ဖြစ်ပါသည်။ ကျွန်တော် အထက်တွင် ဖော်ပြခဲ့သော ထူးခြားသည့် ဗတ္တိဇံ အမျိုးအစား (၃) မျိုး စလုံးကို ပြန်လည် ဆန်းစစ်ကြည့်ပါ။ အောက်ပါအတိုင်း မြင်တွေ့နိုင်ပါသည်။
ယောဟန်၏ ဗတ္တိဇံ             ။နောင်တရရန် ဦးတည်ပါသည်။ နှလုံးသား ပြောင်းလဲရန် လိုအပ်ပါသည်။
ယေရှု၌ ဗတ္တိဇံ                   ။ရေဗတ္တိဇံ အဖြစ်လူသိများပါသည်။ နှစ်ခြင်းခံခြင်း၏ အနှစ်သာရမှာ ကျွန် တော်တို့၏ ပြောင်းလဲမှု (ယေရှုခရစ်တော်နှင့် အတူ ကောင်းကင် အရပ်တွင် နေရာ ရရှိသည် ဆိုသော နေရာရရှိမှု) ကို ပုံဆောင် ပါသည်။
သန့်/ဝိ ၏ ဗတ္တိဇံ                ။ယေရှုခရစ်တော်က ပေးသော တန်းခိုးနှင့် ပြောင်းလဲခြင်း၏ ရလဒ် တစ်ခု ဖြစ်ပါသည်။ {သန့်/ဝိ ဆင်းသက်သောအခါ တန်ခိုးကို ခံရပြီး မြေကြီးစွန်း တိုင်အောင် ငါ၏ သက်သေဖြစ်မည် ဆိုသော တန်းခိုး (တမန် ၁း၈)}
နောက်ဆုံး ဖော်ပြသော  ဗတ္တိဇံ အမျိုးအစားသည် မည်သူတို့ အတွက် ဖြစ်ပါသနည်း။ ယုံကြည်သူ အားလုံးတို့ အတွက် ဖြစ်ပါသည်။ တမန်တော် ၂း၃၉ တွင် တမန်တော်ကြီး ရှင်ပေတရု ဟောပြော ဖွင့်ပြထားသည်မှာ
ပေတရုကလည်း သင်တို့၏ အပြစ်ကို လွတ်စေခြင်းငှါ နောင်တရ၍ တစ်ယောက်မျှ မကြွင်း၊ ယေရှု ခရစ်တော်၏ နာမ၌ ဗတ္တိဇံကို ခံကြလော့။ သို့ပြုလျှင် သန့်ရှင်းသော ဝိညာဉ်တော် တည်းဟူသော ဆု ကျေးဇူးတော်ကို ခံရကြလိမ့်မည်။ အကြောင်းမူကား၊ ဂတိတော်သည် သင်တို့နှင့်၎င်း၊ သင်တို့၏ သား သမီးတို့နှင့်၎င်း၊ ဝေးသောသူ တို့တွင် ငါတို့၏ ဘုရားသခင် ထာဝရ ဘုရား ခေါ်တော်မူသမျှသော သူတို့နှင့်၎င်း ဆိုင်သည်ဟု ဟော၏။ (တမန် ၂း၃၉)
တမန်တော်ကြီး ရှင်ယောဟန်သည်လည်း သခင်ယေရှုခရစ်တော်ထံမှ တိုက်ရိုက်သွန်သင်ချက်ကို ရရှိပြီး အောက်ပါအတိုင်း ပြန်လည် ရေးသား ဖော်ပြခဲ့ပြန်ပါသည်။
ငါအမှန်အကန် ဆိုသည်ကား၊ ငါသွားလျှင် သင်တို့ အကျိုးရှိလိမ့်မည်။ အကြောင်းမူကား၊ ငါမသွား လျှင် ဥပဇ္ဈာယ် ဆရာသည် သင်တို့ဆီသို့ မလာ။ ငါသွားလျှင် ထိုသူကို သင်တို့ဆီသို့ ငါစေလွှတ်မည်။ (ယောဟန် ၁၆း၇)
သမ္မာတရားနှင့် ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့ အား အကြွင်းမဲ့ သွန်သင် ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျှောက် ဟောပြောမည် မဟုတ်။ ကြားသမျှတို့ကို ဟောပြော လိမ့်မည်။ နောင်လာလတံ့သော အရာတို့ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည်။ (တမန် ၁၆း၁၃)
အကျဉ်းချုပ်အားဖြင့် ထပ်မံဖော်ပြပါဦးမည်။
၁။    ယောဟန်၏ ဗတ္တိဇံမှာ အပြစ်သားများ နောင်တရဘို့ အတွက် အဓိက ရည်ရွယ်ချက် ဖြစ်ပါသည်။
၂။ ယေရှုခရစ်၌ ဗတ္တိဇံသည် ယေရှုခရစ်တော် ပြုလုပ်သော ကျွန်တော်တို့၏ အတွင်း စိတ်နှလုံး ပြောင်းလဲစေမှုကို လူအများ ရှေ့တွင် ဝန်ခံခြင်း ပြုလုပ်ရန် ရန်ရွယ်ပါသည်။
၃။      ယေရှု ခရစ်တော် ပေးတော်မူသော သန့်ရှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံမှာ မည်သည့် အဓိပ္ပါယ် ဖြစ်ပါသနည်း။
©       မြေကြီးစွန်းတိုင်အောင် သက်သေဖြစ်ရန်
©       တန်ခိုးကို ခံရရန်
©       ကျွန်တော်တို့ အသက်တာထဲမှာ သန့်/ဝိ ဖွင့်ပြသော နှုတ်ခပတ်တော်ဖြင့် ခွန်အားပေးရန်
©       ဘုရားသခင်နှင့် အတူ လျှောက်လှမ်းရန်
©       သန့်/ဝိ သည် ကြီးမားသော အမှုများကို သင်၏ အသက်တာထဲတွင် ပြုလုပ်ရန်
©       ပျောက်ဆုံး ဝိညာဉ်များအတွက် ပြင်းပြသော စိတ်ဓါတ်ခွန်အားနှင့် ဘုရားသခင်ထံ ပြန်ပို့ရန်
©       နှုတ်ခပတ်တော် ဆာငတ်လာရန်
©       အသင်းတော်၏ အနာဂါတ်အတွက် မျှော်လင့်ချက်များ ဖြစ်လာရန်
မိတ်ဆွေ၏ အသက်တာအတွက် စစ်မှန်သော ယုံကြည်သူ တစ်ဦးအနေဖြင့် အသက်ရှင်နိုင်ရန် သမ္မာကျမ်းစာ တွင် တွေ့ရသော ဗတ္တိဇံ (၃)မျိုးက သွန်သင်နေသည်။
  • အပြစ်အတွက် နောင်တရပါ။
  • လူရှေ့ ဘုရားရှေ့တွင် ဝန်ခံပါ။
  • တန်ခိုးနှင့် ပြည့်ဝသော ခရစ်ယာန်တစ်ဦး အဖြစ် အသက်ရှင်ပါ။

နှစ်ခြင်း (၃)မျိုးကို သိကျွမ်းပြီးနောက် အသက်တာကို တည်ဆောက်နိုင်သူများ ဖြစ်ကြပါစေ။ အယောက်စီတိုင်းကို ဘုရားသခင် ကောင်းကြီးပေးပါစေ။

Rev ဦးမင်းလွင်

Share

Twitter Delicious Facebook Digg Stumbleupon Favorites